အပိုင်း ၃။ အချစ်ကိုရှာဖွေခြင်း
စုရှောင်ဖေးသည် သူမ၏စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်စွာ ထားကာ သူမ၏ဘေးပတ်ပတ်လည်ကို သုံးသပ်ကြည့်လိုက်၏။
အရာအားလုံးသည် သဘာဝအတိုင်းသာ ဖြစ်ပျက်နေလေရာ ယခုအဖြစ်အပျက်ကြီးအတွက်လည်း အဖြေတစ်ခု ရှိကိုရှိပေလိမ့်မည်။
သူမ အိပ်မက်ကမ္ဘာထဲ ရောက်လာခြင်းပေလော? သို့မဟုတ်ပါက ဝိညာဉ်လွင့်ခြင်းပေလော။
သို့သော်ငြား သူမသည် မျောလွင့်နေသကဲ့သို့ ခံစားမနေရပဲ အကြားအာရုံများသည်လည်း အကောင်းတိုင်းပင် ရှိသေး၏။ ခြွင်းချက်မှာမူ စုရှောင်ဖေးတစ်ယောက် ကြက်သီးတဖြန်းဖြန်း ထနေခြင်းပင်။ သူမသည် သစ်ပင်များ၏ ရနံ့ကိုလည်း ခံစားနိုင်သေးသည်သာမက မြေသင်းနံ့သင်းသင်းလေးကိုပါ ရရှိနေသေး၏။ ထို့အပြင် လွင့်လူးတိုက်ခတ်နေသော လေညင်းကလေး၏ လတ်ဆတ်မှုကိုလည်း ခံစားနိုင်သေးသည်။ထို့ကြောင့် အတိုချုံးပြောရပါလျှင် သူမ ယခု တွေ့ကြုံနေရသော အဖြစ်အပျက်ကြီးသည် အလွန်ပင် အသေးစိတ်ကျကာ လက်တွေ့ဆန်လွန်းလှသဖြင့် အိပ်မက်နှင့် လက်တွေ့ဟူ၍ပင် ခွဲခြားနိုင်ရန် ခက်ခဲလှ၏။
စုရှောင်ဖေးသည် အခေါက်ခေါက် အခါခါ စဉ်းစားသုံးသပ်သော်ငြား အိပ်မက်ပေလော၊ အမှန်ပေလော ဟူ၍ မဆုံးဖြတ်နိုင်ပါတော့ချေ။ သူမထံသို့ မည်သည့်အရာများ ဖြစ်ပျက်လာပါသနည်း။
ရှောင်ဖေးနှင့် မနီးမဝေးနေရာ၌ အစောပိုင်းမှ အမျိုးသားနှင့် အမျိုးသမီးတို့သည် ဆက်လက်စကားပြောနေကြဆဲပင်။
စုရှောင်ဖေးသည် အသက်၀၀ရှူလိုက်ကာ စိတ်လှုပ်ရှားနေမှုကို ထိန်းချုပ်လိုက်သည်။ ထို့အပြင် မလှမ်းမကမ်းရှိ စကားဝိုင်းထံသို့လည်း နားစွင့်နေသေး၏။ စကားပြောနေကြသည့် လေယူလေသိမ်းမှာ အလွန်ထူးဆန်းလှသော်ငြား ထိုစကားများကို အကုန်နားလည်နေသည့် စုရှောင်ဖေးမှာ မိမိကိုယ်ကိုယ် မယုံကြည်နိုင်ပင် ဖြစ်နေတော့သည်။
သူတို့ပြောသော အဖြစ်အပျက်များမှာ အဆိုပါအမျိုးသားကြီးသည် တောင်ကုန်းကို ဖြတ်အသွား အဆိုပါအမျိုးသမီးနှင့် တွေ့ခဲ့ရမှာ စတင်ခဲ့၏။ ထိုအမျိုးသမီးမှာ မုဆိုးတစ်ဦး၏လက်ထဲ၌ တစ်လကြာသည်အထိ ဖမ်းဆီးခံခဲ့ရပြီး နောက်ဆုံး၌ ကိုယ့်အားကိုယ်ကိုးကာ ထွက်ပေါက်ရှာရင်းဖြင့် နောက်ဆုံး၌ အဆိုပါအမျိုးသားနှင့် တွေ့ဆုံကာ ရုန်းထွက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအမျိုးသမီး၏ အမည်နာမမှာ လင်ရှန်းရှန်းဖြစ်ပြီး သူမသည် ကြောက်လန့်မှုကြောင့် ယခုထိတိုင် တုန်လှုပ်နေဆဲဖြစ်၏။ ကံကောင်းစွာဖြင့်ပင် သူမကို ကယ်တင်ခဲ့သည့် အမျိုးသားမှာ ကြင်နာတတ်သူဖြစ်ပြီး မမှောင်ခင် အိမ်ပြန်လိုက်ပို့ပေးမည်ဟု ကတိပေးလာခဲ့သည်။
စုရှောင်ဖေးသည် ထိုအမျိုးသမီး၏စကားများကို နားထောင်ရင်း စူးစူးစမ်းစမ်း ဖြစ်သွား၏။ ဤတောင်၌ မုဆိုးများလည်း ရှိနေပါသည်လော။
ထို့နောက်တွင်မူ ရှောင်ဖေးသည် ဒုက္ခရောက်နေသော အမျိုးသမီး၏ ရုပ်ရည်သွင်ပြင်ကို အကဲခတ်ကြည့်လိုက်သည်။ သူမသည် အနည်းငယ် ကြောက်ရွံ့နေဟန် ဖြစ်နေသေးသော်ငြား သပ်သပ်ရပ်ရပ် ၀တ်စားထားကာ ကြည့်ကောင်းသည့် အမျိုးသမီးတစ်ဦးဟု ကောက်ချက်ချရမည်။
စုရှောင်ဖေးသည် သစ်ပင်ပေါ်သို့ တက်လိုက်ပြီး စကားသံကောင်းကောင်း ကြားနိုင်မည့်၊ အသွင်အပြင်များကို ကောင်းကောင်း မြင်ရမည့် အနေအထားသို့ ရောက်သည်အထိ တိုးကပ်သွားလိုက်သည်။ သစ်ပင်မှာ အလွန်မြင့်ပြီး အခန့်မသင့် ပြုတ်ကျပါက လူအကောင်းပကတိအဆင့်မှ ခြေကျိုး၊ လက်ကျိုးဖြစ်သည်အထိ အသွင်ပြောင်းပေးနိုင်ပေ၏။ ရှောင်ဖေးသည် တက်ခဲ့မိသည့် ကိုယ့်ကိုယ်ကိုယ်ပင် အပြစ်တင်မိသွားသည်။ ဤသစ်ပင်ကြီးပေါ်မှ မြေပြင်စီသို့ အဘယ်နည်းဖြင့် မထိမခိုက် ဆင်းရပါမည်နည်း။
သူမသည် ဤတစ်နေရာထဲ၌ နေ,နေကာ သူမ နိုးထမည့်အချိန်ကို စောင့်နေရပါမည်လော။ သို့မဟုတ် သေမည့်အချိန်ကို မျှော်နေရပါမည်လော။ သူမ၏ ခြေချောင်းများသည် အေးစက်တောင့်ခဲနေကာ ခန္ဓာကိုယ်မှာလည်း ခပ်တောင့်တောင့် အနေအထားဖြစ်နေ၏။ သူမသည် ကိုယ့်ကိုယ်ကိုယ် အဆုံးသတ်သွားပြီဟူ၍ပင် ခံစားနေမိသည်။
သူမ အမှန်တကယ် သေဆုံးရပါက မည်သူက သူမအား လာကယ်ပါလိမ့်မည်နည်း။
သို့မဟုတ် ယခုကိစ္စသာ အိပ်မက်ကြီးတစ်ခု ဖြစ်နေပါလျှင် မည်သူက သူမအား အိပ်မက်မှ နိုးထရန် နှိုးဆော်နေလိမ့်မည်နည်း။
စုရှောင်ဖေးသည် မျက်လုံးကို မှိတ်လိုက်ကာ သူမ၏ခေါင်းထဲမှ ရောက်တတ်ရာရာ အတွေးများကို ရှင်းထုတ်လိုက်၏။ သူမ၏ ပတ်ပတ်လည်၌ မှောင်မိုက်နေသော တောအုပ်ကြီးနှင့် သူမ၏ရှေ့တွင်မူ အသက်ရှိနေသော လူနှစ်ဦးရှိလေရာ ရှောင်ဖေးသည် ဤအခွင့်အရေးအား အမိအရ ဖမ်းဆုပ်သင့်သည်ဟု ခံစားမိသည်။
"မိန်းကလေး?"
စုရှောင်ဖေးသည် တွေးရင်းတွေးရင်းဖြင့် ပတ်၀န်းကျင်ကိုပင် မေ့လျော့သွားပြီး ယောက်ျားတစ်ဦး၏အသံကို ရုတ်တရက် ကြားလိုက်မှသာ အသိဝင်လာခဲ့၏။
အသံလာရာမှာ သူမနှင့် အလွန်နီးကပ်နေပြီး သစ်ပင်အောက်မှ လာနေသည်ဟု သူမ၏စိတ်ထဲ၌ ခံစားနေရသည်။
ရှောင်ဖေးသည် သူမ၏အထင်ကို အတည်ပြုရန် သစ်ပင်အောက်သို့ ငုံ့ကြည့်လိုက်ချိန်၌ အစောပိုင်းက မီးပုံကြီးရှေ့၌ ရှိနေသူနှစ်ဦးမှ အမျိုးသားမှာ သူမရှိရာသစ်ပင်အောက်သို့ ရောက်ရှိနေကာ သူမကို မော့ကြည့်လျက်ရှိကြောင်း တွေ့လိုက်ရ၏။
သူမသည် ထိုသူ၏ ခြေသံများကိုပင် သတိမပြုမိခဲ့ချေ။
ထို့နောက်တွင်မူ ရှောင်ဖေးသည် မီးပုံကြီးရှိရာသို့ အကြည့်ရောက်သွားရာ ဒုက္ခရောက်နေသူ အမျိုးသမီးသည်လည်း သူမအား တအံ့တဩ ကြည့်နေကြောင်း တွေ့လိုက်ရသည်။ ထိုအမျိုးသမီးအား စုရှောင်ဖေး နားလည်ပါ၏။ ဤနေရာ၌ သစ်ပင်ပေါ်သို့ ရောက်နေသူတစ်ယောက်အား တွေ့ရလိမ့်မည်ဟု ထင်မှတ်ထားလိမ့်ပါမည်နည်း။
ထို့အပြင် ထိုအမျိုးသမီး၏ ၀တ်စားဆင်ယင်မှုနှင့် ယှဉ်လိုက်ပါက ရှောင်ဖေး၏ အ၀တ်အစားများမှာ အနည်းငယ် ထူးဆန်းလှပြီး ထိုအမျိုးသမီး၏ ဆံပင်မှာ ရှည်လျားနေသလောက် ရှောင်ဖေး၏ ဆံပင်လေးမှာ ခပ်တိုတိုမျှသာ ဖြစ်သည်။
"မိန်းကလေး" အမျိုးသားပျိုသည် ဩရှရှ အသံဖြင့် ရှောင်ဖေးအား ထပ်မံခေါ်လိုက်၏။ "ဘယ်လိုဖြစ်လို့ ဒီနေရာကို ရောက်နေရတာလဲ"
"ဘာကြောင့် ဒီနေရာကို ရောက်နေရတာလဲ" ဟူ၍လော။ ရှောင်ဖေးလည်း အကြောင်းအရင်းကို ယခုထိတိုင် အဖြေထုတ်မရပါချေ။
ရှောင်ဖေးသည် တစ်ချက်မျှ တွေဝေသွားကာ စဉ်းစားရခက်သွား၏။ သူမသည် မည်သို့သော အဖြေမျိုး ပေးသင့်ပါသနည်း။ အိပ်မက်ထဲရောက်နေသည်ဖြစ်စေ၊ ဝိညာဉ်လွင့်သွားသည်ဖြစ်စေ အဖြေတစ်ခုခုအား ပေးကိုပေးသင့်ဟု သူမ ထင်မိသည်။ အကြောင်းမှာ သူမအား ယခုအချိန်၌ ကူညီနိုင်မည့်လူမှာ ထိုလူနှစ်ဦးသာ ရှိပါသည် မဟုတ်ပါလော။
သူမသည် ယခုနေရာ၌ မည်သည့်နည်းနှင့်မျှ အသက်မဆုံးရှူံးလိုပါ။
"ဟောဒီက သန်မာတဲ့အစ်ကိုကြီး" ရှောင်ဖေးသည် ကူညီရန်ကူညီငြား မျက်နှာချိုသွေးကာ ခေါ်လိုက်သည်။ သူမ၏အသံသည် အချိန်အတန်ကြာ စကားမပြောပဲ နေ,နေရသဖြင့် အာခေါင်ခြောက်နေရာ မပြတ်မသား မရှင်းမလင်း ဖြစ်သွားသောကြောင့် ထပ်ခေါ်လိုက်၏။ "ဟို ဟောဒီက သန်မာတဲ့အစ်ကိုကြီး"
စုရှောင်ဖေးသည် ခေါ်ပြီးနောက်မှသာ ခေါ်မိသည့်နာမည်ကို စဉ်းစားပြီး အနည်းငယ် အိုးတိုးအမ်းတမ်း ဖြစ်သွားသည်။
အဆိုပါအမျိုးသားသည် 'ကြားပါသည်' ဟူသည် သင်္ကေတဖြင့် ခေါင်းကိုတစ်ချက် ညိတ်ပြကာ မည်သည့်စကားကိုမျှ တုံ့ပြန်မပြောကြားသော်ငြား ရှောင်ဖေးထံမှ အဖြေစကားကို စောင့်ဆိုင်းနေလျက်ရှိ၏။
ရှောင်ဖေးသည် ထိုသူ၏မျက်နှာကို အသေအချာ ဂရုတစိုက် ကြည့်လိုက်မိသည်။ မီးတုတ် ကိုင်ထားသဖြင့် ထိုအမျိုးသား၏မျက်နှာကို သေချာစွာ မြင်လိုက်ရကာ ခန့်ညားသူတစ်ဦးအဖြစ် အသိအမှတ်ပြုမိ၏။ ထို့နောက်တွင်မူ ရှောင်ဖေးသည် ငိုမဲ့မဲ့အသံဖြင့် သူမအား ကူညီပေးရန် ထိုခန့်ညားသည့်အမျိုးသားအား အကူအညီတောင်းလိုက်မိတော့သည်။