Chapter 14

84 12 0
                                    

အပိုင်း ၁၄။ အချစ်ကိုရှာဖွေခြင်း

"ကျေးဇူး ညီလေး..." ရန်ဖေးသည် ရှောင်ပိုင် ကမ်းပေးသည့် စာအုပ်ကို ယူကြည့်လိုက်၏။

ရှောင်ဖေးသည် ‌ရန်ဖေးစီမှ စာအုပ်ကို ဆွဲယူပစ်ပြီး ကြည့်လိုသော်ငြား အစောက ရှောင်ပိုင်၏ ခွဲခြားခွဲခြား ပြောသွားသည့်စကားကြောင့် စိတ်ရှည်သည်းခံထားရန် ကိုယ့်ကိုယ်ကိုယ် သတိပေးလျက်ရှိသည်။

ကံကောင်းစွာဖြင့်ပင် ပိုင်ယွိလန်သည် ရှောင်ဖေး၏ မျက်နှာအရိပ်အကဲကို အကဲခတ်မိသောကြောင့် စာအုပ်ကို ရန်ဖေး ဖတ်ပြီးသောအခါ ‌စုရှောင်ဖေးထံ ကမ်းပေးလိုက်၏။

အဆိုပါ ကွင်းဆက်အမှုကြီးသည် လွန်ခဲ့သည့် တစ်နှစ်တည်းက စတင်ဖြစ်ပွားနေခဲ့ခြင်းဖြစ်ပြီး 'ချန်တဟု' ဟု အမည်တွင်သော ကန်နိုင်ငံမှ အမျိုးသမီးငယ်လေးသည် သူ၏ နေအိမ်၌ အသတ်ခံခဲ့ရသည်။ အသတ်ခံရမျှပင် မပြီးသေးပဲ သူမ၏ အမျိုးသမီးအင်္ဂါမှာလည်း ဖျက်ဆီးခံထားရသေး၏။ ထို့အတူ သူမ၏ ခန္ဓာကိုယ်ပေါ်၌ တွေ့ရှိရသည့် ဒဏ်ရာဒဏ်ချက်များမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှပြီး မြင်ရသူတိုင်းကို စုပ်တသပ်သပ် ဖြစ်စေခဲ့သည်။

ထိုအဖြစ်အပျက်ပြီး နောက်တစ်နေ့၌ နောက်ထပ်အမျိုးသမီးအလောင်းတစ်လောင်းကို ကန်နိုင်ငံ၏ မြစ်တစ်ခုထဲ၌ တွေ့ရှိခဲ့ရပြန်၏။ ထိုအလောင်းကို စတင် တွေ့ရှိခဲ့သူမှာ ချန်သူဌေးဖြစ်ပြီး သူသည် တွေ့လျှင်တွေ့ချင်း၌ပင် ရုံးတော်သို့ အကြောင်းကြားခဲ့သည်။ထို့နောက်တွင်မူ ရုံးတော်မှာ အပူတပြင်း ရှာဖွေခဲ့ပါသည့်တိုင် တရားခံ ခြေရာလက်ရာ ကျန်ခဲ့သော သဲလွန်စဟူ၍ မရှိခဲ့ပါချေ။

အဆိုပါ အလောင်းနှစ်လောင်းကိစ္စကို ရုံးတော်မှ စုံစမ်းစစ်ဆေးနေပါသော်ငြား ယခုထိတိုင် အဖြေမထွက်ပဲ ရှိနေဆဲပင်။

"မိန်းကလေးတွေကို ဘယ်လိုသတ်သွားတာလဲဆိုတာရော စုံစမ်းလို့ရလား" ရှောင်ဖေး စာအုပ်ကို ဖတ်ရင်း မေးမြန်းလိုက်သည်။

"ဓားမြှောင်နဲ့ သတ်ခဲ့တယ်ဆိုပြီး ရုံးတော်က ထုတ်ပြန်ထားတယ်..." ရန်ဖေးသည် ကြေညာချက်၌ ဖတ်ခဲ့ရသည့် အကြောင်းအရာကို သတိရသွားကာ ရှောင်ပိုင်အစား ဖြေပေးလိုက်၏။


"ဒါဆို ဓားမြှောင်ကို လူသတ်သမားက အဲ့ဒီအမျိုးသမီးအိမ်ထဲကို ယူလာခဲ့တာပေါ့? ဒါဆို အိမ်ထဲကိုရော ဘယ်လို၀င်ခဲ့တာလဲ..."

"ဓားမြှောင်ဆိုမှတော့ လူသတ်သမားဟာပဲ ဖြစ်မှာပေါ့... အမျိုးသမီးရဲ့ အိမ်ထဲမှာတော့ ဓားမြှောင်ကြီး ဆောင်ထားစရာ ဘာအကြောင်းရှိမှာလဲ... အိမ်ထဲ ၀င်ဖို့အတွက်ကတော့ ခြံထဲက ပန်းအိုးကြီးနဲ့ အိမ်တံခါးကို ထုပြီး ဖျက်ခဲ့တယ်ဆိုပဲ"

ရှောင်ဖေးတစ်ယောက် အဖြေများကို နားထောင်ရင်း တွေးတွေးဆဆ ဖြစ်သွားသည်။

"အလောင်းကို တွေ့တဲ့အချိန်မှာ မိန်းကလေးရဲ့ ခန္ဓာကိုယ်ပေါ် အ၀တ်တွေ ရှိသေးလား... အခင်းဖြစ်ပြီး အမျိုးသမီး ရှိနေတဲ့ နေရာက သူ့ရဲ့ အိပ်ရာပေါ်လား... မဟုတ်ရင် အိမ်ရဲ့ တစ်နေရာရာမှာလား..."

ရှောင်ဖေးထံမှ ဆက်တိုက်ထွက်ပေါ်လာသည့် မေးခွန်းများကြောင့် ပိုင်ယွိလန်ပင် တအံ့တဩ ဖြစ်သွားသည်။ အစ်မကြီးသည် သတ္တိရှိရုံမျှမက ဉာဏ်ပညာ ထက်မြက်မှုနှင့်လည်း ပြည့်စုံလှပေ၏။ ယခုကဲ့သို့ နားရှက်စရာ ကိစ္စရပ်ကြီးကိုပင် မရှက်မကြောက် မေးမြန်းနိုင်သေးသည်။ သူမ သိလိုသော အကြောင်းအရာများမှာလည်း ထူးဆန်းလှပေစွ။

ပိုင်ယွိလင်သည် အနှီမေးခွန်းများကို မိန်းကလေးတစ်ယောက်ထံ ဖြေဆိုရမည်ကို ရှက်သောကြောင့် နောက်ထပ်အကြောင်းအရာတစ်ခုစီသို့ စကားလွှဲလိုက်သည်။ "ရုံးတော်ကတော့ အဲ့ဒီကိစ္စတွေရဲ့ ကျူးလွန်သူက အခင်းဖြစ်ပွားတဲ့ အိမ်တော်က အစေခံတစ်ယောက်ယောက် ‌ဒါမှမဟုတ် အဲဒီအိမ်ကို ပစ္စည်းတွေ လာပို့ပေးနေကြ လူတစ်ယောက်ယောက်လို့ သံသယ၀င်ခဲ့သေးတယ်... တရားခံက အဲ့လိုပုံစံမျိုးနဲ့ အရောတဝင်နေပြီး အိမ်တည်ဆောက်ပုံကို သေချာလေ့လာပြီးမှ ပြစ်မှုကြီးကို ရဲရဲကြီး ကျူးလွန်နိုင်မှာမလား... ဒါပေမဲ့ သူတို့တွေ အစေခံတွေရော အလုပ်သမားတွေကိုရော အထပ်ထပ် သေချာစစ်ပေမဲ့ သံသယရှိဖွယ်အထောက်အထားတွေ ဘာတစ်ခုကိုမှ မတွေ့ခဲ့ရဘူး... အဲ့ကိစ္စဖြစ်ပြီး နောက်ထပ် လနည်းနည်းအကြာမှာလည်း မတူညီတဲ့ နေရာနှစ်ခုမှာ မိန်းကလေး အလောင်းနှစ်လောင်း ထပ်ပေါ်လာပြန်တယ်... နှစ်လောင်းလုံးမှာလည်း အဓမ္မ ပြုကျင့်ခံရတဲ့ လက္ခဏာတွေကို တွေ့ရပြီး အမွှေးတွေလည်း အရိတ်ခံထားရတယ်...‌ ပြစ်မှုကျူးလွန်တဲ့ တစ်နေရာမှာက တစ်ယောက်ယောက်က လူသတ်သမားကို ဖျတ်ခနဲတွေ့ပြီး ပတ်ဝန်းကျင်ကို လှမ်းအော်ခေါ်ပေမဲ့ လူသတ်သမားက သီသီလေး လွတ်သွားတယ်တဲ့..."

ရှောင်ဖေးသည် ရှောင်ပိုင်၏စကားများကို စကားဖြတ် ပြောဆိုခြင်းမရှိ။ ထိုအစား ကောင်ငယ်လေး ပြောသော စကားများကိုသာ ဆက်စပ် တွေးတောလျက်ရှိသည်။

ရှောင်ပိုင်သည် ပြောလက်စ စကားများကို ဆက်ပြောလိုက်​၏။ "ပြောရရင်တော့ ဒီအမှုကိစ္စသုံးခုလုံးကို တစ်ခုမှ မဖြေရှင်းနိုင်သေးဘူး... ကျူးလွန်ခံရတဲ့ ‌ကောင်မလေးတွေရဲ့ မိသားစု၀င်တွေကလည်း စိတ်ပျက်အားလျော့လာကြတာပေါ့... အမှုကို ပြန်လည်ပြီး သေချာစစ်ဆေးပေးဖို့ ရုံးတော်ကို အသနားခံစာတွေ သွားသွားတင်ကြတယ်... အမှုကိစ္စတွေအကုန်လုံးမှာလည်း ကျူးလွန်ခံရတဲ့လူက မိန်းကလေးတွေချည်း ဖြစ်နေတယ်... ပြီးတော့ ရိုးရိုး အသတ်ခံရတာ မဟုတ်ပဲ အဓမ္မကျင့်ပြီး အသတ်ခံရတာ... ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းလဲ... အဲ့ဒီ အမှုသုံးခုတောင် မပြီးသေးဘူး...‌ နောက်ထပ် တခြားမြို့တွေမှာလည်း အလားတူ ကိစ္စနှစ်ခု ထပ်ဖြစ်ပြန်ရော... ဆိုတော့ စုစုပေါင်း ငါးမှုပေါ့... ရုံးတော်က လူတွေကလည်း မတူညီတဲ့ နေရာတွေအထိ သွားရောက်ပြီး ကွင်းဆင်းလေ့လာပေမဲ့ ဘာမှကို ထူးခြားမှုမရှိသေးဘူး... ဒါပေမဲ့ အခု ကျွန်တော် စုံစမ်းပြီး ပြန်လာတဲ့ ယွင်ရှမြို့တော်က မိန်းကလေး လျို့ကျ ကတော့ အသက်ခံရမဲ့ဘေးကနေ သီသီလေး လွတ်လာ‌တာ..‌. ဆိုတော့ ဒီကိစ္စကြီးကို ဖော်ထုတ်‌ဖို့အတွက် လျို့ကျမိန်းကလေးရဲ့ နှုတ်ထွက်စကားတွေက အရေးအပါဆုံးပဲ... အံ့ဩစရာကောင်းတာကလေ တရားခံက သူ့ကို နေရာပေါင်းစုံမှာ ၀ရမ်းထုတ်ထားတာကို သိရဲ့သားနဲ့ အမှုတွေကို တစ်ခုပြီးတစ်ခု ကျူးလွန်နေနိုင်တာကိုပဲ..."

"မိန်းကလေး လျို့ကျ က သူ့ကို မြင်လိုက်တယ်ဆိုတဲ့ ဘယ်လိုပုံစံမျိုးလဲရော ပြောပြလား..." ရှောင်ဖေးသည် နားထောင်နေရင်းဖြင့် ရုတ်တရက် ထမေးလိုက်၏။ အကြောင်းမှာ တရားခံ၏ သွင်ပြင်အချက်အလက်များကို ကြေညာစာထဲ၌ ထည့်မရေးထားသောကြောင့်ပင်။

"အဲ့ဒါနဲ့ပတ်သက်ပြီးတော့ မသိခဲ့ရဘူးဗျ"

"ပြီးတော့ အမွှေးတွေ အရိတ်ခံရတယ်ဆိုတာကရော အကျူးလွန်မခံရခင်လား ခံရပြီးတဲ့နောက်လား"

'အားး!!!!!!' ပိုင်ယွိလင်တစ်ယောက် စိတ်ထဲ၌ အကြိမ်ကြိမ် အော်ဟစ်မိတော့၏။

"မိန်းကလေးလျို့ကျက တရားခံလက်ထဲကနေ လွတ်မြောက်ခဲ့တာမလား... ဆိုတော့ အဲ့ဒီမိန်းကလေးကို ကျူးလွန်တဲ့လူက အခု အဖြေမရှာနိုင်သေးတဲ့ အမှုကိစ္စတွေရဲ့ တရားခံအတူတူပဲ ဖြစ်နိုင်တယ်... ဆိုတော့ သူ့ရဲ့ အမွှေးတွေကလည်း အရိတ်ခံချင် ခံရနိုင်တယ်... အမွှေးရိတ်ထားတာက ဒီကိစ္စတွေအားလုံးမှာ တွေ့ရတဲ့ သက်သေတစ်ခု မဟုတ်လား... ဆိုတော့ မိန်းကလေး လျို့ကျ ကို ဒီကိစ္စအကြောင်း သေချာမေးမြန်းဖို့လိုသေးတယ်..."

ရှောင်ဖေးသည် မည်သူ့မျက်နှာကိုမှ မကြည့်ပဲ သူမ တွေးထင်နေသည့်အတိုင်း စက္ကန့်မလပ် ပြောကြားနေ၏။ ရှောင်ဖေးပြောသည့် စကားများသည် မိန်းကလေး‌တို့၏ လျှို့ဝှက်အပ်သောနေရာများနှင့် သက်ဆိုင်နေသောကြောင့် နားထောင်နေရသူ ယောက်ျားနှစ်ဦး၏ မျက်နှာများသည် တစ်စတစ်စ ရဲတက်လာကြတော့သည်။

ပိုင်ယွိလင်သည် ဆက်လက်၍ မခံစားနိုင်တော့သဖြင့် အနှီအမျိုးသမီးအား အစ်ကိုကြီးဖြစ်သူ ဆွဲထုတ်သွားပါစေဟု စိတ်ထဲ၌ တိတ်တိတ်လေး ကြိတ်ဆုတောင်းမိ၏။ သူသည်လည်း ယခုကိစ္စတွေ ပါ၀င်စုံစမ်းလိုသည့်တိုင် ယခုအချိန်အထိ သူ၏ ကိုယ်ပိုင် ကောက်ချက်များကို ပြောကြားပြီး ၀င်ရောက်မဆွေးနွေး၍သေးပဲ အနှီအမျိုးသမီး မေးသမျှကိုသာ ဒိုင်ခံဖြေနေရသည်။ သို့သော်ငြား တစ်ဖက်မှ ပြန်စဉ်းစားကြည့်လျှင်လည်း မိန်းကလေးတစ်ယောက် ရှိနေပါက စုံစမ်းမေးမြန်းရာ၌ ပိုမိုအဆင်ပြေနိုင်မည် ထင်သောကြောင့် မချစ်သော်လည်း အောင့်ကာနမ်းရုံသာ ရှိတော့သည်။

အခြေအနေများကို ရိပ်စားမိသော ရန်ဖေးသည် ပိုင်ယွိလင် ပေးထားသည့် စာအုပ်ကို ကြည့်ကာ ရှောင်ဖေး၏မေးခွန်းကို ပြန်ဖြေပေးလိုက်​၏။ "မိန်းကလေး လျို့ကျကတော့ သူ အရိတ်မခံထားရဘူးလို့ ပြောထားတယ်..."
"အာ... ဆိုတော့ အမွှေးရိတ်တာကို အရင်လုပ်တာပဲ ဖြစ်ရမယ်... အမွှေးရိတ်နေတဲ့ အချိန် အဲ့ဒီ မိန်းကလေး ရအောင် ပြေးနိုင်လို့သာ အသက်ရှင်နိုင်ခဲ့တာမလား... ဟုတ်တယ်ဟုတ်..."

"စာမှာ ပြောထားတဲ့အတိုင်းဆိုရင်တော့ မိန်းကလေး ပြောတဲ့အတိုင်း ဟုတ်ပါတယ်..."

တစ်ခွန်းမှ ၀င်မပြောပဲ စားပွဲအလယ်၌ ငေါင်ငေါင်ကြီး ထိုင်နေသော ပိုင်ယွိလင်၏ စိတ်ထဲ၌ အနှီအမျိုးသမီးမှာ အတော်လေးပင် စပ်စပ်စုစုနိုင်လှသည်ဟု ကောက်ချက်ချလိုက်မိ၏။ သို့သော်ငြား ပါးစပ်ကမူ ထုတ်မပြောခဲ့ပါချေ။ ထိုအစား သူ၏စိတ်ထဲမှ စကားနှင့် ဆန့်ကျင်စွာ နောက်ထပ်စကားတစ်ခွန်းကိုသာ ပြောလိုက်သည်။ "အစ်ကိုကြီးခင်ဗျ... ဒီဆိုင်က အစားအသောက်တွေက သာမန်အရသာပဲ ရှိတယ်... ကျွန်တော်တို့ ဒီထက်ကောင်းတဲ့ဆိုင်ကို ပြောင်းကြမလား..."

ထိုအခါ၌လည်း စုရှောင်ဖေးထံမှသာ အသံထွက်ပေါ်လာပြန်၏။ "ရှင် ဒီကိုလာတာ တရားခံရှာဖို့လား... မဟုတ်ရင် စားဖို့သောက်ဖို့ ရောက်လာတာလား..."

‌ပိုင်ယွိလင်၏စိတ်ထဲ၌ အကြီးအကျယ်ပင် တင်းသွားတော့သည်။ သို့သော်ငြား အမျိုးသမီးများနှင့် ရန်ဖက်ဖြစ်ခြင်းမှာ ယောက်ျားကောင်းတို့၏လုပ်ရပ် မဟုတ်သောကြောင့် မည်သည့်စကားနှင့်မျှ ခွန်းတုံ့မပြန်ခဲ့ပါချေ။ ထိုအစား သူ၏မကျေနပ်ချက်များကို စိတ်ထဲမှနေသာ စိတ်တိုင်းကျ ပြောဆိုနေခဲ့၏။ 'ဟူး... မိန်းမတွေ... မိန်းမတွေ... မိန်းမတွေ!!!!! '

ရန်ဖေးသည် လက်ထဲမှ စာအုပ်အား ခုံပေါ်သို့ အသာချလိုက်ပြီး ပိုင်ယွိလင်၏ ခွက်ထဲသို့ သေရည် ငှဲ့ပေးလိုက်သည်။ "ဆိုတော့ တရားခံကို လိုက်ဖို့ ညီငယ်လေးအနေနဲ့ ဘာတွေ စိတ်ကူးထားလဲ..."

အစောပိုင်းက စုရှောင်ဖေးကြောင့် အကြီးအကျယ် စိတ်ညစ်နေသော ပိုင်ယွိလင်သည် ရန်ဖေး၏စကားကို ကြားမှသာ မျှော်လင့်ချက်တို့ ပြန်လည်ရှင်သန်လာခဲ့၏။ အစ်ကိုကြီးတစ်ယောက်ကတော့ဖြင့် သူ့၏အကြံဉာဏ်ကို တောင်းခံလာသောကြောင့် ပိုင်ယွိလင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိသည်။

"အမှုကိစ္စတွေကို လေ့လာ‌ရသလောက် အဓမ္မအကျင့်ခံရတဲ့ မိန်းကလေးတွေအကုန်လုံးက ချမ်းသာတဲ့ အသိုင်းအဝိုင်းတွေကချည်းပဲ... ကျွန်တော် တခြားမိသားစုတွေနဲ့လည်း သွားတွေ့ကြည့်ဖို့ စဉ်းစားထားတယ်..."


"တရားခံက ချမ်းသာတဲ့မိန်းကလေးတွေကို ပစ်မှတ်ထားပေမဲ့ ပိုက်ဆံတွေ တစ်ပြားတစ်ချပ်မှ မယူသွားတာကတော့ စဉ်းစားစရာပဲ" စုရှောင်ဖေးထံမှ အသံထပ်မံ ထွက်ပေါ်လာပြန်၏။

ပိုင်ယွိလင်မှာ စိတ်ထဲ၌ပင် အပြစ်မတင်နိုင်တော့ပဲ ရှောင်ဖေးကို အလံဖြူပြလိုက်ရတော့သည်။

ရှောင်ဖေးသည် စားပွဲပေါ်၌ တင်ထားသော စာအုပ်ငယ်လေးအား ကောက်ယူပြီး အထဲမှ အကြောင်းအရာများကို လှန်လှော၍ ဖတ်လိုက်၏။ ပိုင်ယွိလင်သည် စုံစမ်းစစ်ဆေးသူ ပေါက်စ‌နလေး အဆင့်သာ ရှိသောကြောင့် တရားခံ၏ စိတ်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ ကောက်ချက်ချမှုများကို နားလည်နိုင်သေးလိမ့်မည် မဟုတ်ပေ။ ထို့အပြင် ပိုင်ယွိလင်သည် သူမအပေါ် ဒေါသထွက်လိုသည့်တိုင် ယောက်ျားကောင်းပီသစွာ ထိန်းချုပ်ထားသည်ကိုလည်း ရှောင်ဖေး ရိပ်မိ၏။

"ပိုက်ဆံတွေ ဓားပြမတိုက်သွားပေမဲ့ ပိုက်ဆံထက် ပိုပြီးတန်ဖိုးကြီးတာကို ဖျက်ဆီးသွားတယ်လေ..." ရန်ဖေးမှ မနေနိုင်တော့ပဲ ၀င်ပြောမိလိုက်သည်။ ထိုအခါ ပိုင်ယွိလင်မှာလည်း ပုတ်သင်ညိုကဲ့သို့ ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ရန်ဖေးကို စကားကို ထောက်ခံလေတော့​၏။ "ဟုတ်တယ်... ဟုတ်တယ်... အစ်ကိုကြီး ပြောတာ မှန်တယ်... အစ်ကိုကြီး အတော်ဆုံး..." ပိုင်ယွိလင်၏ ကလေးဆန်ဆန် အပြုအမူကြောင့် ရှောင်ဖေးမှာ မနေနိုင်တော့ပဲ တစ်ဖက်လှည့်ကာ ပြုံးလိုက်မိတော့သည်။

"အခု တရားခံရဲ့ လမ်းကြောင်းတွေက နေရာအနှံ့ကို ပျံ့နေတယ်... ဆိုတော့ သူ့ကို ထောင်ချောက်ဆင်ဖမ်းဖို့က နေရာအတိအကျ မသိရတဲ့အတွက် သိပ်ပြီး မလွယ်လှပေဘူး... ပြီးတော့ ထန်နိုင်ငံထက်ပိုပြီး ဆုကြေးငွေ ထုတ်ထားတဲ့ နိုင်ငံတွေလည်း ရှိနေတယ်... တရားခံက ဒီထက် ဝေးဝေးတော့ မပြေးနိုင်လောက်တော့ပါဘူး... ပြစ်မှုပေါင်းများစွာကို သူ ကျူးလွန်ခဲ့ပြီးပြီ... အခု ကျွန်တော့်မှာ ကျွန်တော့်ကို ကူညီပေးမဲ့ အစ်ကိုကြီးလည်း ရှိပြီဆိုတော့ ကျွန်တော်တို့အတူ ပူးပေါင်းပြီး တရားခံကို ဖမ်းနိုင်လိမ့်မည်လို့ ကျွန်တော် ယုံကြည်တယ်... ပြီးတော့ ကျွန်တော်တို့ ဘယ်နေရာကို အရင် သွားကြမလဲဆိုတာကို အစ်ကိုကြီးနဲ့ တိုင်ပင်ချင်တယ်..." ပိုင်ယွိလင်ဘက်မှ သူ၏သဘောထားကို ပြတ်ပြတ်သားသား ပြောကြားလိုက်သည်။

"အိမ်း... အခု တရားခံ ရှိနိုင်မဲ့နေရာတွေကို  ကောက်ချက်အမျိုးမျိုး ချလို့ရတယ်... ဒါပေမဲ့ သူ ရောက်နေတဲ့နေရာမှတော့ အလားတူ အမှုကိစ္စတစ်ခုခု ထွက်ပေါ်လာမှာပဲ" ရန်ဖေး တွေးဆဆ ပြောလိုက်၏။

"ဟိုရက်တွေတုန်းက ရှင် ကောက်ချက်ချထားတာတွေ ရှိတယ်လေ... ရှင့်ညီလေးသိအောင် အဲ့ဒီအချက်တွေ အရင် ပြောပြလိုက်ပါဦး..." ရှောင်ဖေးသည် သူမ စဉ်းစားထားသည့်အချက်များ ဖြစ်ပါက လက်ခံနားထောင်လိမ့်မည် မဟုတ်ကြောင်း ကြိုတင်တွက်ဆမိသောကြောင့် ရန်ဖေး၏နာမည်ကို တပ်ပစ်လိုက်သည်။

ထိုအခါ ပိုင်ယွိလင်မှာလည်း မျှော်လင့်ချက်အပြည့်ဖြင့် ရန်ဖေးကို ကြည့်လိုက်လေ​၏။ "အစ်ကိုကြီးဆီမှာ အကြံဉာဏ်ကောင်းလေးများရှိရင် ညီငယ်လေးကို လမ်းပြပေးပါဦး"

ရန်ဖေးသည် စုရှောင်ဖေးကို ကြည့်လိုက်သည်။ အနှီအကြောင်းအရာများသည် စုရှောင်ဖေးမှ သုံးသပ်ထားသည်များ မဟုတ်ပါလော။ "အစ်ကိုကြီးအစား သူ ရှင်းပြပေးလိမ့်မယ်..."

ရှောင်ဖေးသည် ရန်ဖေး၏ အကြည့်များကို နားလည်စွာဖြင့် ခါးကို ခပ်မတ်မတ်အနေအထားသို့ အရင်ပြင်ပြီးနောက် တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။ အမျိုးသား၊ အမျိုးသမီး ခွဲခြားမှုများကို ဤကာလ၌ ခပ်စိတ်စိတ် တွေ့မြင်နေရ၏။ အမျိုးသမီးထံမှ စကားများကို လားလားမှ ဂရုစိုက်ကြခြင်း မရှိပါချေ။ ယခုအဖြစ်အပျက်ကိုသာ ကြည့်ပါလော့။ ရန်ဖေး ဟု အမည်တပ်မှသာ ပိုင်ယွိလင်ဘက်မှ လိုလိုလားလား နားထောင်လာခြင်း မဟုတ်ပါလော။


"ရှင့်အစ်ကိုကြီး ပြောတာက အမှုကိစ္စတွေ တစ်ခုပြီးတစ်ခု ဖြစ်လာလေလေ... တရားခံရဲ့ အားနည်းချက်တွေကလည်း ပိုပြီး ပေါ်လာလေလေပဲတဲ့... အခုတရားခံ ကွင်းဆက်အမှုတွေပါ ကျူးလွန်နိုင်တာမို့ တခြားလူသတ်တရားခံတွေထက် ဉာဏ်ပြေးတယ်လို့ ကောက်ချက်ချလို့ရတယ်... ပြစ်မှုတစ်ခုကို အောင်အောင်မြင်မြင် ကျူးလွန်နိုင်လေလေ သူ့ကိုယ်သူ ပိုပြီးတော့ ယုံကြည်ချက် ရှိလာလေလေပဲ... ပြစ်မှုကျူးလွန်တဲ့နေရာတွေအထိ သွားစုံစမ်းဖို့ကလည်း အရေးကြီးပေမဲ့ တရားခံက ဘာဖြစ်လို့ ဒီလောက်အထိ လုပ်ရတယ်ဆိုတဲ့ အဓိက ဇာစ်မြစ်ကိုလည်း ရှာဖွေဖော်ထုတ်ဖို့ လိုသေးတယ်... တရားခံရဲ့ စိတ်အခြေအနေ‌ကို တူးဆွနိုင်လေလေ သူဘာလို့ ဒီလိုမျိုးတွေ ကျူးလွန်ခဲ့ရလဲဆိုတဲ့ အဖြေကို မြန်မြန် တွေ့နိုင်လေလေပဲ... အဲ့ကနေတစ်ဆင့် တရားခံရဲ့ ပျော့ကွက်ကို ခန့်မှန်းပြီး ဖမ်းပစ်လို့ရတယ်"

ပိုင်ယွိလင်သည် ရှောင်ဖေး၏စကားကို နားထောင်ရင်း ရန်ဖေးဘက်သို့ အံ့ဩတကြီး လှည့်ကြည့်လိုက်သည်။ "ဝါး... အစ်ကိုကြီးက ဒီလောက်ထိ တွေးနိုင်တာ တော်လိုက်တာ..."

ရန်ဖေးသည် မည်သည့်စကားကိုမှ ပြန်မပြောပဲ အောင့်သက်သက်သာ ပြုံးပြလိုက်တော့သည်။





အချစ်ကိုရှာဖွေခြင်းWhere stories live. Discover now