အပိုင်း ၁၆။ အချစ်ကိုရှာဖွေခြင်း
"ကောင်းသားပဲ" ရန်းဖေးဘက်မှ တွေဝေခြင်းမရှိပဲ သဘောတူလိုက်၏။
"တကယ်လို့ ကျုပ်ကို များများပိုပေးချင်တယ်ဆိုလည်း စိတ်မဆိုးဘူးဗျ နော.." ရန်ဖေးသည် ရှောင်ဖေးအား မထိတထိ စနောက်လိုက်သည်။
ရန်ဖေး၏စကားကြောင့် ရှောင်ဖေးတစ်ယောက် အော့အန်မိမတတ်ဖြစ်သွားပြီး မျက်စောင်းတစ်ချက် ပိတ်ထိုးပစ်လိုက်၏။ ထို့နောက်တွင်မူ ရန်ဖေးအား လျစ်လျူရှုလိုက်ကာ ရှောင်ပိုင် ထားခဲ့သည့် အချက်အလက်များ ရေးမှတ်ထားသော စာအုပ်ငယ်လေးအား နောက်တစ်ကြိမ် ထပ်မံ ဖတ်ရှုလိုက်သည်။ ထို့အပြင် စိတ်ထဲ၌လည်း စိတ်ကူးပေါ်လာပါက အလွယ်တကူ ချရေးနိုင်ရန် မှတ်စရာတစ်ခုခု ရှိနေလျှင် ပိုကောင်းလိမ့်မည်ဟု တွေးနေမိ၏။
"ဟိုလေ... ရှောင်ပိုင်ကို နောက်တစ်ခေါက်လာရင် စာရွက်နဲ့ မှတ်စရာတစ်ခုခု ယူလာပေးဖို့ ပြောပေးပါလားဟင်... တစ်ခုခုဆို ရေးမှတ်လို့ ရအောင်လေ... နော်... " ရှောင်ဖေးသည် ရလိုရငြား အနှီကိုလူချောထံ ပူဆာလိုက်သည်။
ရန်ဖေးသည် ရှောင်ဖေးအား နည်းနည်းမျှပင် စောင်းငဲ့မကြည့်ပဲ စကားတစ်ခွန်းကိုသာ ပြန်ပြောလိုက်၏။ "မိန်းကလေး လိုချင်ရင် ကိုယ့်ဘာသာ တောင်းကြည့်လေ..."
"ဟင်... ကျွန်မ တောင်းရင် ပေးမယ် မထင်ဘူး... ရှင် တောင်းမှ ပေးမှာ... ကျွန်မသိတယ်... ကျွန်မ တောင်းတယ်ဆို လွယ်လွယ်ကူကူ ပေးမှာ မဟုတ်ဘူး..."
"ဘာလို့လဲ...?"
"ဟင်... ဘာကို ဘာလို့လဲ လဲ... ကျွန်မ ရှင့်ကို အကူအညီတောင်းနေတာလေ..."
"ကျွန်တော်က မိန်းကလေးကိုယ်တိုင် စကားပြောစေချင်တာပါ... ဒီနေရာမှာ လုံလုံခြုံခြုံ နေချင်တယ်ဆိုရင် တစ်ခုခုဆို အကူအညီတောင်းဖို့ စကားလည်း ပြောကျင့်ရှိရမှာပေါ့... မဟုတ်ဘူးလား... အခု ကျွန်တော်က မိန်းကလေးအကြောင်းကို သိနေလို့လေ... ကျွန်တော် မရှိတော့တဲ့အခါ မိန်းကလေး တစ်ယောက်တည်း သွားရတော့မဲ့ကိစ္စတွေကျရင် တစ်ခုခုဆို မေးတတ် မြန်းတတ် အကူအညီတောင်းတတ်မှ အဆင်ပြေမှာ မဟုတ်ဘူးလား..."
ရန်ဖေး၏စကားလုံးများသည် စုရှောင်းဖေး မေ့ထားသည့် ကိစ္စကြီးအား အစလာဖော်သကဲ့သို့ ဖြစ်သွားသောကြောင့် ရှောင်ဖေးခမျာ သက်ပြင်းအသာ ချမိလိုက်တော့သည်။
"ဟူး... ကျွန်မလည်း ကြိုးကြိုးစားစား သင်ယူနေပါတယ်... တကယ်ပြောတာပါ..."
ထိုအခါ ရန်ဖေးဘက်မှ ခေါင်းအသာညိတ်ပြလာ၏။ "ကျွန်တော် သိပါတယ်..."
"ဒါနဲ့လေ..." ရှောင်ဖေးဘက်မှ စကားဆက်လိုက်သည်။
ရန်ဖေးဘက်မှ 'ဆက်ပြော' ဟူသည့်သဘောဖြင့် မေးဆတ်ပြလာ၏။
"ဟိုကောင်လေးဆီကနေ ဘာဖြစ်လို့ မတောင်းပေးတာလဲ... ရှင် တောင်းရင် ဟိုက လွယ်လွယ်ကူကူ ထုတ်ပေးမှာကို..."
"ဪ... ဒါက မျက်နှာပူဖို့ ကောင်းတယ်လေ... ကျွန်တော်တို့မသွားနိုင်တဲ့ ခရီးအထိပါ သွားပြီး အချက်အလက်တွေ စုံစမ်းပေးခဲ့တာမလား... တခြားလိုအပ်တာတွေကို ဘယ်လိုစိတ်နဲ့ တောင်းဆိုရမလဲ..."
ရှောင်ဖေးသည် ရန်ဖေး ရှင်းပြလာသည့်စကားများကို နားထောင်ရင်း ကျိုးကြောင်းဆီလျော်သည်ဟု စဉ်းစားမိ၏။ ထို့ကြောင့် ရေးမှတ်သည့်ကိစ္စကို လောလောဆယ် ခဏ မေ့ထားလိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။
ထို့နောက်တွင်မူ ရှောင်ဖေးသည် ဘာကိုမှ ဆက်မပြောတော့ပဲ ရန်ဖေးအား ကူညီပြီး အနောက်ခြံထဲမှ ပွနေသော ပစ္စည်းများကို ကူညီ သိမ်းဆည်းပေးလိုက်၏။ ထိုအချိန်၌ပင် စုန့်သူဌေးသည် ပိုင်ယွိလင်အကြောင်းကို စနည်းနာရန်အလို့ငှာ အနောက်ခြံထဲသို့ ရောက်လာခဲ့သည်။
သို့သော်ငြား စနည်းနာသည်မှာလည်း ရန်ဖေးထံတွင်သာ ဖြစ်ပြီး စုန့်သူဌေးသည် ရှောင်ဖေးကို တွေ့တိုင်း စကားမပြောချင်သကဲ့သို့ အမူအရာများကို ပြသလေ့ရှိသူပင်။ သို့ပေသည့်တိုင် ရှောင်ဖေးသည် အနှီအပြုအမူများကို နည်းနည်းမျှပင် ဂရုမစိုက်ပါချေ။ သူမအား ဂရုမစိုက်လေလေ သူမအတွက် ပိုကောင်းလေလေ မဟုတ်ပါလော။ ထို့ကြောင့် သူမသည် စာအုပ်ကို အသာကောက်ယူကာ သူမတို့ထံ ခဏတာ စွန့်ကြဲပေးထားသည့် တဲအိမ်လေးဆီသို့ ပြန်သွားခဲ့သည်။
ခဏအကြာတွင်မူ ရန်ဖေးလည်း စုန့်သူဌေးစက်ကွင်းမှ လွတ်မြောက်ကာ အိမ်ထဲသို့ ပြန်ရောက်လေ၏။ ရှောင်ဖေးသည် ယခုထိတိုင် အကြောင်းအရာများကို ဖတ်ရှုပြီး ကောက်ချက်အမျိုးမျိုးချနေဆဲပင်။
"ပိုင်ယွိလင်က ယုံကြည်ရလောက်မယ်လို့ ရှင်ထင်လား... ကျွန်မတို့ရဲ့ စိတ်ကူးတွေကိုလည်း သူ အကုန် နားထောင်သွားပြီးပြီ မဟုတ်လား... သူ့ရဲ့အကြံပေးချက်ကို နားထောင်ပြီး ရုံးတော်က လူတွေကရော စုံစမ်းမှုတွေ ပြုလုပ်ပေးလောက်လား... သူ ရုံးတော်မှာ တာ၀န်စပြီး ထမ်းဆောင်တာကလည်း သုံးလပဲ ရှိသေးတာလေ... ဆိုတော့ သူ့ကို အရာရှိပေါက်စနလေးက လျှောက်ပြောနေတယ်ဆိုပြီး လျစ်လျူရှုထားကြရင်ရော ဘယ်လိုလုပ်မလဲ..." ရှောင်ဖေးသည် ရောက်တတ်ရာရာ တွေးကာ သူမ၏ စိုးရိမ်မှုများကို ရန်ဖေးထံ ရင်ဖွင့်လိုက်၏။
"ခဏလောက် စိတ်အေးအေးထားပြီး နေကြည့်ပါ မိန်းကလေး... သူ တစ်ခုခုတော့ လုပ်နိုင်မှာပါ..." ရန်ဖေးသည်လည်း စုရှောင်ဖေး စိတ်သက်သာသွားစေရန် တတ်ကျွမ်းသလောက် နှစ်သိမ့်ပေးလိုက်သည်။
"ရှင်က ဘာလို့ အဲ့လောက်တောင် အာမခံနိုင်တာလဲ..."
"ဘာလို့လဲဆိုတော့ ပိုင်ယွိလင်က ပိုင်ကျားကျွမ်းရဲ့ တပည့်ကျော်ခြောက်ယောက်ထဲက တစ်ယောက်လေ..."
"ပိုင်ကျားကျွမ်းရဲ့ တပည့်ကျော် ခြောက်ယောက်က တကယ်တော်လို့လား.."
"ပိုင်ကျားကျွမ်းဆိုတာ ထိပ်တန်းအဆင့် ဆယ်ဆင့်မှာပါတဲ့ ရွာကြီးတစ်ရွာကို အုပ်ချုပ်ရတဲ့ သိုင်းပညာရှင်ကြီးလေ... သူ့ရဲ့ နာမည်ကျော်ကြားမှုက အတိုင်းအဆမရှိသလို သူ့ဆီမှာ သိုင်းပညာ သင်ယူချင်လို့ တန်းစီနေရတဲ့လူတွေကလည်း ဒုနဲ့ဒေးပဲ... ပိုင်ကျားကျွမ်းရဲ့ အရှိန်အဝါကြောင့် ပိုင်ယွိလင်လည်း အရာရှိပေါက်စနေရာကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရခဲ့တာပေါ့ကွ... မဟုတ်ရင် အခု ကျုပ်တို့ဆီမှာ ရှိထားတဲ့ အချက်အလက်တွေတောင် သူ စုံစမ်းနိုင်ခဲ့မှာ မဟုတ်ဘူး... ပြီးတော့ ရုံးတော်ကို တင်ပြပြီး စုံစမ်းပေးဖို့လည်း တောင်းဆိုရဲမှာ မဟုတ်ဘူး... သူ့မှာရှိနေတဲ့ အရှိန်အဝါနဲ့ ကျောထောက်နောက်ခံကြောင့်သာ ဒါမျိုးတွေ လုပ်နိုင်နေတာ... သူ ၀င်ကူညီရင် ကျုပ်တို့အတွက် တရားခံ ရှာဖွေတာကလည်း ပိုပြီးတော့ လွယ်လွယ်ကူကူ ဖြစ်သွားလိမ့်မယ်..."
"ဒါနဲ့ နေပါဦး... သူ ပြောတာကိုလည်း ရှင်က လွယ်လွယ် ယုံတာပဲလား..."
"မဟုတ်ပါဘူး... ကျွန်တော် အဲ့ကလေးကို ငယ်ငယ်လေးတည်းက မြင်ဖူးပါတယ်... လက်နက်ပို့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပိုင်ကျားကျွမ်းဆီ တစ်ခါ ရောက်ဖူးသေးတယ်လေ... အဲ့အချိန်တုန်းက အဲ့ကလေးရဲ့အသက်က ဆယ့်နှစ်နှစ်ပဲ ရှိသေးတာ... ကျွန်တော်က လူကြီး ဖြစ်နေပြီဆိုတော့ ဝိုးတိုးဝါးတား အသိဉာဏ်ရှိသေးပေမဲ့ ကလေးကတော့ ဘယ်မှတ်မိမလဲ... အဲ့အချိန်က ပိုင်ကျားကျွမ်းရဲ့ တခြားတပည့်ကျော်တွေနဲ့လည်း တွေ့ခဲ့ရသေးတယ်... တကယ့်ကို အသိပညာ အတတ်ပညာတွေနဲ့ ပြည့်စုံကြတဲ့လူတွေပါ... ဪ ဒါနဲ့ ကျွန်တော် အဲ့အချိန်တို့က သူတို့ကို ပညာသင်ပေးခဲ့ရသေးတယ်..."
"ဝိုး ဝိုး ဝိုး !!!!! " ရှောင်ဖေး အံ့အားသင့်စွာ ရေရွတ်လိုက်၏။ "ဟာ ဒီလောက်အကျော်အမော်တွေကို သင်ခဲ့ရတာ နည်းတဲ့အရည်အချင်းလား... သိုင်းပညာ သင်ပေးခဲ့ရတာလားဟင်..."
ရန်ဖေး ခေါင်းခါပြလိုက်သည်။ "လက်နက် ပြုလုပ်တဲ့ အတတ်ပညာပါ... ကျွန်တော့်ဆီမှာက သိုင်းပညာထက် လက်မှုပညာက ပိုပြီးတော့ အဆင့်မြင့်ပါတယ်..."
ရှောင်ဖေး လက်မတစ်ထောင်ထောင်ဖြင့် ချီးကျူးနေမိတော့၏။ အနှီကိုလူချောသည် အတတ်ပညာကောင်းများ တတ်ထားသည့်တိုင် အဘယ်ကြောင့် ချို့ချို့တဲ့တဲ့ ဖြစ်နေရပါသနည်း။ ရှောင်ဖေးတစ်ယောက် စဉ်းစားခန်း ၀င်နေမိသည်။ အနှီလူ၏ အရည်အချင်းများမှာ အလွန်အံ့ဩဖွယ် မဟုတ်ပါလော။
"ဟို ဒါနဲ့ ရှင့်ရဲ့ အတတ်ပညာတွေကို မိန်းကလေးတွေဆီရော မဖြန့်ဝေချင်ဘူးလားဟင်..." ရှောင်ဖေးသည် သူမကိုယ်တိုင်အတွက် မဟုတ်ပဲ အခြားသူများအတွက် မေးပေးနေသကဲ့သို့ ဟန်ဆောင်မေးလိုက်သည်။
ရန်ဖေးသည် ရှောင်ဖေး၏ မေးခွန်းကြောင့် မျက်ခုံးပင့်ကြည့်လာ၏။ "မိန်းကလေးတွေက တူပဲ ထုပေးလို့ရမယ်... မိန်းကလေးအားနဲ့ ဘယ်လိုလုပ်လို့ရမှာတုန်း..."
ရှောင်ဖေးသည် စိတ်ထဲမှနေသာ မေတ္တာကောင်းကောင်းပို့ပေးလိုက်သည်။ အပြင်၌တော့ ထုတ်မပြောရဲပါချေ။ စိတ်ဆိုးပြီး သူမအား ထားသွားပါလျှင် ဒုက္ခရောက်မည့်လူမှာ သူမပင် မဟုတ်ပါလော။
ထို့နောက်တွင်မူ ကိုယ်လက်ဆေးကြောပြီးနောက် အိပ်ရာကိုယ်စီ ၀င်ခဲ့ကြသည်။ ရှောင်ဖေးသည် အိပ်ရာထက်၌ နဖူးပေါ်လက်တင်ရင်း အတွေးများကို နယ်ချဲ့နေမိ၏။ ဤကာလ၌ ရှင်သန်နေရသည်မှာ ကြမ်းတမ်းသည့်တိုင် သူမအတွက် ကူညီမည့်လူများ ရှိနေသဖြင့် ဤအခြေအနေအပေါ် ကိုယ့်ကိုယ်ကိုယ် ကံကောင်းလှသည်ဟု ကောက်ချက်ချမိသည်။ ထို့နောက်တွင်မူ အမှုကိစ္စများကိုလည်း ရောက်တတ်ရာရာ စဉ်းစားနေမိရင်း အစလုပ်မိမှတော့ အဆုံးထိ ဆက်လုပ်မည်ဟု စိတ်ကို အားတင်းလိုက်ပြီးနောက် ရှောင်ဖေး၏ လေးလံနေသော မျက်ခွံများမှာ တဖြည်းဖြည်း ပိတ်ကျသွားတော့သည်။