ခေါင်းထဲမှာရှိသည့် အဖြေတွေကို တန်းစီချရေးပြီးတာနဲ့ ချွမ်းရွေ့သည် စာမေးပွဲခန်းထဲကနေ
တချိုးတည်းနောက်လှည့်မကြည့်ဘဲ
ပြေးထွက်လာသည်။ နောက်ဆုံးစာမေးပွဲဖြေပြီးရင် သူငယ်ချင်းတွေနဲ့ ထွက်လည်ကြတာ
သဘာ၀ပေမဲ့ချွမ်းရွေ့သည် လာကြိုမယ့်လူ
တစ်ယောက်ကို ကျောင်းရှေ့ထွက်စောင့်ချင်နေပြီ။ဂွန်းနုကို ငါ ပြန်နှင့်နေပြီ ဆိုသည့် စာတစ်စောင်ပို့ပြီး
ကျောင်းရှေ့အထွက် ကျောင်း၀န်းထဲ လူရှင်းနေ
လေသည်။ဒီကျောင်းကြီးသည် ကိုကို မရှိတော့သည့်
နှစ်တွေအတွင်းမှာ ချွမ်းရွေ့အတွက်တော့
သဘောကျစရာသိပ်တော့ မကောင်းခဲ့။ "စီနီယာ ချွမ်းရွေ့"
မျက်မှန်တပ်ထားသည့် သေးသေးသွယ်သွယ်
ကောင်မလေးတစ်ယောက်။ ဒီနှစ်တွေအတွင်း
ချွမ်းရွေ့ မျက်လုံးရှေ့ကို တစ်မျိုးတစ်ဖုံရောက်
လာတတ်လို့ ချွမ်းရွေ့ကတောင် မှတ်မိနေသည်။"ညီမလေး ဘာကိစ္စရှိလို့လဲ "
ရိုင်းတယ်လို့ထင်ရသည့်အပြုအမူပေမဲ့ သူသည်
မထိန်းနိုင်သလို နာရီကို တစ်ချက်ကြည့်လိုက်သည်။ ဒါကိုမလုံလောက်ဘူးလို့ ထင်ရလောက်အောင် ကျောင်းရှေ့ကိုလည်း တစ်ချက် မျှော်ကြည့်လိုက်သေးသည်။"စီနီယာ ကိုပြောစရာရှိလို့"
မျက်မှန်ကိုင်းကိုပင့်ပြီး သူ့မျက်လုံးတွေကို
တည့်တည့်ကြည့်လာသည်က စူးရဲသည့်
ကျားပေါက်လေးလို၊ ကိုကိုမရှိသည့်နောက်
လူကြီးလို နေတတ်လာသည့် ချွမ်းရွေ့သည်
အခြေအနေကို သဘောပေါက်လိုက်သည်။
တစ်ချိန်တည်းက ကိုကိုရှေ့မှာ သူသည်လည်း
ဒီလိုအလုပ်မျိုးကို လုပ်ခဲ့ဖူးသည်လေ။"ညီမ စီနီယာကို သဘောကျတယ်၊ စတွေ့ကတည်းက သဘောကျတာပါ။ စီနီယာတော့
သတိမထားမိလောက်ဘူးဆိုပေမဲ့ စီနီယာ
ညီမတို့ အဆောင်ကို လာလာနေကတည်းက
ညီမ စီနီယာကို သတိထားမိနေတာ။စီနီယာ
မျက်မှန်ကိုင်း ပင့်တင့်တာကိုရော စီနီယာစကား
ပြောတဲ့ပုံစံကိုရော အကုန် သဘောကျတယ်။ ကျောင်းပြီးသွားရင် ထပ်ပြီး မတွေ့ရတော့ဘူးလို့ ထင်လို့ မပြောလိုက်ရရင် နောင်တရပြီး
ကျန်ခဲ့မှာဆိုးလို့"