အပိုင်း ၆။ အချစ်ကိုရှာဖွေခြင်း
ရန်ဖေးသည် ရှောင်ဖေး၏စကားအား အဖက်လုပ်၌ ပြန်မပြောပါချေ။
သူသည် ရှောင်ဖေး၏မျက်နှာကို တစ်ချက်အကဲခတ်ပြီးနောက် သောက်လက်စ ရေနွေးကြမ်းကိုသာ ဆက်သောက်နေခဲ့၏။ ထို့အပြင် ရှောင်ဖေး၏ စကားကိုလည်း ခေါင်းထဲ၌ လေးလေးနက်နက် စဉ်းစားပုံမပေါ်ပါ။
ရှောင်ဖေးသည်လည်း ရန်ဖေး၏အပြုအမူကြောင့် ဒေါသထွက်မိသော်ငြား ဘာမှ ခွန်းတုံ့မပြန်ပဲ ဆာလောင်မှုကို ဖြေဖျောက်ရန် ရေနွေးကြမ်းကိုသာ ဆက်သောက်နေခဲ့သည်။
ရန်ဖေးနှင့်ရှောင်ဖေးတို့ အသံတိတ်စစ်ပွဲ ဆင်နွှဲနေကြချိန်၌ အိမ်ပြင်မှာ အော်သံတစ်သံ ထွက်ပေါ်လာခဲ့၏။ "ထန်သခင်ကြီး ပြန်လာပါပြီ"
ထိုအသံနှင့် တစ်ဆက်တည်းလိုလို၌ပင် နောက်ထပ် အော်သံတစ်သံ ထွက်ပေါ်လာပြန်သည်။ "ဝူကျားချန် လာပါတယ်"
ထန်သခင်ကြီးမှာ ထန်မိန်းကလေး၏ ဖခင်ဖြစ်ပြီး သူမ ပြန်ရောက်လာလာချင်း၌ပင် အိမ်တော်ရှိ အလုပ်သမားများမှ အပြေးသွားရောက်၍ အကြောင်းကြားခဲ့ခြင်းဖြစ်၏။
ထို့နောက်တွင်မူ တံခါးပွင့်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသောကြောင့် ရှောင်ဖေးအနေဖြင့် စနည်းနာသည့်သဘောဖြင့် ကြည့်လိုက်ရာ အသက်လေးဆယ်အရွယ်ခန့် အမျိုးသားကြီးတစ်ဦးနှင့် ထိုလူကြီး၏နောက်၌ ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ဦးတို့ ၀င်လာသည်ကို တွေ့လိုက်ရသည်။
ထန်မိန်းကလေး၏အမည်မှာ ထန်လျန်ဟု ခေါ်တွင်ပြီး ထန်လျန်၏မိခင်ဖြစ်သူ ထန်လိသည်လည်း အသံကြားသောအခါ အစောပိုင်းက ၀င်သွားသော အခန်းတွင်းမှ လျင်မြန်စွာ ထွက်လာခဲ့၏။ သူမ၏မျက်လုံးများမှာ ငိုချတော့မတတ် နီရဲနေပြီး အမျိုးသားဖြစ်သူကို တွေ့သောအခါ အားကိုးသူ ရှာတွေ့သွားသကဲ့သို့ မျက်ရည်များ အလိုလို စီးကျလာတော့၏။
ထန်သခင်ကြီး၏အမည်မှာ ထန်ကျုံးဖြစ်ပြီး အဆိုပါအမျိုးသားကြီး၏ မျက်နှာသွင်ပြင်မှာမူ မှန်းဆရန် ခက်ခဲလှသည်။
သူ၏သမီးဖြစ်သူသည် တောင်ပေါ် ဓားပြများထံမှ လုယက်မှုကို ခံခဲ့ရပြီး သူတို့၏မျက်စိရှေ့၌ပင် ဖမ်းခေါ်သွားခြင်း ခံခဲ့ရ၏။ အစကမူ ထန်သခင်ကြီးသည် ကြောက်လန့်တကြားဖြင့် ပုံတူရေးဆွဲကာ လူတိုင်းစေ့ ဝေ၍ လိုက်ရှာပါသော်ငြား သမီးဖြစ်သူ၏ အစအနကို နည်းနည်းလေးမှပင် မရခဲ့ပါချေ။ သို့သော်ငြား ထန်သခင်ကြီးသည် သမီးဖြစ်သူ သက်ရှိထင်ရှားရှိနေသေးသည်ဟု ယုံကြည်စွာဖြင့် ဆက်လက်ရှာဖွေနေခဲ့ပြီး မည်သည့်သတင်းမှ မကြားရသောအခါ စိတ်ထဲမှ သမီးဖြစ်သူ သေဆုံးသွားလောက်ပြီဟု ခံယူလိုက်ကာ တိတ်တဆိတ် ၀မ်းနည်းနေခဲ့၏။
ပတ်ဝန်းကျင်၌လည်း အစက ထန်လျန်အကြောင်းကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ဝေဖန်ပြောဆိုကြသော်လည်း အချိန်ကြာလာသောအခါ ပါးစပ်များ သူ့အလိုလိုပိတ်သွားကြပြီး ထန်လျန်ကို မေ့မေ့ပျောက်ပျောက် ဖြစ်လာကြသည်။ ထန်သခင်ကြီးသည် သမီးဖြစ်သူအတွက် ၀မ်းနည်းပူဆွေးမိသော်ငြား အချိန်မြန်မြန် တိုက်စားသွားကာ သမီးဖြစ်သူအကြောင်းကို လူများအားလုံး မေ့သွားကြစေရန် တစ်ကိုယ်ကောင်းဆန်စွာ ဆုတောင်းမိ၏။ ကံမကောင်းစွာဖြင့် ယနေ့ နေ့လယ်စာ စားချိန်၌ ထန်လျန် အသက်ရှိသေးကြောင်းကို အိမ်နီးနားချင်းများမှ အသည်းအသန် အပြေးလာပြောကုန်ကြသည်။
ထန်ကျုံးသည် ထိုသတင်းကို စစကြားချင်း၌ အလွန်အံ့ဩသွားခဲ့ပြီး သမီးဖြစ်သူအား ဝိုင်း၀န်းမေးမြန်းနေမည်ကို စိုးရိမ်မိသောကြောင့် ဆိုင်အမြန်သိမ်းကာ သားဖြစ်သူနှင့်အတူ အိမ်သို့ အပြေးပြန်လာခဲ့၏။
သားအဖနှစ်ဦး ဧည့်ခန်းထဲသို့ ၀င်လာသောအခါ ရန်ဖေးက ချက်ချင်း ထ၍ ဂါရ၀ပြုလိုက်သောကြောင့် ရှောင်ဖေးသည်လည်း မြန်မြန်ထ၍ ရန်ဖေး၏ပြုလုပ်ပုံကို အတုယူကာ ထပ်တူ ဂါရ၀ပြုလိုက်သည်။ သို့သော်ငြား သူမ၏ ခြေထောက်များက အလွန်နာကျင်နေသည်မှာ တစ်ကြောင်း၊ခန္ဓာကိုယ်မှာ အားမရှိသည်က တစ်ကြောင်းတို့ကြောင့် မြန်မြန်ထလိုက်သောအခါ ခေါင်းမူး၍ ယိုင်တိုင်တိုင်ပင် ဖြစ်သွား၏။
ထန်ကျုံးသည် ထန်လျန်ကို ကယ်တင်ပေးခဲ့သူမှာ ရန်ဖေးဖြစ်ကြောင်း သိထားပြီးဖြစ်သောကြောင့် ရှောင်ဖေးတို့ရှိရာသို့ လာရောက်ကာ ကျေးဇူးတင်စကား ပြောကြလေတော့သည်။ သူတို့ပြောသောစကားများမှာ ယခုခေတ်ကဲ့သို့ ပေါ့ပေါ့ပါးပါး မရှိပဲ အချင်းချင်း တရိုတသေ ပြောနေကြသည့်စကားများ ဖြစ်သောကြောင့် ရှောင်ဖေးသည် နားထောင်နေရင်းဖြင့်ပင် တဖြည်းဖြည်း ပျင်းရိလာခဲ့၏။
ထို့နောက်တွင်မူ ထန်ကျုံး၏အကြည့်များသည် ရှောင်ဖေးစီသို့ ရောက်လာခဲ့သည်။ "ဒါနဲ့ ဒီမိန်းကလေးကရော"
ရှောင်ဖေးသည် ခဏတာမျှ အထိတ်တလန့်ဖြစ်သွားကာ အဖြေစကားကို ခေါင်းထဲ၌ အသည်းအသန် စဉ်းစားရလေတော့၏။ လူပေါင်းများစွာမှာလည်း သူမ ရှိရာသို့ စနည်းနာသည့်ဟန်ဖြင့် ကြည့်နေကြသောကြောင့် ရှောင်ဖေး၏ပါးနှစ်ဖက်မှာ ရှက်စိတ်ဖြင့် တဖြည်းဖြည်း နီရဲလာတော့သည်။ ရှောင်ဖေးသည် မည်သို့ ပြန်ဖြေရမည်မှန်း မစဉ်းစားတတ်တော့သဖြင့် အကူအညီတောင်းရန်အလို့ငှာ ရန်ဖေးရှိရာသို့ ကြည့်လိုက်သောအခါ သူမ၏အဖြစ်အား ကြိတ်ရယ်နေသော ကိုယ်တော်ချောကို တွေ့လိုက်ရ၏။
ရှောင်ဖေးသည် လူအများကြားထဲ၌ ကိုယ့်ကိုယ်ကိုယ် သေးသေးလေး ဖြစ်သွားသကဲ့သို့ ခံစားရကာ သူမ၏လက်နှစ်ဖက်ကို အချင်းချင်း ဆုပ်ကိုင် ဖျစ်ညှစ်လိုက်သည်။ ရန်ဖေးသည် ထိုအခြင်းအရာကို တွေ့မြင်လိုက်ရသဖြင့် မည်သို့မှ မတတ်သာတော့ပဲ ရှောင်ဖေးအား ကူပြောပေးရတော့၏။ "ဒီမိန်းကလေးကလည်း ဘုမသိ ဘမသိနဲ့ တောင်ကြားထဲ ရောက်လာလို့ အတူခေါ်လာတာပါ... ဘာပြဿနာမှ မရှိပါဘူး"
ထိုအခါ အပြစ်တင်ဝေဖန်ရန် နားထောင်နေကြသူများသည်လည်း ဘာမှမပြောနိုင်တော့ပဲ ပါးစပ်ပိတ်ရန်သာ တတ်နိုင်ကြတော့သည်။
"ထမင်းမစားကြသေးဘူးလားကွယ်... ဗိုက်ဆာနေတော့မှာပဲ" ထန်မိန်းကလေး၏မိခင်ဖြစ်သူ ထန်လိသည် အိုးတိုးအမ်းတမ်း ဖြစ်နေသောအခြေအနေအား ဖြိုခွဲလိုက်၏။ ထိုအခါမှ ထန်ကျုံးသည်လည်း ချောင်းတစ်ချက်ဟန့်ကာ အတွင်းခန်းထဲသို့ ၀င်သွားတော့သည်။ ခဏအကြာတွင်မူ ထန်းလျန်သည် ခေါက်ဆွဲနှစ်ပန်းကန်နှင့် ပြန်ထွက်လာခဲ့ပြီး ရန်ဖေးနှင့် ရှောင်ဖေးတို့ရှေ့၌ တစ်ယောက်တစ်ပန်းကန်ကျစီ ချပေးလိုက်ပြီး ရန်ဖေးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုက်၏။ "အစောနက သေချာ မပြောလိုက်ရလို့ပါ... ကျွန်မကို ကူညီပေးခဲ့လို့ ကျေးဇူးအများကြီးတင်ပါတယ်... မိန်းကလေးလည်း ရှေ့လျှောက် အစစအရာရာ ဂရုစိုက်ပါ"။ ထို့နောက်တွင်မူ ထန်မိန်းကလေးသည်လည်း အိမ်ထဲသို့ ပြန်၀င်သွားတော့သည်။
ရှောင်ဖေးသည် ဆာလောင်မှုကြောင့် ခေါက်ဆွဲပြုတ်ကို ခေါင်းမဖော်တမ်း စားနေပြီး တစ်ချက် တစ်ချက်လည်း ဘေးမှလူ၏ အခြေအနေအား အကဲခတ်ကြည့်သေး၏။ ခဏအကြာတွင် ထန်မိန်းကလေးသည် အတွင်းခန်းထဲမှ ပြန်ထွက်လာပြန်သည်။ "ရှင်တို့ ကူညီပေးခဲ့တာအတွက် အနူးအညွတ် ကျေးဇူးတင်ပေမဲ့ အိမ်မှာလည်း အခြေအနေတွေ မကောင်းတာမို့ ညအိပ်ခေါ်ဖို့ကျ သိပ်အဆင်မပြေဘူး ဖြစ်နေတယ်... အဲ့အတွက် တကယ့်ကို တောင်းပန်ပါတယ်နော်"
ရှောင်ဖေးသည် ထန်လျန်၏စကားကို ကြားပြီးနောက် သက်ပြင်းအလိုလို ချမိသွား၏။ ရန်ဖေးသည်လည်း ထန်မိန်းကလေး၏ စကားကို ကြားပြီးနောက် အလိုက်တသိဖြင့် နေရာမှထကာ ထန်မိန်းကလေးကို နှုတ်ဆက်ပြီးနောက် အထုပ်များဆွဲပြီး အိမ်ထဲမှ ထွက်သွားတော့သည်။ ထိုအခါ ရှောင်ဖေးသည်လည်း သူမအား ထားခဲ့မည်ဆိုးသာကြောင့် ရန်ဖေးနောက်သို့ အသည်းအသန် လိုက်ရပြန်တော့၏။
ရှောင်ဖေးတို့နှစ်ဦးသည် တစ်ဦးနောက်တစ်ဦးလိုက်ကာ လမ်းထဲ၌ ရှေ့ဆင့်နောက်ဆင့် လမ်းလျှောက်နေလျက်ရှိသည်။ ရန်ဖေးသည်လည်း စကားတစ်ခွန်းမှ ပြောခြင်းမရှိပဲ ရှောင်ဖေးသည်လည်း နှုတ်ဆိတ်နေခဲ့၏။ ရှောင်ဖေး၏ ခြေထောက်များသည် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဓားနဲ့မွှန်းနေသကဲ့သို့ ပြင်းထန်စွာ နာကျင်နေသည်။ သို့သော်ငြား ထိုနာကျင်မှုထက် ပိုကြောက်သည်မှာ သူမအနေဖြင့် ရန်ဖေးကို မျက်စပြတ်သွားပြီး တစ်ယောက်တည်း ကျန်နေခဲ့မည်ကိုဖြစ်၏။
ထို့နောက် ရန်ဖေးသည် သူ၏ခြေလှမ်းများကို ရုတ်တရက် ရပ်လိုက်လေရာ အာရုံပျံ့လွင့်နေသော ရှောင်ဖေးသည် ရန်ဖေး၏နောက်ကျောပြင်အား တိုက်မိလေတော့သည်။ ရန်ဖေးသည် ရှောင်ဖေးရှိရာသို့ လှည့်ကြည့်ရင်း သူ၏ပိုက်ဆံအိတ်ကို ထုတ်ကာ တစ်ချက်လှုပ်ကြည့်လိုက်၏။ ထို့နောက်တွင်မူ ပိုက်ဆံအိတ်ထဲရှိ ပိုက်ဆံများကို သူ၏လက်ဖဝါးထဲသို့ ထည့်လိုက်ပြီး ရှောင်ဖေးကို ကမ်းပေးလိုက်သည်။
ရှောင်ဖေးသည် သူမလက်ထဲသို့ ရောက်လာသော ကြေးဒင်္ဂါးဆယ့်ငါးပြားအား ကြောင်စီစီ ကြည့်နေမိ၏။
ရန်ဖေးသည် ဘာမှမပြောပဲ ရှောင်ဖေးအား ခပ်ပြုံးပြုံးသာ ကြည့်နေခဲ့သည်။ ရှောင်ဖေးသည် အံ့ဩတကြီးဖြင့် စိတ်လုံး၀မထိန်းနိုင်ပဲ ရန်ဖေးအား မေးလိုက်မိ၏။ "ဒါ ဒါက ရှင်ရဲ့ ပိုင်ဆိုင်မှု အကုန်ပဲလား"
"ဒါပေါ့... ငါ့မှာ ချမ်းသာတာဆိုလို့ ငါ့ရဲ့ခန္ဓာကိုယ်နဲ့ ဒီဒင်္ဂါးဆယ်ပြားပဲ ရှိတယ်" ရန်ဖေးသည်လည်း ရှောင်ဖေး၏အမေးကို မျက်ခုံးတစ်ဖက် ပင့်ကြည့်ရင်း ခပ်ထေ့ထေ့ ဖြေလိုက်သည်။
စုရှောင်ဖေးသည် ဒင်္ဂါးများကို စိုက်ကြည့်ရင်း ရုတ်တရက် ထမေးလိုက်၏။ "ဒီမှာက ပိုက်ဆံ ဘယ်လိုတွက်တာလဲ"
"ဘယ်လို?" ရန်ဖေးသည် ရှောင်ဖေး၏စကားကို နားမလည်ပါချေ။
ရှောင်ဖေးသည် ရန်ဖေး၏ အပြုအမူကြောင့် နားလည်နိုင်လောက်မည့် ဥပမာတစ်ခုဖြင့် ပြောရန် စဉ်းစားမိသည်။ ထို့နောက်တွင်မူ ဘေး၌ ရောင်းနေသည့် ပေါက်စီများကိုတွေ့ကား အကြံတစ်ခု ရသွားသည်။ "ဒီပိုက်ဆံနဲ့ ပေါက်စီနည်းနည်း ၀ယ်လို့ရလား"
ရန်ဖေးသည် ရှောင်ဖေးအား အံ့ဩသကဲ့သို့ တစ်ချက်ကြည့်ကာ ပြုံးလိုက်၏။ "ငါလည်း ဒီမြို့မှာ တစ်ခါမှ ၀ယ်မစားဖူးဘူး... ဒါပေမဲ့ တခြားမြို့တွေရဲ့ အခြေအနေတွေနဲ့တော့ သိပ်မကွာဘူး ထင်တာပဲ... သိပ်မကွာဘူးဆိုရင်တော့ ကြေးဒင်္ဂါးသုံးပြားကို ပေါက်စီတစ်လုံးရတယ်... ဆိုတော့ ငါတို့မှာရှိတဲ့ပိုက်ဆံနဲ့ဆို နည်းနည်းတော့ ၀ယ်နိုင်မှာပါ"
ရန်ဖေး၏စကားကို နားထောင်ပြီးနောက် ရှောင်ဖေးသည် သူမလက်ထဲမှ ဒင်္ဂါးပြားများကို ကြည့်လိုက်၏။ သုံးပြားပေး၍ ပေါက်စီတစ်လုံးရနိုင်လျှင် သူမ၌ ရှ်ိသော ပမာဏဖြင့်ဆိုလျှင် ပေါက်စီငါးလုံး ရပေလိမ့်မည်။ အကယ်၍ သူမသာ ချွေတာစားနိုင်ပါက နှစ်ရက် သုံးရက်မျှ စားနိုင်လိမ့်မည်သာပင်။သို့သော် သူမသည်လည်း ရန်ဖေးနှင့် မျှဝေစားသောက်ရမည်ဖြစ်သဖြင့် တစ်ရက် နှစ်ရက်မျှသာ ခံပေလိမ့်မည်။
ရန်ဖေးသည် ဘာစကားမှ မပြောပဲ ရှောင်ဖေးကိုသာ စိုက်ကြည့်နေခဲ့၏။ ဤသို့ဆိုလျှင် သူသည်လည်း သူမအား စောင့်ရှောက်နိုင်လိမ့်မည် မဟုတ်ကြောင်းကို သူမ အသေအချာ သိလောက်ပြီ မဟုတ်ပါလော။
"မိန်းကလေး..." ရန်ဖေး၏ စိတ်ထဲ၌ ရှောင်ဖေးအား ဘုရားကျောင်းတစ်ခုသို့ ပို့ပေးပြီး သွားရမည့်နေရာမတွေ့ပါက ထိုနေရာ၌ ခဏနေ၍ အေးဆေးစဉ်းစားပြီးမှ နေရာသို့ ပြန်ရန် ပြောမည်ဟု တွေးထားပြီး ရှောင်ဖေးကို ခေါ်လိုက်သော်ငြား ရန်ဖေး စကားမစရသေးခင်၌ပင် ရှောင်ဖေးထံမှ စကားသံ ထွက်ပေါ်လာခဲ့သည်။ "ဒါဆို ရှင် ပိုက်ဆံ ဘယ်လို ရှာမယ်လို့ စိတ်ကူးထားလဲဟင်"
ရှောင်ဖေးသည် မစဉ်းစား မဆင်ခြင်ပဲ မေးပြီးနောက်မှသာ ကိုယ့်ကိုကိုယ် ရှက်ကိုးရှက်ကန်း ဖြစ်သွား၏။ သူမ၏အဖြစ်မှာ ယောက်ျားပိုက်ဆံမရှိ၍ များများရှာပေးရန် ပြောဆိုနေသည့် အမျိုးသမီးတစ်ဦးအဖြစ်နှင့် ဆင်တူနေသည် မဟုတ်ပါလော။
"ငါ့မှာ အင်အားတွေ ရှိတာမို့ အင်အားသုံးပြီး ငွေရှာနိုင်ပါတယ်... ဘာအစီအစဉ်မှ မရှိတဲ့ မိန်းကလေးကိုယ် မိန်းကလေးသာ စိတ်ပူပါ"
ရန်ဖေးသည် အကယ်၍ သူမသာ သူမသည် ဆွေမျိုးများကိုလည်း မေ့ပြီး သူမ လာခဲ့သည့် နေရာကိုလည်း မေ့နေပြီဖြစ်သောကြောင့် ဘယ်သွားရမှန်းမသိဟု ပြောလာပါက သူမအား အကြောင်းသင့် ရှင်းပြကာ ဘုရားကျောင်းသို့ ပို့ပေးရန် စိတ်ထဲ၌ တေးထား၏။ သို့သော်လည်း ရန်ဖေး၏ အတွေးများနှင့် ဆန့်ကျင်စွာဖြင့်ပင် အနှီအမျိုးသမီးသည် ထင်မှတ်မထားသောအဖြေအား ပေးလာခဲ့သည်။
"ဒါဆို ရှင်က အလုပ်လုပ်ရင် ကျွန်မက နောက်ကနေ လိုက်ကူညီပေးမယ်လေနော်... ကျွန်မမှာလည်း တစ်ခုခုကို ဖြစ်ဖြစ်မြောက်မြောက် လုပ်တတ်တဲ့ အရည်အချင်းတော့ ရှိပါတယ်"
ထိုအခါ၌ ကြောင်အသွားသူမှာ ရန်ဖေးသာ ဖြစ်လေတော့၏။ ထို့နောက်တွင်မူ ရန်ဖေးသည် ရှောင်ဖေးနှင့် ဆက်မပြောတော့ပဲ သူ၏ခန္ဓာကိုယ်အား ရှေ့သို့ ပြန်လှည့်လိုက်တော့သည်။ ရှောင်ဖေးသည် အနှီအမျိုးသားမှာ ကြင်နာတတ်သည့် နှလုံးသားရှိသောကြောင့် သူမအား ပစ်မသွားလောက်ဟု တထစ်ချ တွက်လိုက်မိသော်ငြား အနှီအမျိုးသားသည် ရှောင်ဖေးအား နှုတ်ဆက်စကားပင် မပြောပဲ နေရာ၌ ထားသွားခဲ့၏။
ရှောင်ဖေးသည် မလှုပ်မယှက်ဖြင့် ထားခဲ့သော နေရာ၌သာ မတ်တတ်ရပ်နေခဲ့ပြီး တစ်ဆက်တည်း၌ပင် သူမ၏နှလုံးသားထဲ၌ ၀မ်းနည်းခြင်း၊ အားငယ်ခြင်း ၊ စိတ်ပျက်ခြင်းတို့ကို အလူးအလဲ ခံစားနေရသည်။ ထိုအချိန်၌ ရှောင်ဖေး၏ရှေ့သို့ အနီရောင်၀တ်စုံ ၀တ်ထားသည့် အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့၏။ "ဟေး... ခုနက မိန်းကလေးရှေ့ကနေ ထွက်သွားတဲ့ ရုပ်ချောချော အမျိုးသားက ဘယ်သူပါလိမ့်... သူ့နာမည်လေးများ သိလို့ရမလား"
ရှောင်ဖေးသည် ခေါင်းတွင်တွင်ခါပြလိုက်သည်။ယခုအချိန်၌ သူမသည် ထိုကိစ္စများအပေါ် အာရုံမစိုက်နိုင်ပါချေ။ ထို့အပြင် အနှီအမျိုးသားနှင့် အနှီအမျိုးသမီးတို့ကြား၌ မည်သည့်ဇာတ်လမ်းရှိသည်ကို သူမ မသိပါ။ သူမ သိသည်မှာ သူမ၏ ခြေထောက်များ ထုံကျဉ်ကိုက်ခဲနေပြီး မတ်မတ်မရပ်နိုင်လောက်တော့သည်ကိုသာ ဖြစ်သည်။
"မိန်းကလေးက ရူးနေတာလားကွဲ့" အဆိုပါအမျိုးသမီးသည် ရှောင်ဖေးအား ဆက်မေးလာခဲ့၏။
"ဟေး ငါမေးတာကို ဖြေဦးလေ"
ရှောင်ဖေးသည် အစက လျစ်လျူရှုလိုက်မည် စိတ်ကူးသော်ငြား ထိုမိန်းကလေးထံမှ အကူအညီ ရလိုရငြား အားတင်း၍ မေးကြည့်လိုက်သည်။ "တကယ်လို့ ရှင့်မှာ ပိုက်ဆံရှိတယ်ဆို ကျွန်မကို အလုပ်နည်းနည်းလောက် ပေးပါလားဟင်... ကျွန်မက ဒီကို တစ်ခါမှ မရောက်ဖူးတဲ့အပြင် အတိတ်ပါ မေ့နေလို့ပါ... ပြီးတော့ ကျွန်မ ခြေထောက်တွေက တအားနာနေပြီး အား လုံး၀ မရှိတော့ဘူးရယ်... ကျွန်မမှာ အကူအညီတောင်းရမဲ့ ဆွေမျိုးတွေလည်း မရှိတာမို့ မိန်းကလေး အဆင်ပြေရင် ကူညီပေးပါလားဟင်"
"တကယ့် သူတောင်းစား အရူးမနဲ့ လာတွေ့နေတာပဲ" ရှောင်ဖေး၏စကား မဆုံးသေးခင်မှာပင် အဆိုပါ အမျိုးသမီးသည် မြည်တွန်တောက်တီးကာ နေရာမှ လှည့်ထွက်သွားတော့၏။
'သူတောင်းစား?' ရှောင်ဖေးသည် သူမ၏အဖြစ်ကို တွေးကာ ကိုယ့်ကိုယ်ကိုယ် ပြန်ရယ်မိသွားသည်။ရှောင်ဖေးသည် အကူအညီတောင်းရန် စကားလုံးများကို မျိုသိပ်ကာ လူအုပ်ထဲသို့ တိုး၀င် ပျောက်သွားသည့် အဆိုပါအမျိုးသမီး၏ ပုံရိပ်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။
ရှောင်ဖေးသည် ရေဓာတ်မရှိသောကြောင့် ခြောက်သွေ့နေပြီဖြစ်သော နှုတ်ခမ်းများကို တစ်ချက်သပ်လိုက်၏။ သူမ၏ခြေထောက်များမှာ အလွန်နာကျင်နေပြီး ရပ်နိုင်စွမ်းပင် မရှိပါတော့ချေ။ ရှောင်ဖေးသည် လဲကျပြီး အထိနာသွားမည်ဆိုးသောကြောင့် လမ်းထောင့်စီသို့ သွားကာ ထိုင်ချလိုက်သည်။
အချိန်တရွေ့ရွေ့ ကုန်ဆုံးကာ သူမရှေ့မှ လူများစွာ ဖြတ်သန်းသွားခဲ့၏။ ထိုလူများသည် သူမကို အထူးအဆန်းကဲ့သို့ ကြည့်သွားကြသော်ငြား တစ်ယောက်မှ လာရောက်မေးမြန်း၍ ဖေးမကူခြင်း မရှိခဲ့ပါချေ။ စုရှောင်ဖေးသည် ထိုင်နေရင်းဖြင့် သူမကိုယ်သူမ ငုံ့ကြည့်မိ၏။ သူမနှင့် အရွယ်အစား ကွာခြားလှသည့် ယောက်ျား၀တ် အင်္ကျီကြီးထဲမှ သူမ၏ခန္ဓာကိုယ်သေးသေးလေးမှာ နစ်မြုပ်နေလျက်ရှိပြီး ခြေထောက်၌လည်း ရွှံ့များ ပေရေနေသည့် ခြေအိတ်တစ်စုံ ၀တ်ထားသေးသည်။ သူမကိုယ်သူမ မှန်ထဲ မကြည့်နိုင်သော်ငြား သူမ၏ပုံပန်းသွင်ပြင်မှာ မည်သို့ မည်ပုံ ဖြစ်နေလောက်မည်အား ရှောင်ဖေး ခန့်မှန်းနိုင်ပါ၏။
ထို့အပြင် ရှောင်ဖေးသည် ဤနေရာ၏ဥပဒေအကြောင်းကိုလည်း မသိပါချေ။ ၂၁ ရာစု၌ လူပျောက်လျှင် ရဲစခန်းသွား၍ ရသော်ငြား ဤနေရာ၌မူ မည်သည့်ရုံးတော်သို့ သွားရမည်ကိုပင် သူမ မသိပါ။ ထို့အပြင် အကယ်၍ ရုံးတော်သို့ ရောက်သွားသည့်တိုင် မည်သို့ ဆောင်ရွက်ပေးလာလိမ့်မည်အား သူမ အနေဖြင့် မခန့်မှန်းတတ်ပါ။
ရှောင်ဖေးသည် ဒူးခေါင်းကို လက်နှစ်ဖက်ဖြင့်ပိုက်ကာ ခေါင်းကို မှေးတင်ရင်း အတွေးပေါင်းများစွာ တွေးနေမိ၏။ စိတ်ထဲ၌ ထန်အိမ်တော်သို့ သွား၍ အကူအညီတောင်းရင် ကောင်းမည်လောဟုပင် စဉ်းစားမိသည်။ အနည်းဆုံး အိမ်တစ်အိမ်၌ အိပ်စက်ရခြင်းသည် လမ်းပေါ်၌ အိပ်စက်ရခြင်းထက် ပိုကောင်းသည် မဟုတ်ပါလော။
သို့သော်ငြား ကံမကောင်းသည်မှာ သူမသည် ထန်အိမ်တော်မှ ထွက်လာခဲ့စဉ်က ရန်ဖေးနောက်သို့သာ အားကိုးလိုက်ခဲ့သောကြောင့် လမ်းကြောင်းများကို မှတ်မထားမိခဲ့ပါချေ။ သို့သော်ငြား လမ်းမမှတ်မိတိုင်း ဤနေရာ၌ တစ်ချိန်လုံး ထိုင်နေ၍လည်း မဖြစ်ပါ။ အနည်းဆုံး သူမအနေဖြင့် အားထုတ်နိုင်သည်အထိ အားထုတ်သင့်သည် မဟုတ်ပါလော။
ရှောင်ဖေးသည် ထိုသို့စိတ်ထဲမှ တွေးကာ အားတင်းလိုက်ပြီး နေရာမှ ထလိုက်သည်။ သို့သော်ငြား သူမ၏ခန္ဓာကိုယ်သည် စိတ်သွားတိုင်း ကိုယ်မပါနိုင် ဖြစ်နေသောကြောင့် ထိုင်လျက် ပြုတ်ကျပြန်၏။ ရှောင်ဖေးသည် အံတင်းတင်းကြိတ်ကာ ပြန်ထရန် ကြိုးစားချိန်၌ အပြာရင့်ရောင်အင်္ကျီနှင့် မီးခိုးရောင်ဘောင်းဘီရှည်ကို ၀တ်ဆင်ထားသည့် အမျိုးသားတစ်ဦး သူမရှေ့၌ ပေါ်ထွက်လာခဲ့သည်။ ရှောင်ဖေးသည် အနှီအမျိုးသား၏မျက်နှာကို ရင်းနှီးနေသကဲ့သို့ စူးစိုက်ကြည့်နေခဲ့၏။
'သူ... သူ တကယ် ပြန်လာဝာာလား'
"ရှင်..." ရှောင်ဖေးသည် ၀မ်းနည်းလာသဖြင့် ဘာမှ ဆက်မပြောနိုင်ပါတော့ချေ။ "ကျွန်မလေ တကယ် ကြောက်နေခဲ့တာ... ကျွန်မလေ ဘာမှလည်း မမှတ်မိဘူး... ခြေထောက်ကလည်း တအားနာနေတာ... ဘယ်သွားလို့ သွားရမှန်းလည်း မသိဘူး... ကျွန်မလေ တကယ့်ကို တကယ့်ကို လမ်းပျောက်ပြီ ထင်နေတာ"
ရှောင်ဖေးသည် သူမ လည်ချောင်းကို တစ်ချက်ရှင်းကာ ထပ်ပြောလိုက်၏။ "တကယ်လို့ ရှင်သာ ထားသွားမယ်ဆို ကျွန်မတစ်ယောက်တည်း ဒီနေရာကြီးမှာ သေသွားလိမ့်မယ်ထင်တယ်"
ရန်ဖေးသည် ရှောင်ဖေးအား နှစ်သိမ့်သကဲ့သို့ ခေါင်းညိတ်ပြလိုက်သည်။ "မိန်းကလေးကို ဒုက္ခရောက်အောင် ထားသွားဖို့ စိတ်ကူးလုံး၀မရှိပါဘူး... အစောနက ကျွန်တော့်ကိုယ် ကျွန်တော် စိတ်မထိန်းနိုင်ရင် စကားမှားသွားမှာဆိုးလို့ ခဏရှောင်သွားတာပါ"
"ဒါဆို ကျွန်မ ရှင့်ကို မှီခိုအားကိုးလို့ ရပြီလားဟင်" ရန်ဖေးသည် ရှောင်ဖေး၏မေးခွန်းကြောင့် ကြောင်အသွားကာ ချောင်းတစ်ချက် ဟန့်လိုက်၏။အဆိုပါ မိန်းကလေးသည် ကိုယ့်စကားအဓိပ္ပာယ်အား မည်မျှအထိ သက်ရောက်သွားသည်ကိုပင် သတိထားမိပါသည်လော။ ရန်ဖေးသည် အနှီမိန်းကလေးအား ဆုံးမစကား ပြောချင်သော်ငြား သူမ၏ ကြည်တောက်ရှင်းနေသော မျက်၀န်းအိမ်လေးများကို ကြည့်ကာ စကားလုံးရှာမရတော့ပဲ "နောက်တစ်ခါ ဒီလိုမလုပ်နဲ့" ဟူ၍သာ ပြောလိုက်ရသည်။
ရှောင်ဖေးသည် ရန်ဖေး၏စကားကို နားမလည်ပါချေ။ နောက်တစ်ခါမလုပ်နဲ့ဆိုသည်မှာ သူ့အပေါ် မှီခိုခြင်းကို ပြောပါသည်လော။ သို့မဟုတ် လမ်းပေါ်၌ ထိုင်နေခြင်းကို ပြောပါသည်လော။ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် သနားခံခြင်းကို ပြောလိုပါသည်လော။ ရှောင်ဖေးသည် သေသေချာချာ စဉ်းစား၍ပင် မရပါချေ။
သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြချိန်၌ ဘေး၌ဖြတ်သွားသည့် လူနှစ်ဦးထံမှ စကားတစ်ခွန်းကို ကြားလိုက်ရသည်။ "အဲ့သူခိုးကို ဖမ်းနိုင်ရင် ငွေဒင်္ဂါးတွေ ရမှာတဲ့ကွ" ထို့နောက်တွင်မူ ရှောင်ဖေးတို့သည် တစ်ခုခုကို ဆိုလိုချင်သကဲ့သို့ အချင်းချင်း မျက်လုံးပြူးကာ ကြည့်လိုက်မိတော့၏။