အပိုင်း ၁၀။ အချစ်ကိုရှာဖွေခြင်း
ရန်ဖေး အပြင်ထွက်သွားသောကြောင့် ရှောင်ဖေးသည် အိမ်၌ သတိဖြင့် နေခဲ့ရ၏။ သူမသည် ရန်ဖေးနောက် လိုက်လိုသော်ငြား သူမ၏ ခြေထောက်မှာ စိတ်သွားတိုင်း ကိုယ်မပါနိုင်သည်ဖြစ်ရာ အခန်းတွင်း၌သာ နေပြီး အပြင်ဘက်မှ လှုပ်ရှားမှုခြေသံများကို နားထောင်နေရသည်။
အမှန်အတိုင်း ပြောရမည်ဆိုလျှင် တစ်ယောက်တည်း နေခဲ့ရခြင်းကို ရှောင်ဖေးအနေဖြင့် လွန်စွာ ကြောက်မိပါ၏။ သူမသည် ဤနေရာရှိ အကာအကွယ် ဥပဒေများ အကြောင်းကိုလည်း တစ်စွန်းတစ်စမျှ သိထားခြင်း မရှိပါချေ။ သူမ ဤနေရာသို့ စစရောက်ချင်း ကြားရသည့်အဖြစ်မှာလည်း ဓားပြများထံမှ ထွက်ပြေးလာသည့် ထန်မိန်းကလေးအကြောင်းပင် မဟုတ်ပါလော။ ထို့ကြောင့် ရှောင်ဖေးသည် ဤနေရာ၌ လုံခြုံရေးတင်းကြပ်မှုမရှိဟု ယူဆကာ သတိနှင့် နေထိုင်နေရ၏။
ရှောင်ဖေး အပြင်ဘက်မှာ ခြေသံများ နားစွင့်နေဆဲမှာပင် ခြေသံတစ်ခု ကြားလိုက်ရပြီး ထိုခြေသံမှာ ရှောင်ဖေးတို့ အခန်းရှေ့၌ ရပ်တန့်သွားလေသည်။
ထို့ကြောင့် ရှောင်ဖေးသည် တံခါးနားသို့ ကပ်သွားကာ အပြင်ဘက်မှ လှုပ်ရှားသံများကို အားစိုက်၍ နားထောင်ကြည့်လိုက်၏။
"ကျေးဇူးတင်ပါတယ် စုန့်သူဌေး" ထိုအခိုက် ချိုသာသည့် မိန်းကလေးအသံ ထွက်ပေါ်လာခဲ့သည်။ သေချာနားထောင်ကြည့်မည်ဆိုလျှင် ထိုအသံအား ရှောင်ဖေး ရင်းနှီးနေသကဲ့သို့ပင် ခံစားရသည်။
"အဲ့ဒီကောင်မလေး ခြေထောက်ပြန်ကောင်းရင်တော့ သူ့ဘာသာ ထွက်သွားပါလိမ့်မယ်" နောက်ထပ်အသံ ထွက်ပေါ်လာသောအခါ အနှီမိန်းကလေးမှာ ထန်မိန်းကလေးဖြစ်ကြောင်း သိလိုက်တော့၏။
ထို့နောက်တွင်မူ တံခါးခေါက်သံ ချက်ချင်းဆိုသလို ထွက်ပေါ်လာသောကြောင့် တံခါးဖွင့်ပေးလိုက်ရာ တံခါးအပြင်ဘက်၌ ရှိနေသူသည် ရှောင်ဖေး ထင်သည့်အတိုင်း ထန်မိန်းကလေး ဖြစ်နေတော့သည်။
ထန်မိန်းကလေးသည် ရှောင်ဖေးအပေါ် စေတနာ သိပ်မရှိသော်ငြား ရှောင်ဖေးကို မြင်သောအခါ ချိုမြစွာ ပြုံးပြလိုက်၏။ "နေရထိုင်ရ အဆင်ပြေရဲ့လား မိန်းကလေး"
"ပြေပါတယ်" တစ်ဖက်လူမှ မရိုင်းလာသောကြောင့် ရှောင်ဖေးလည်း ယဉ်ယဉ်ကျေးကျေးသာ ပြန်ဖြေလိုက်သည်။
"မနေ့က ကျွန်မဆီ ရန်ဖေး ရောက်လာသေးတယ်လေ... မိန်းကလေးက သူ့အ၀တ်အစားတွေ ၀တ်နေရတာ မသင့်လျော်ဘူးဆိုပြီး ကျွန်မဆီအကူအညီ လာတောင်းတယ်ရယ်... အဲ့တုန်းက အိမ်မှာလည်း ကိစ္စလေးတွေ ရှုပ်နေလို့ အ၀တ်အစားတွေ သေချာရှာမပေးလိုက်ရဘူး... အဲ့ဒါကြောင့် အချိန်ပေးပြီး သေချာရှာပြီးတော့ ထပ်လာပေးလိုက်တာ"
ရှောင်ဖေးသည်လည်း ရန်ဖေးအပေါ် အလွန်အားနာသွားကာ ထန်မိန်းကလေးအား အိမ်ထဲသို့ ၀င်ရန် မြန်မြန် ဖိတ်ခေါ်လိုက်သည်။
ထန်မိန်းကလေးသည်လည်း အိမ်ထဲသို့ ၀င်လာပြီး အိမ်ကို တစ်ချက် လေ့လာကြည့်ပြီးနောက် ထော့နဲ့ထော့နဲ့ဖြင့် လျှောက်နေသည့် ရှောင်ဖေးကို မြင်သောအခါ ခုံပေါ်၌ လျင်မြန်စွာ ထိုင်ခိုင်းလိုက်၏။ ရှောင်ဖေးသည်လည်း ဧည့်သည်က ပြန်လည် ဖေးမနေရသဖြင့် အနည်းငယ် အားနာသွားကာ ကုတင်ကို လက်ညှိုးထိုးပြကာ ထိုင်ခိုင်းလိုက်သည်။
"ခြေထောက်ရော ဘယ်လိုနေသေးလဲ မိန်းကလေး" ထန်မိန်းကလေးမှ စတင်၍ မေးလာ၏။
"သေချာလျှောက်လို့တော့ မရသေးပေမဲ့ အများကြီး သက်သာလာပါပြီ"
"ခြေထောက်သက်သာသွားရင် ဘယ်ကို သွားမယ် စိတ်ကူးလဲဟင်... နည်းနည်းပါးပါး မှတ်မိလာတာမျိုးရော ရှိလား"
ရှောင်ဖေး ခေါင်းကိုသာ အသာခါပြလိုက်သည်။
ထန်လျန် သက်ပြင်းအသာချမိလိုက်၏။ "ဘာဖြစ်ဖြစ် မိန်းကလေး အဆင်မပြေသရွေ့တော့ ရန်ဖေးက စောင့်ရှောက်ပေးပါလိမ့်မယ်"
ထန်မိန်းကလေး၏စကားကို အသိအမှတ်ပြုသည့်အနေဖြင့် ရှောင်ဖေး ခေါင်းငြိမ့်ပြလိုက်သည်။ စင်စစ်အားဖြင့် ရှောင်ဖေးသည် ကိုယ့်ကိုယ်ကိုယ်ထက် ထန်မိန်းကလေးအတွက် ပို၍ပင် စိတ်ပူမိ၏။ ထန်မိန်းကလေးသည် မနေ့တစ်နေ့ကမှ အန္တရာယ်ကြားထဲမှ လွတ်မြောက်ခဲ့သူဖြစ်ပြီး သူမကို ကြည့်ရသည်မှာ စစတွေ့တုန်းကထက်ပင် စိတ်ဖိစီးမှုများ များပြားနေဟန် ထင်ရသည်။ ကြည့်ရသည်မှာ ထန်အိမ်တော်မှ အနှီမိန်းကလေးအား လုံလောက်သော နှစ်သိမ့်မှုများ မပေးနိုင်ကြသည် ဖြစ်လိမ့်မည်။
လောကကြီး၌ လူအမျိုးမျိုး စိတ်အထွေထွေ ရှိလေရာ ကိုယ်စီ ကိုယ်စီ၌လည်း အတွေးမျိုးစုံ အမြင်မျိုးစုံ ရှိကြမည်ပင်။ မည်သူတစ်ဦးတစ်ယောက်၏ အတွေးကိုမှ ကန့်သတ်၍ မရနိုင်ပါချေ။ ထို့အပြင် ဤကာလကြီးသည် ရှောင်ဖေးတို့ ခေတ်သစ်လူနေမှုနှင့် မတူပဲ စည်းစနစ်ကြီးသော၊ အမြင်ကျဉ်းလှသူတို့ များပြားသည်ကြောင့် ဤနေရာ၌ ကြီးပြင်းလာရသည့် မိန်းကလေးများသည် ရှောင်ဖေးကဲ့သို့ ၂၁ ရာစုမှ မိန်းကလေးများထက် ပို၍ အဘက်ဘက်မှ စိတ်ဖိစီးကြပေလိမ့်မည်။
ရှောင်ဖေးသည် ထန်မိန်းကလေး စိတ်ပေါ့ပါးအောင် မည်သို့ပြောရမည်အား စဉ်းစားလျက်ရှိ၏။
"ထန်မိန်းကလေးက ဒီမြို့မှာ နေတာ ကြာပြီလားဟင်" ရှောင်ဖေးသည် ပေါ့ပေါ့ပါးပါး မေးခွန်းနှင့်သာ စကားဝိုင်းကို စလိုက်သည်။
"ကြာပြီရယ်... အမေက ဒီမြို့မှာပဲ မွေးတာလေ... ပြီးတော့ ဒီမြို့ထဲမှာပဲ ဆိုင်ဖွင့်ထားတော့ တစ်ခါမှ ဒီမြို့ထဲကနေ ထွက်ပြီး တခြားနေရာ အခြေမချဖူးဘူး"
ထန်လျန်သည် မိခင်အကြောင်းကိုသာ ပြောပြပြီး ဖခင်နှင့် အစ်ကိုဖြစ်သူအကြောင်းကိုမူ ထည့်မပြောခဲ့ပါချေ။
ရှောင်ဖေးသည် တပြုံးပြုံးဖြင့် ခေါင်းတငြိမ့်ငြိမ့် ဖြစ်နေ၏။ "ထန်မိန်းကလေးက အမေနဲ့ တော်တော်လေး ဆင်တယ်ရော"
"တကယ်လား... တခြားသူတွေလည်း မိန်းကလေးလို ပြောကြတယ်"
ဤသို့ဖြင့် ထန်လျန်နှင့် ရှောင်ဖေးတို့၏ စကားဝိုင်းသည် အပေးအယူမျှမျှဖြင့် ပေါ့ပေါ့ပါးပါး ဖြစ်သွားကာ ထန်မိန်းကလေးသည် သူမ၏အကြောင်းများကို အလိုလို ဖွင့်ဟလာတော့သည်။ ရှောင်ဖေး သိရသည်မှာ ထန်သခင်ကြီးသည် ငယ်စဉ်တည်းက သားဖြစ်သူကိုသာ တန်ဖိုးထားပြီး သမီးဖြစ်သူအပေါ် ဂရုတစိုက်မရှိခဲ့ပေ။ ထန်မိန်းကလေး အန္တရာယ်ကြားမှ ပြန်ရောက်လာစဉ်ကလည်း လူကြားကောင်းအောင် အနည်းငယ်မျှသာ စိတ်ပူပေးပြီး နောက်ကွယ်တွင်မူ ထန်လျန် ဂရုမစိုက်၍သာ ယခုကဲ့သို့ အဖမ်းခံရခြင်းဖြစ်သည်ဟု အပြစ်တင်ခဲ့၏။ ထိုအကြောင်းများကို ပြောကြားနေစဉ်အတွင်း ထန်လျန်၏ မျက်၀န်းများ၌ မျက်ရည်ဥများ ခိုတွဲနေခဲ့သည်။
ရှောင်ဖေးသည် ထန်လျန်အား နှစ်သိမ့်ပေးလိုက်ပြီး အခြားသော အကြောင်းအရာဖြင့် အာရုံလွှဲလိုက်၏။ "အဲ့ဒီတုန်းက ကယ်တင်ရှင်ကြီး ပေးတဲ့ ကိတ်မုန့်လေ... မာလွန်းလို့ ကျွန်မဖြင့် မနည်းမျိုချလိုက်ရတယ်ရှင်"
ရှောင်ဖေး၏အပြောကို ထန်မိန်းကလေးက ခပ်ဖွဖွ ရယ်လိုက်သည်။ "အဲ့လိုမျိုးကို မိန်းကလေးတို့ဘက်မှာ တစ်ခါမှ မစားဖူးလို့ နေပါလိမ့်မယ်... ကျွန်မတို့ကတော့ ဒီလိုမျိုးတွေပဲ စားနေရတာမို့ ဘာမှ ထွေထွေထူးထူး မဖြစ်ဘူးရယ်"
"ဒါနဲ့ ရှင် အဖမ်းခံရတုန်းက ဓားပြက ရှင့်ကို ဘယ်နေရာမှာ ချုပ်ထားခဲ့တာလဲ မှတ်မိလား... ပြီးတော့ သူ ဘာတွေ ကျွေးလဲ"
ထန်မိန်းကလေးသည် မျက်လုံးများကို မှေးစဉ်းကာ စဉ်းစားကြည့်သော်ငြား မည်သို့မှ စဉ်းစား၍မရပါချေ။ "ကျွန်မ မမှတ်မိဘူး ဖြစ်နေတယ်"
ရှောင်ဖေးသည် ဘာမှမပြောပဲ ထန်မိန်းကလေးထံမှ အဖြေကို စောင့်နေသော်ငြား မိန်းကလေးဘက်မှ ဘာမှ ပြောမလာခဲ့ပါချေ။ ထိုအစား ထန်လျန်သည် နေရာမှ ထရပ်ကာ အိမ်သို့ပြန်ရန် ပြင်ဆင်လိုက်သည်။ ထန်မိန်းကလေးသည် မပြန်ခင်၌ ရှောင်ဖေးအား ရုတ်တရက် ထမေးလေတော့၏။ "မိန်းကလေးအနေနဲ့ ရှေ့လျှောက် ဘာလုပ်ဖို့ စီစဉ်ထားလဲ"
ရှောင်ဖေး ပြုံးပြုံးလေး တုံ့ပြန်လိုက်သည်။ "ကျွန်မရဲ့ ခြေထောက်တွေကလည်း အခုထက်ထိ အဆင်မပြေသေးဘူးလေ... ပြီးတော့ မှတ်ဉာဏ်ကလည်း ဘာမှ ပြန်စဉ်းစားလို့ မရသေးတာမို့ လောလောဆယ်တော့ ဘယ်မှ မသွားနိုင်သေးဘူး ဖြစ်နေတယ်... ဒဏ်ရာတွေကို ပျောက်အောင် အရင်ဆုံး ကုရဦးမယ်... ပြီးမှ တခြားကိစ္စတွေ စဉ်းစားတာပေါ့လေ"
ထန်လျန် ခေါင်းညိတ်ပြလိုက်၏။ "တကယ်လို့ ဒီမှာ ကြာကြာရှိဦးမယ်ဆို အချိန်ရတဲ့အခါ ကျွန်မ ထပ်လာလည်ပါဦးမယ်"
နှစ်ဦးသား လေးစားသမှုဖြင့် အချင်းချင်း နှုတ်ဆက်ပြီးနောက် ထန်လျန်တစ်ယောက် အိမ်သို့ ပြန်သွားခဲ့သည်။
ထန်လျန် ထွက်သွားပြီးနောက် ရှောင်ဖေးသည် နေရာ၌ ပြန်ထိုင်ကာ အကြောင်းအရာတစ်ခုအား နက်နက်နဲနဲ စဉ်းစားနေခဲ့၏။ သူမသည် ထန်မိန်းကလေးထံ ဓားပြများ၏ တည်နေရာအကြောင်း စနည်းနာကြည့်သော်ငြား မမှတ်မိတော့ကြောင်းသာ အဖြေပေးခဲ့သည်။ ရှောင်ဖေးသည် စိတ်ပညာရှင်တစ်ဦး ဖြစ်သည့်အားလျော်စွာ ထန်မိန်းကလေး လိမ်နေကြောင်း တပ်အပ်သိသော်ငြား အမှန်တရား ထွက်လာအောင် ဖိအားပေးခြင်းလည်း သူမ မလုပ်နိုင်ပါ။
ထို့အပြင် ထန်လျန်တစ်ယောက် စိတ်ရောဂါတစ်မျိုးမျိုး ခံစားနေရသည်မှာ အသေအချာပင်။ သူမ အိမ်ပြန်ရောက်သွားသည့်တိုင် သူမ၏ စိတ်ဖိစီးမှုများမှာ မသေးလှပါချေ။ ထန်မိန်းကလေးသည် ကြင်နာတတ်သူတစ်ဦးဖြစ်ရာ ရှောင်ဖေးသည် အနှီမိန်းကလေးအား ကူညီလိုလှသည်။ ထန်မိန်းကလေးကို ကူညီပြီး သူမကိုယ်သူမ ပိတ်လှောင်ထားသည့် စိတ်ရောဂါဝေဒနာထုကြီးမှ ထုတ်ပေးလို၏။ သူမသာ ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်ပါက ထန်မိန်းကလေးသည် ဓားပြနေရာကို ဖော်ထုတ်ကာ အခြားသူများအတွက် တရားမျှတမှုအား ယူဆောင်ပေးနိုင်ပေလိမ့်မည်။
စုရှောင်ဖေး အတွေးယာဉ်ထဲ နစ်မျောနေစဉ်မှာပင် ရန်ဖေး ပြန်ရောက်လာခဲ့သည်။
ထိုအခါ ရှောင်ဖေးသည် အလွန်တက်ကြွသွားကာ မျှော်လင့်ချက်များ ပြည့်နှက်နေသည့် မျက်၀န်းများဖြင့် ရန်ဖေးကို ကြည့်လိုက်၏။
"ဘာထူးလာလဲဟင်" ရှောင်ဖေး စိတ်၀င်တစား မေးကြည့်လိုက်သည်။
ရန်ဖေး ခေါင်းခါပြလိုက်၏။ "မိန်းကလေး စိတ်ပျက်သွားမှာတောင် စိုးရိမ်မိပါတယ်... ကျွန်တော် ပြောထားတဲ့အတိုင်းပဲ... ကြေညာစာတွေက တခြားရွာတွေ မြို့တွေမှာလည်း နေရာအနှံ့ ကပ်ထားပြီးသွားပြီ... ဓားပြတွေကလည်း ဘယ်ဆီဘယ်ရောက်နေမှန်း ဘယ်သူမှ မသိသေးဘူး... ပြောရရင်တော့ သူတို့ကို ဖမ်းရတာက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာနေရသလိုပဲ ဖြစ်နေမှာ"
"ဓားပြပုံစံကို သေချာသိတဲ့ မျက်မြင်သက်သေတွေရော ရှိလားဟင်"
"ကျွန်တော် မြို့ထဲက အဘိုးတစ်ယောက်စီမှာတောင် သတင်းနှိုက်ခဲ့သေးတယ်... သူတို့လည်း တစ်သက်နဲ့တစ်ကိုယ် ဒီလိုပြစ်မှုမျိုး တစ်ခါမှတောင် မမြင်ဖူးဘူးတဲ့... ဒါပေမဲ့ ယွင်ရှမြို့တော်မှာလည်း 'လျို့ကျ' ဆိုတဲ့ မိန်းကလေးကလည်း ဓားပြတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်ဆိုပဲ... ဒါပေမဲ့ ဖြစ်နေချိန်မှာ အကူအညီရဖို့ အစွမ်းကုန် အော်ဟစ်ခဲ့တာမို့ ကယ်တဲ့လူတွေ ရောက်လာပြီး လွတ်သွားခဲ့တာတဲ့"
"ဒါဆို အဲ့ဒီမိန်းကလေးက မျက်မြင်သက်သေပဲ မဟုတ်လား"
"အဲ့လို ယူဆလို့ ရပါတယ်... ပြီးတော့ ယွင်ရှမြို့တော်ကိစ္စ ပြီးသွားပြီး နင်အန်းမြို့မှာလည်း အလားတူဖြစ်ရပ်တွေ ဖြစ်ပြန်တယ်... သူတို့ လိုချင်တာတွေ ရပြီးသွားရင် အဲ့ဒီမြို့ကို ခွာပြီး နောက်တစ်နေရာ ထပ်ရောက်သွားပြန်ရောတဲ့... သူတို့က သူတို့ သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေအတိုင်း လှည့်ပတ်သွားနေတာ... ဒါကြောင့် အစိုးရက သူတို့ တစ်နေရာရာမှာ ရှိလိုရှိငြား ခန့်မှန်းပြီး နေရာတိုင်းမှာ ကြေညာစာတွေ လိုက်ကပ်ထားကြတာ"
စုရှောင်ဖေး ခေါင်းတငြိမ့်ငြိမ့် လုပ်နေ၏။ "ဒါပေမဲ့ ဖြစ်စဉ်တိုင်းကတော့ တစ်ပုံစံတည်းပဲ မဟုတ်လား... လုမယ်... မိန်းကလေးတွေကို အနိုင်ကျင့်မယ်... ဟုတ်တယ်ဟုတ်... ဒါကြောင့်လည်း အစိုးရက ဒါတွေအားလုံးကို တစ်ယောက်တည်းက လုပ်နေတယ်ဆိုပြီး သတ်မှတ်ထားတာနေမယ်"
"ဟုတ်တာပေါ့"
"သူတို့ကို ခွဲခြားသိနိုင်မဲ့ အသေးစိတ် အချက်အလက်တွေရော ရှိလား"
"အဲ့ဒါတော့ ကျွန်တော် မမေးမိခဲ့ဘူးပဲ... အဲ့အဘိုးက ဒီကိစ္စက လျှို့ဝှက်ရမဲ့ ကိစ္စတစ်ခုလိုပဲတဲ့... ဒါကြောင့် အပြင်လူတွေကို လွယ်လွယ် ပြောပြလို့မရဘူးတဲ့လေ"
"အချက်အလက်တွေ သေချာမသိပဲ ဘယ်လိုလုပ်ပြီး ဖမ်းလို့ရမှာလဲ... သူတို့ချည်းပဲဖမ်း သူတို့ချည်းပဲ သိမ်းချင်နေကြတာလားမသိဘူး"
ထို့နောက် ရှောင်ဖေး ဆက်ပြောလိုက်သည်။ "ကျွန်မ ပြောပြမယ်... တကယ်လို့ အဲ့ဒီလူသာ ပြစ်မှုဆက်တိုက် ကျူးလွန်မယ်ဆို သူ မထင်မှတ်ပဲ ကျန်ခဲ့မယ့် တူညီတဲ့သဲလွန်စ တစ်ခုခုတော့ ရှိရမယ်... ပြီးတော့ ကျူးလွန်တဲ့သူက ဘာအကြောင်းအရင်းမှ မရှိပဲ သက်သက်ကြီး သူ့ကိုယ်သူ ဒုက္ခရောက်အောင်တော့ လုပ်မှာ မဟုတ်ဘူး... တရားခံဆီမှာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ခုခု ရှိနေတာဖြစ်ဖြစ်... မဟုတ်ရင် ပတ်ဝန်းကျင်ဖိအားတွေကြောင့် ဖြစ်ဖြစ်ပေါ့... ကျွန်မတို့က သူ့ရဲ့ မူလအရင်းအမြစ်ကို ရအောင် စုံစမ်းရမယ်... အဲ့ဒါကိုသိမှ သူက ဘယ်သူလဲ... ဘာလို့ ဒီလောက်ထိ ပြစ်မှုတွေ လုပ်ထားတာလဲ... သူ ဘာတွေတွေးနေတာလဲ... သူ ပြစ်မှတ်ထားနေတာဘာလဲ... စသည်ဖြင့်ပေါ့"
ထို့နောက်တွင်မူ ရှောင်ဖေးသည် ပြောလက်စ စကားကို ခဏရပ်ကာ ရန်ဖေးကို ကြည့်လိုက်ရာ သူမအား အပြစ်တင်လိုသည့် အရိပ်အယောင်များ မရှိသည်ကို တွေ့ရသောကြောင့် အားတက်သရော ဆက်ပြောလိုက်၏။
"ဆိုဝောာ့ကာ တရားခံကို ဖမ်းချင်တယ်ဆို သူနဲ့ပတ်သက်တဲ့ သတင်းတွေ အများကြီးကို ထပ်ပြီး စုံစမ်းဖို့ လိုအပ်သေးတယ်"
ရှောင်ဖေး၏စကားသံ ဆုံးမှသာ ရန်ဖေးထံမှ အသံထွက်ပေါ်လာခဲ့သည်။ "မိန်းကလေးက ဘာမှသာ မမှတ်မိတာ... စဉ်းစားတွေးခေါ်တာကတော့ အံ့ဩစရာပဲ"
ရှောင်ဖေးသည် ခဏမျှ ငြိမ်သွားကာ ကိုယ့်ခေါင်းကိုယ် ကိုင်ရင်း မှင်သေသေမျက်နှာဖြင့် ပြောလိုက်၏။ "ဦးနှောက်သေပေမဲ့ အရည်အချင်းတွေ မသေသေးဝာာနေမယ်"
ရန်ဖေး ချောင်းအသာ ဟန့်လိုက်သည်။ "မိန်းကလေး စဉ်းစားတာတွေက တကယ့်ကို ဝောာ်တာပါ"
ရှောင်ဖေးသည် တစ်ချက် ပြုံးပြကာ ပြောလက်စစကားကို ဆက်ပြောလိုက်၏။ "ဘာဖြစ်ဖြစ် ကျွန်မတို့တွေ အားမလျှော့ပဲ အချင်းချင်း ဖေးမရင်း တရားခံကို ရအောင် ဖမ်းကြတာပေါ့... ကျွန်မတို့ဆီမှာဆို ဒီထက်ဆိုးတဲ့ကိစ္စတွေတောင် ဖြစ်သေးတယ်"
"ကျွန်မတို့ဆီမှာ?... မင်း ပြန်မှတ်မိနေတာလား"
ထိုအခါမှ ရှောင်ဖေးသည် လွှတ်ခနဲ ထွက်သွားမိသည်ကို သတိထားမိကာ ခေါင်းနပန်းကြီးသွား၏။သို့သော်ငြား ဟန်ကိုယ်ဖို့ကာ သတိမထားမိဟန် ပြောလိုက်သည်။ "ပါးစပ်က အလိုလို ထွက်သွားတယ် ထင်ပါရဲ့... ဘာပဲဖြစ်ဖြစ် မိန်းကလေးတွေကို လက်ခုပ်ထဲကရေလို လုပ်နေတဲ့ အဲ့ဒီတရားခံကို ရအောင် ဖမ်းရမယ်... ဒါမှ မိန်းကလေးတွေဘ၀က ဒီထက်ပိုပြီး လုံခြုံမှုရှိလာမှာ... မဟုတ်ရင် ဘာလုပ်လုပ် ကြောက်ရွံ့နေကြပြီး စိတ်မလုံခြုံတာတွေ ဖြစ်နေကြလိမ့်မယ်... ဒါကြောင့် အားလုံးအတွက် တရားမျှတမှုကို ကျွန်မတို့က ယူပေးကြရအောင်"
"ကောင်းပါပြီ... မိန်းကလေးက တအား ကြင်နာတတ်ပုံပဲ"
"တကယ်လို့ ဆုကြေးငွေသာ မရှိခဲ့ရင်ရော မိန်းကလေး ဒီကိစ္စကို ဖော်ထုတ်ဖြစ်မယ်ထင်လား"
"အာ... ဆုကြေးငွေကလည်း တရားမျှတမှုလိုပဲ အရေးကြီးတယ်လေ... ဟီးဟီး"
ရှောင်ဖေး၏စကားကို ကြားပြီးနောက် အနှီ ကိုလူချောမှာ မနိုင်ဘူးဟူသည့် အမူအရာဖြင့် ခေါင်းကိုသာ အသာခါမိလေတော့သည်။