"မသောက်နိုင်တဲ့သူ
အများကြီးသောက်စရာမလိုဘူး"ဒီအပတ်က မေဂျာအသီးသီးမှာ
ကျောင်းသားသစ်ကြိုဆိုပွဲရှိတာမို့လို့ စာသိပ်မသင်။
ဂယူဗင်းတို့မေဂျာကလည်း ကျောင်းသားသစ်
ကြိုဆိုပွဲကျင်းပနေပြီး ဒုတိယအချီအဖြစ်
စားသောက်ဆိုင်တစ်ဆိုင်ကိုငှားကာ
မေဂျာတူကျောင်းသားတွေအချင်းချင်း
စားကြသောက်ကြလုပ်နေတာဖြစ်သည်။ ထောင့်နားမှာထိုင်နေသည့် ဂယူဗင်းက
နှစ်ဝိုင်းကျော်လောက်မှာ တစ်ခွက်ပြီး
တစ်ခွက်သောက်နေသည့် ဂွန်းနုကိုမြင်တော့ မဆီမဆိုင် ချွမ်းရွေ့ကိုတောင် သတိရသွားသည်။
မေဂျာမတူသည့် ချွမ်းရွေ့က အခုလောက်ဆို
သူ့မေဂျာကလူတွေနဲ့ ပျော်နေမှာသိပေမဲ့
တစ်ယောက်တည်းဆိုရှက်ပြာဖြစ်တတ်လွန်းသည့်ကောင်လေးကို. ဂယူဗင်းက စိတ်မချ။ သို့သော်
သူသည် ဂရုစိုက်ပေးဖို့ကလည်း မဖြစ်နိုင်တော့။သူ့စိတ်သူမသိသေးသည့် အခြေအနေမျိုးမှာ
ဂယူဗင်းသည် ငယ်သေးသည့် ချွမ်းရွေ့ကို
ဒုက္ခတောထဲဆွဲချတာမျိုးမဖြစ်စေချင်။
အမှန်၀န်ခံရရင် ဂယူဗင်းသည်
ယောကျာ်းလေးတွေကို ကြိုက်ဖူးတာမျိုးမရှိ၊တွဲဖူးတာလည်းမရှိဖူးဘူး။အထက်တန်းမှာ စတွဲခဲ့ဖူးသည့် အချစ်ဦးသည် ကောင်မလေးတစ်ယောက်ဖြစ်ပြီး အခုချိန်ထိ သူငယ်ချင်းကောင်းအဖြစ် အဆက်အသွယ်ရှိနေသေးသည်။ တက္ကသိုလ်ဒုတိယနှစ်လောက်မှာလည်း စီနီယာအစ်မတစ်ယောက်နဲ့
တွဲခဲ့ဖူးပြီး တတိယနှစ်လောက်မှာ ပြတ်သွားခဲ့သည်။
ရည်းစားအတိတကျမရှိခင်ကာလမှာ အီစီကလီလုပ်ဖူးသမျှသည်လည်း ကောင်မလေးတွေပဲဖြစ်သည်။
အခုချိန်ထိလည်း ဂယူဗင်းကိုယ်တိုင်က
မိန်းကလေးတွေကိုကြိုက်တယ်လို့ တွေးခဲ့ဖူးတာ။
သို့သော် အဲဒီအတွေးတွေက မမှန်ကန်ကြောင်းကို လွန်ခဲ့တဲ့လတွေကမှ တွေ့ခဲ့ဖူးသည့်
ချွမ်းရွေ့က သက်သေပြနေသည်။သူ့အကျင့်အတိုင်း ချွမ်းရွေ့နဲ့နီးစပ်အောင်
ခြေလှမ်းလှမ်းခဲ့ပေမဲ့ ချွမ်းရွေ့အပြုအမူတွေ၊
အကျင့်လေးတွေက ဂယူဗင်းကို အချိန်တိုအတွင်း
စိုးမိုးလာခဲ့သည်ကို သူမညာချင်။ထိုကောင်လေးကို
မမြင်ရရင်တွေးနေမိပြီး မျက်စိရှေ့မှာဆို
ဘေးလူတွေကို လျစ်လျူရှုထားသည်အထိ
တစိမ့်စိမ့်ကြည့်ကာ ဂရုစိုက်ပေးချင်သည်။
အပျော်သဘောကျသည့်စိတ်လေးက
တဖြည်းဖြည်းပိုနစ်၀င်သိမ့်သည်းလာတော့
ဂယူဗင်းသည် ချွမ်းရွေ့ကိုဆို အထိခိုက်မခံနိုင်တော့။
ဟယ်ယွန်းပြောပြသည့် ချွမ်းရွေ့မိသားစုအကြောင်းကိုကြားပြီးနောက် ဂယူဗင်းသည်
ပထမဆုံးအကြိမ် မထိုက်တန်ခြင်းက ဘာဆိုတာကို
လက်တွေ့ကြုံဖူးခဲ့သည်။ချစ်မိသွားတဲ့အခါမှာ
လူကအလိုလိုအားနည်းလာတတ်သည်။
သူ့အခြေအနေကို သိနေတော့
ချွမ်းရွေ့ကို သူ့ဘ၀ထဲ ခေါ်ဖို့က မဖြစ်နိုင်၊
ဂယူဗင်းမလုပ်နိုင်။ချစ်နေတဲ့ကောင်က သူမို့လို့
ချစ်ရတဲ့သူကိုအစွမ်းကုန်ဖြည့်ဆည်းပေးချင်သည်။အခုလက်ရှိမှာ ဂယူဗင်းသည် ဒီလိုအခြေအနေမှာ
မရှိ။ဇိမ်ခံကားပေါ်ကဆင်းလာသည့်
ချွမ်းရွေ့ကို သူ့ကိုယ်ပိုင်စက်ဘီးတစ်စီးပေါ်ကို
ဂယူဗင်းမတင်ချင်။ဖြူဖြူအုအုလေးကို ဂယူဗင်းက အခန်းငယ်ထဲမှာ ထားပြီး မချစ်ပေးချင်။
အတူတူကြိုးစားဖို့ထက် သူတစ်ယောက်တည်းရုန်းရင်းသာ ချစ်ရသူကို အကောင်းဆုံးတွေပေးချင်သူ။