Chapter 1
May 11, 2024
အချစ်ကိုရှာဖွေခြင်းအပိုင်း (၁)
"မင်္ဂလာပါ... ရွဲ့လောင် လို့ခေါ်ပါတယ်"
စုရှောင်ဖိန်း၏ လက်သွယ်သွယ်လေးများသည် ဖုန်းနံပါတ်တစ်ခုအား ဆက်သွယ်ရန် လက်ကိုင်ဖုန်းထက်၌ ပြေးလွှားနေသည်။ အဒေါ်ဖြစ်သူမှ သူမကဲ့သို့ နုနုထွတ်ထွတ် တူမလေးအတွက် အထူးတလည် စီစဉ်ပေးထားသည့် ဘလိုင်းဒိတ်များအကြောင်းကို အသေးစိတ်တင်ပြ စောဒကတက်ရန် အဆင်သင့်ဖြစ်နေသည့် အချိန်၌ပင် သူမရှိရာနေရာသို့ အမျိုးသားတစ်ဦး ရောက်ရှိလာကာ သူ့ကိုယ်သူ မိတ်ဆက်လာခဲ့၏။
စုရှောင်ဖိန်းသည် သူမ၏ရှေ့မှ အမျိုးသားအား အကဲခတ်ရန်အလို့ငှာ မျက်လုံးနှစ်လုံးကို စုကျုံ့ရင်း အရှေ့သို့ ကြည့်လိုက်သည်။
'မဖြစ်နိုင်လိုက်တာ.....နှစ်ဘ၀ဆက်တိုက် တွေ့ရတာနဲ့တင် မလုံလောက်ပဲ အခု တတိယအကြိမ် တွေ့ရပြန်ပြီလား'
ထိုသို့စဉ်းစားနေရင်း သူမ၏ ဖုန်းခေါ်ဆိုမှုအား တစ်ဖက်မှ လက်ခံလိုက်ပြီဖြစ်သောကြောင့် စုရှောင်ဖိန်းသည် သူမရှေ့တွင် ထိုင်နေသူအား ခေတ္တလျစ်လျူရှုကာ ဖုန်းပြောရန်သာ အာရုံစိုက်ထားလိုက်သည်။
"ရိုသေလေးစားရပါသော လူကြီးမင်းထံ တင်ပြအပ်ပါတယ်... လူကြီးမင်း လုပ်ဆောင်ခိုင်းတဲ့ လုပ်ငန်းဆောင်တာတွေ အကုန်လုပ်ပြီးသွားပြီနော်....ကိုယ်စားတဲ့ဘေလေးတောင် ရှင်းမသွားတဲ့ တအားမောက်မာပြီး လက်ထပ်တာကို စီးပွားတွက်တွက်ထားတဲ့လူနဲ့လည်း တွေ့ပြီးပြီ....နောက်တစ်ယောက်ကတော့ မျက်ထောင့်နီနီကြီးနဲ့ ကြည့်ပြီး အံတကြိတ်ကြိတ်နဲ့ ကျက်သရေမရှိ ထွက်သွားတာပဲ...တော်သေးတာက ဒီတစ်ယောက်ကတော့ ကော်ဖီဖိုး ရှင်းခဲ့လို့" ထို့နောက် ရှောင်ဖိန်းသည် မျက်စိရှေ့မှာလူကို ကြည့်ရင်း လေလှိုင်းထဲမှတစ်ဆင့် ဆက်ပြောလိုက်သည်။ "အခုလည်း 'ယွဲ့' မျိုးရိုးနဲ့ လူတစ်ယောက် ရောက်နေပြန်ပြီ....အားရီရေ တကယ်လို့ ဘလိုင်းဒိတ် ထပ်လုပ်စေချင်ရင်လည်း အခုလို ကောက်ခါငင်ခါ မစီစဉ်ခင် အရင် အကြောင်းကြားပါလားလို့"