အပိုင်း ၈။ အချစ်ကိုရှာဖွေခြင်း
ရန်ဖေးတစ်ယောက် အပြင်သို့ ထွက်သွားပြီး ခဏအကြာတွင် လက်ထဲ၌ အထုပ်အသေးလေးတစ်ထုပ်ကို ကိုင်ကာ ပြန်ရောက်လာခဲ့၏။ ထိုအထုပ်သည် သေချာပေါက်ပင် အ၀တ်ထုပ်ဖြစ်မည် ဖြစ်လေရာ ရှောင်ဖေးသည် အနှီလူ၏ အရည်အချင်းကို စိတ်ထဲ၌ တိတ်တိတ်လေး ချီးကျူးမိသည်။
စုရှောင်ဖေးသည် သူခိုးဖမ်းမည့်ကိစ္စအကြောင်း မေးလိုလှသော်ငြား ရန်ဖေးသည် အထုပ်များကိုချပြီး ညစာစားရန် ပြင်ဆင်နေသောကြောင့် ရှောင်ဖေးသည် နောက်မှမေးမည်ဟု တေးထားလိုက်ရ၏။ စုန့်သူဌေးသည် ရန်ဖေးအား ရေတိုအလုပ်သမားအဖြစ် လက်ခံပေးထားသော်လည်း ပိုက်ဆံမပေးပါချေ။ ထိုအစား နေစရာနှင့် စားစရာများကိုသာ ခွဲဝေပေး၏။
ရှောင်ဖေးသည် ဗိုက်ဆာနေသဖြင့် ဟိုဟိုဒီဒီ ချေးများမနေပဲ ရှိသည်နှင့်သာ တင်းတိမ်စွာ စားသောက်ရင်း ထမင်းဝိုင်း၌ အနှီကိုလူချောကို စကားစလိုက်သည်။ "ငွေဒင်္ဂါးငါးခုတန် ဓားပြကိစ္စ စုံစမ်းခဲ့သေးလား... ဘာသတင်းတွေ ကြားခဲ့သေးလဲ... ပြီးတော့ ဘယ်လိုဖမ်းကြမလဲ"
"ဒါတွေက မိန်းကလေး ပြောစရာကိစ္စတွေ မဟုတ်ဘူး... အသက်အန္တရာယ် မထိခိုက်ချင်ဘူးဆိုရင် စကားပြောဝာာတွေကို ကြည့်ပြောစေချင်ပါတယ်... တခြားလူတွေကြားရင် မိန်းကလေးပဲ ဒုက္ခရောက်မှာပါ"
"ကောင်းပါပြီရှင်... ကောင်းပါပြီ" ရှောင်ဖေးသည် ကိုလူချောအလိုကျ စကားနားထောင်ပေးလိုက်သည်။ သူမတို့လက်ထဲတွင် ကြေးပြားဆယ့်ငါးပြားသာ ပိုင်ဆိုင်သောကြောင့် ယခုကဲ့သို့ လောဘတက်ခြင်းမှာ မလွန်လှဟု ရှောင်ဖေး ယူဆမိသည်။
ရန်ဖေးသည် ရှောင်ဖေးအား နံရံပေါ်မှ သူဆွဲဖြုတ်လာသည့် သူခိုးဖမ်းရန် ကြေညာသည့်စာရွက်ကို ကမ်းပေးလိုက်၏။ ထို့နောက်တွင်မူ ရှောင်ဖေးအား မယုတ်မလွန် ပြောကြားလိုက်သည်။ "ဓားပြကို ဖမ်းဖို့ဆိုတာ သိပ်တော့မလွယ်ကူလှဘူး... ဘာလို့လဲဆိုရင် ရုံးတော်မှာ သူ့ကို ဖမ်းနိုင်မဲ့ ဘာသဲလွန်စမှ မရှိဘူး... ကိုယ့်ဟာနဲ့ကိုယ် သုံးသပ်ပြီး သေချာဖမ်းမှ ရနိုင်မှာ... အဲ့ဒါကြောင့်မို့ ဆုကြေးငွေတွေကိုလည်း ဒီလောက်ထိ မြှင့်ထားကြတာ"
ရန်ဖေးသည် ပြောရင်းဖြင့် စုရှောင်ဖေးရှိရာသို့ အကဲခတ်ကြည့်လိုက်ရာ အနှီမိန်းကလေးသည် ကြေညာချက်ပေါ်ရှိ စာလုံးများကို ဖတ်ကြည့်နေကြောင်း တွေ့လိုက်ရ၏။ "မင်းက အဲ့ဒီစာလုံးတွေကို သိတယ်ပေါ့"
ရှောင်ဖေးသည် ရန်ဖေးအား ဘာမှမတုံ့ပြန်သေးပဲ စာလုံးများကိုသာ ကြိုးစားဖတ်နေလျက်ရှိသည်။ စင်စစ်အားဖြင့်ဆိုလျှင် ရှောင်ဖေးသည် သူမ အသက်မွေး၀မ်းကျောင်းပြုနေသော လုပ်ငန်းအရ လူ့သဘောသဘာ၀များကို နားလည်ရန် စာအုပ်များစွာ ဖတ်ရပြီး ထိုစာအုပ်များထဲတွင် ယခုကဲ့သို့ ရှေးခေတ်က သုံးသည့် တရုတ်စာလုံးများဖြင့် ရေးသားထားသည့် စာအုပ်များပင် ပါ၀င်သေး၏။ တော်တော်များများ လူများသည် အရင်ခေတ် အရေးအသားများဖြင့် ရေးမှတ်ထားသည့် စာအုပ်များကို ရှောင်ကြလေ့ရှိသော်ငြား ရှောင်ဖေးသည် အားနည်းချက်မရှိပဲ တတ်ကျွမ်းနေစေရန် ရှေးဟောင်းစာလုံးများကိုလည်း ကျက်မှတ်ခဲ့သောကြောင့် ယခုကဲ့သို့ ဖတ်တတ်နေရခြင်းဖြစ်သည်။
ရှောင်ဖေးသည် ကြေညာချက်စာရွက်ပေါ်မှ စာများကို နားလည်စေရန် သေချာဖတ်ရှုနေ၏။ စာထဲ၌ ရေးသားထားသည်မှာ ထိုဓားပြသည် နိုင်ငံ၏ မြို့တိုင်းလိုလို၌ ရာဇ၀တ်မှုများ ကျူးလွန်ထားပြီး ထိုမျှသာမက မိန်းကလေးများစွာကိုလည်း မုဒိမ်းမှု ကျူးလွန်ထားသေးသည်။ ယခုမူ ထိုဓားပြသည် ကျောက်တုံးမြို့တော်သို့ ရောက်ရှိနေလေပြီ။ ထိုဓားပြရှိသည့်နေရာအား အကြောင်းကြားပေးနိုင်သူ သို့မဟုတ် ထိုဓားပြအား လက်ရဖမ်းဆီးပေးနိုင်သူအား ငွေပြား ၂ ပြား နှင့် ငွေပြား ၅ ပြား အသီးသီး ရရှိမည်ဖြစ်၏။
ထို့အပြင် ကြေညာချက်ထဲ၌ ကျူးလွန်သူ၏ ပုံပန်းသွင်ပြင်ကို ဖော်ပြထားသည့် စာလုံးများလည်း ပါရှိပြီး ဘေးတွင်မူ ပုံတူပန်းချီကားကိုလည်း ရေးဆွဲထားသေးသည်။ "ဒီလူက ပြစ်မှုတွေ ကျူးလွန်တဲ့ အချိန်အခါတွေက ဘယ်လိုမျိုးလဲ... ကျူးလွန်ခံရတဲ့လူတွေကရော အဲ့အချိန် ဘယ်နေရာတွေမှာ ရှိခဲ့ကြတာလဲ... အဲ့ပြစ်မှုတွေ ဖြစ်နေတဲ့အချိန်မှာ ဖြစ်ရပ်အစအဆုံးကို မြင်တဲ့ မျက်မြင်သက်သေရော ရှိရဲ့လား... ဖြစ်ရပ်တိုင်းမှာ မျက်မြင်သက်သေတွေရှိလား... မရှိဘူးဆို ဒီပြစ်မှုတွေအားလုံးကို လူတစ်ယောက်တည်းက လုပ်ပါတယ်လို့ ဘယ်လိုသက်သေပြလို့ရမလဲ... ပြီးတော့ ကွင်းဆက်ကျူးလွန်သူဆိုရင် ဖြစ်ရပ်တိုင်းမှာ တူညီတဲ့ သဲလွန်စတစ်ခုခုတော့ ရှိရမယ်မလား"
ရန်ဖေးသည် ရှောင်ဖေး၏စကားများကို ကြားပြီးနောက် ထင်မှတ်မထားဟန်ပင် မျက်ခုံးများပင် မြင့်တက်သွားသည်။ အနှီမိန်းကလေးသည် မည်သည့်အရပ်ဒေသမှ လာခဲ့ပါသနည်း။ သာမန်မိန်းကလေးဆိုလျှင် ဤသို့သော ဖြစ်ရပ်များကို ဖတ်ပြီး ကြောက်နေကြလိမ့်မည်မှာ သေချာပေါက်ပင်။ ထိုမိန်းကလေးမှာမူ အခြားလူများနှင့် မတူစွာ စာဖတ်ပြီး သေချာစွာ သုံးသပ်နေ၏။ ထို့အပြင် ထူးဆန်းသည့် ထိုမိန်းကလေး၏ လေယူလေသိမ်းများကိုလည်း နားလည်နေသည်မှာ ထူးဆန်းလှသည်။ ရန်ဖေး၏ ခေါင်းထဲ၌ အနှီမိန်းကလေးနှင့် ပတ်သက်ပြီး မေးခွန်းပေါင်းများစွာ ပေါ်ထွက်နေ၏။
ရှောင်ဖေးသည် ဒွိဟဖြစ်နေသော ရန်ဖေးအား သတိမမူမိပဲ ပြောစရာရှိသည်များကိုသာ ဆက်ပြောနေသည်။ "ဒီလို ကွင်းဆက်ပြစ်မှုတွေက လိုက်ဖမ်းဖို့ အရမ်းခက်တာ... သူတို့ ငွေခုနှစ်ပြား ပေးတာတောင် နည်းသေးတယ်ရယ်... ဒီထက်ပိုပြီး ဖက်ထုပ်တွေများများ ၀ယ်လို့ရသင့်တာ"
ရန်ဖေးတစ်ယောက် အလွန်ကြောင်အသွားတော့၏။အနှီမိန်းကလေးသည် အဘယ့်ကြောင့် ကွင်းဆက်ပြစ်မှု ဆုကြေးငွေအား ဖက်ထုပ်များနှင့် နှိုင်းယှဉ်နေပါသနည်း။
ထို့နောက်တွင်မူ ရန်ဖေးသည် ရှောင်ဖေးတစ်ယောက် နားဝေတိမ်တောင်ဖြစ်နေသည်ကို မြင်ရသောအခါ နားလည်သဘောပေါက်အောင် စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။ "အဲ့ဒီဓားပြက ကျောက်တုံးမြို့ကို ရောက်နေလား မရောက်နေလားဆိုတာတောင် ရုံးတော်က သေချာသေးတာ မဟုတ်ဘူး... သူ ကျူးလွန်တဲ့ ဖြစ်ရပ်နေရာတွေကို သုံးသပ်ပြီး ဒီမြို့ကိုတော့ ရောက်နေလောက်ပြီဆိုပြီးသာ သုံးသပ်နေကြတာ... ဒီမြို့မဟုတ်ပဲ တခြားမြို့ဆီ ရောက်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်... အဲ့ဒါကြောင့် ဒီမြို့မှာတင် မဟုတ်ပဲ တခြားမြို့တွေမှာလည်း သံသယရှိတဲ့လူတွေ့ရင် ချက်ချင်းသတင်းပေးဖို့ စာတွေကပ်ထားကြမှာပဲ... ဒါကြောင့် သူတို့ပေးတဲ့ ဆုကြေးကို နည်းတယ်လို့တော့ သတ်မှတ်လို့မရဘူး... ငါတို့အားလုံး အတူတူ သဲလွန်စတွေ စုပြီး ဖမ်းနိုင်မှ သံသယရှိသူကို ဖမ်းမိမှာ"
ရှောင်ဖေး ခပ်တွေတွေ ဖြစ်သွား၏။ "ရှင်ကရော အဲ့လူတွေနဲ့အတူ ပူးပေါင်းမှာလား"
"လူတော်တော်များများက အဲ့ဒီလူကို ဖမ်းဖို့ ပြင်ဆင်နေကြတာ... တစ်ယောက်တည်းအားနဲ့တော့ ဘယ်လိုမှ ဖမ်းနိုင်ကြမှာ မဟုတ်ဘူး"
"ရှင်ကရော ဒီကိစ္စကြီးကို အဆင်ပြေပြေ လုပ်နိုင်မယ်ထင်လား"
"သေချာတာပေါ့"
"ရှင်က တိုက်ရည်ခိုက်ရည်တွေရော ကျွမ်းကျင်ရဲ့လား"
"သေချာပေါက် ကျွမ်းတာပေါ့ကွ"
"ဒါဆိုလည်း ကြိုးစားကြရအောင်ပါ... ဘာဖြစ်ဖြစ် ကျွန်မတို့ ဆက်ပြီးရှင်သန်နိုင်ဖို့က ငွေလိုတယ် မဟုတ်လား"
ရန်ဖေးသည် ရှောင်ဖေး၏စကားကို ခေါင်းအသာညိတ်ကာ ထောက်ခံလိုက်သည်။
"ဪ ဒါနဲ့ မိန်းကလေးကို ၀တ်စုံအသစ်၀ယ်ပေးဖို့က ပိုက်ဆံမရှိတာမို့ ထန်မိန်းကလေးစီ သွားပြီးတော့ပဲ အကူအညီတောင်းလာခဲ့တယ်... အဲ့၀တ်စုံတွေ အရင်၀တ်ထားနှင့်လိုက်ပေါ့... ဘာပဲဖြစ်ဖြစ် ယောက်ျား၀တ်စုံ ၀တ်ထားရတာနဲ့ယှဉ်ရင်တော့ ပိုကောင်းတာပေါ့... ရှေ့လျှောက် ပိုက်ဆံရလာခဲ့ရင်တော့ ထန်မိန်းကလေးကို အင်္ကျီအသစ်လေးတွေ ၀ယ်ပေးပြီး ကျေးဇူးဆပ်လိုက်ပါ"
ရှောင်ဖေးသည် ရန်ဖေး ကမ်းပေးလာသည့် အိတ်ကို ယူကာ အိတ်ထဲသို့ စနည်းနာကြည့်လိုက်၏။ အိတ်ထဲ၌ အ၀တ်အစားများနှင့် ဖိနပ်များ ပါရှိပြီး အ၀တ်အစားများမှာလည်း ပြီးပြီးရော ထည့်ပေးလိုက်သည့် စုတ်စုတ်ပြတ်ပြတ် အ၀တ်အစားများ မဟုတ်ပဲ အသစ်အတိုင်း သန့်ရှင်းသပ်ရပ်နေသည်။ ရှောင်ဖေးတစ်ယောက် အ၀တ်အစားများကို ထုတ်ပြီး လဲလှယ်၀တ်ဆင်ရန် ပြင်လိုက်ချိန်၌ အနှီကိုလူချောသည် အလိုက်တသိဖြင့် အပြင်သို့ထွက်ကာ တံခါးပိတ်ပေးသွား၏။
အနှီလူသည် အကျင့်စာရိတ္တကောင်းသူဖြစ်ကြောင်း ရှောင်ဖေးသည် သူမ၏အသက်နှင့်ပင် ရင်း၍ ယုံကြည်ထားသည်။ ရန်ဖေးသည် သူမနှင့် ပြောဆိုရာ၌ စည်းတစ်ခုခြား၍ အမြဲပြောဆိုလေ့ရှိ၏။
စုရှောင်ဖေးသည် အ၀တ်အစားများကိုထုတ်ကာ လဲလှယ်၀တ်ဆင်တော့သည်။ သူမ၏ခြေထောက်များမှာ အလွန်နာကျင်နေသဖြင့် ကြီးကြီးမားမား လှုပ်ရှားမှုများကို မပြုလုပ်နိုင်ပါချေ။ ထို့ကြောင့် ရှောင်ဖေးသည် ခပ်ဖြေးဖြေးသာ လှုပ်ရှားနေရ၏။ ထို့အပြင် ရှေးခေတ်အ၀တ်အစားများကိုလည်း သူမအနေဖြင့် တစ်ခါမှ ၀တ်ဆင်ခဲ့ဖူးခြင်း မရှိသည်ကြောင့် အဆင်မပြေဖြစ်နေရာ အ၀တ်လဲခြင်း ပြီးမြောက်ရန် အချိန်အတော်ပင် ယူလိုက်ရသည်။
အိမ်ထဲ၌ မှန်တစ်ချပ်တစ်လေပင် မရှိသောကြောင့် ရှောင်ဖေးသည် စိတ်မှန်းနှင့်ပင် အဆင်ပြေအောင် ၀တ်ဆင်လိုက်ကာ အားလုံးပြီးသွားသည့်အခါ သူမ၏ ညအိပ်၀တ်စုံအား အိတ်ထဲထည့်လိုက်ပြီး "ပြီးပြီ" ဟူ၍ အော်ကာ အပြင်ဘက်၌ စောင့်နေပေးသည့် ရန်ဖေးကို အသိပေးလိုက်၏။
ရှောင်ဖေးထံမှ အသိပေးသံ ကြားပြီးနောက် ရန်ဖေးသည်လည်း အိမ်ထဲသို့ ပြန်၀င်လာခဲ့ပြီး ရှောင်ဖေး၏ ပုံစံအား ခေါင်းစခြေဆုံး အကဲခတ်နေလျက် ရှိသည်။ အနှီလူသည် အစပိုင်းက ရှောင်ဖေးကို ကြည့်ကာ ခေါင်းတညိတ်ညိတ် လုပ်နေသော်ငြား ခြေထောက်ကို တွေ့ပြီးနောက် မျက်ခုံးများမှာ အလိုမကျဟန် စုကျုံ့သွားတော့၏။ "ဖိနပ်က ဘာလို့ မလဲတာလဲ"
"ဟို ခြေထောက်က ဘယ်လိုမှ လှုပ်မရတော့လို့ပါ... ခြေအိတ်ကို ချွတ်လိုက်ရင် အရမ်းနာလို့" ရှောင်ဖေးသည် အမှန်အတိုင်း ပြန်ဖြေလိုက်သည်။ "ကျွန်တော် ကူညီပေးမယ်လေ... ခြေဖဝါးဒဏ်ရာက တော်တော်ဆိုးတယ် ထင်တယ်... ကျွန်တော် တစ်ချက် ကြည့်ကြည့်ရအောင်"
"ဟာ မလုပ်ပါနဲ့ မလုပ်ပါနဲ့" ရှောင်ဖေးသည် အားတုံ့အားနာ ဖြစ်မိသောကြောင့် အသည်းအသန် ငြင်းလေ၏။
"ဒီမှာဗျ... ကျွန်တော်က စိတ်သန့်သန့်နဲ့ ကူညီတာပါ... မိန်းကလေးကို မကူညီချင်ရင် အဲ့အချိန်တည်းက ဒီအထိ ခေါ်မလာဘူး... အခု မိန်းကလေးရဲ့ခြေထောက်ကို ကြည့်ပေးရမှာကလည်း ကျွန်တော့်အတွက် နည်းနည်းမှ အပန်းမကြီးဘူး... ကျွန်တော် ကူညီပေးချင်တဲ့လူဆို အဆုံးအထိ ကူညီပေးတယ်... ဒါကြောင့်မို့ ကျွန်တော့်ကို အားနာဖို့ မလိုဘူး... ကြားလား"
ရှောင်ဖေးသည် အနှီလူမှာ သူမ စိတ်သက်သာရာရစေရန် နှစ်သိမ့်ပေးနေသည်ကို သိသောကြောင့် ခေါင်းအသာညိတ်ပြလိုက်သည်။ "သိပါတယ်... ကြားပါတယ်... ကျွန်မလေ ရှင်နဲ့ တွေ့ရတာ အရမ်းကံကောင်းတာပဲ သိလား... ရှင့်နေရာမှာ တခြားလူဆိုရင် အခုအချိန်လောက်ဆို ကျွန်မ လမ်းပေါ်မှာ လူမသိ သူမသိ သေနေလောက်ပြီထင်တယ်"
"အဲ့လိုသိတယ်ဆိုရင် ခြေထောက်လေးကို ထုတ်ပေးလိုက်တော့" ထို့နောက်တွင်မူ ရန်ဖေးသည် ရှောင်ဖေးနားသို့ ရောက်လာကာ ခြေထောက်အား လက်နှစ်ဖက်ဖြင့် အသာယူကြည့်လိုက်သည်။
ရှောင်ဖေး၏မျက်နှာလေးမှာ တစ်စ တစ်စ နီစွေးလာတော့၏။ ခြေလှမ်းများစွာ လှမ်းလျှောက်ခဲ့ရသည့် ဒဏ်များကြောင့် ခြေထောက်များ နာကျင်နေသည့်တိုင် ယခုကဲ့သို့ ယောက်ျားတစ်ဦးက သူမခြေထောက်အား ကိုင်နေခြင်းအပေါ် ရှောင်ဖေးသည် အလွန်ရှက်မိပြီး သက်သောင့်သက်သာ မခံစားရပါချေ။
ထို့နောက်တွင်မူ ရန်ဖေးက ရှောင်ဖေး၏ ခြေဖဝါးများကို တစ်ချက်ဖိလိုက်သောကြောင့် ရှောင်ဖေးတစ်ယောက် အလွန်နာကျင်သွားကာ အကျယ်ကြီး ထအော်မိတော့သည်။ ထို့နောက်တွင်မူ ရန်ဖေးသည် ခြေဖဝါးများကို မဖိကြည့်တော့ပဲ ကတ်ကြေးယူကာ ခြေအိတ်ကို စတင်ညှပ်ပစ်တော့၏။ ရှောင်ဖေးသည် နာကျင်မှုကြောင့် မျက်ရည်များကျလာပြီး ခြေအိတ်ကို သတိထား၍ ညှပ်နေသူအား မျက်ရည်များဖြင့် ဝေဝါးစွာ ကြည့်နေမိသည်။ သူမ၏ခြေဖဝါးများထက်တွင် သွေးချင်းချင်းနီနေပြီး ခြေအိတ်မှာလည်း ရွှံ့နှင့်သွေးများ လူးနေသောကြောင့် ညစ်ပတ်နေလျက်ရှိ၏။
ရန်ဖေးသည် ရေယူလာပြီး ရှောင်ဖေး၏ခြေဖဝါးနှစ်ဖက်အား ခပ်ဖွဖွ ဆေးကြောပေးနေသည်။ ထို့နောက်တွင်မူ ကိုယ်နှင့်မကွာဆောင်ထားသည့် လွယ်အိတ်ကြီးထဲမှ ဆေးပုလင်းအချို့နှင့် အ၀တ်စကို ထုတ်လိုက်၏။ ပြီးနောက် ရှောင်ဖေး၏ ခြေဖဝါးများကို ဆေးလိမ်းပေးပြီး အ၀တ်စဖြင့် ပတ်ကာ ဆေးစည်းပေးနေသည်မှာ ကုသရေးတွင် ကျွမ်းကျင်သူတစ်ယောက်ကဲ့သို့ပင်။
ရှောင်ဖေးသည် ရှက်စိတ်ကြောင့် အပြင်တွင် ထုတ်မပြောသော်ငြား စိတ်ထဲတွင်မူ အနှီကိုလူချောအား အထပ်ထပ် ကျေးဇူးတင်နေမိသည်။ ထိုလူသာမရှိပါက မိမိဘ၀ မည်ကဲ့သို့ ဖြစ်နေမည်အား စိတ်ပင် မကူးရဲပါချေ။
ရန်ဖေးသည် ဆေးထည့်ပေးပြီးနောက် ဆေးပုလင်းများကို သိမ်းဆည်းကာ အပြင်သို့ ထွက်သွားခဲ့၏။ ထို့နောက်တွင်မူ အထဲသို့ ပြန်၀င်လာကာ ရှောင်ဖေး၏ ခြေထောက်များကို အသာအယာ နှိပ်ပေးလျက်ရှိသည်။ အနှီကိုလူချောမှ အသာအယာ နှ်ိပ်ပေးနေသော်ငြား ရှောင်ဖေး၏ခြေထောက်များသည် နာမြဲနာဆဲပင်။
မျက်ရည်များမှာ နာကျင်မှုကြောင့် ဆက်လက်၍ တင်းမထားနိုင်တော့ပဲ အလိုအလျောက် ကျလာခဲ့သည်။ ရှောင်ဖေး ဤကဲ့သို့ ၀မ်းပန်းတနည်း ငိုဖူးသည့် နောက်ဆုံးအချိန်မှာ သူမ၏ဖခင် လောကကြီးမှ ထွက်သွားချိန်ဖြစ်၏။
ရန်ဖေးသည် မနေသာတော့ပဲ ရှောင်ဖေးအား ပခုံးတစ်ချက်ပုတ်ကာ နှစ်သိမ့်ပေးလိုက်ပြီး အငိုတိတ်အောင် အိပ်ရာစောစော၀င်ရန် ပြောကြားလိုက်တော့သည်။