အပိုင်း ၁၂။ အချစ်ကိုရှာဖွေခြင်း
ဤသို့ဖြင့် ရှောင်ဖေးနှင့် ရန်ဖေးတို့သည် အခြားမြို့သို့ သတင်းနှိုက်ရန် ထွက်သွားသူထံမှ သတင်းစကားကို သုံးရက်တိတိ စောင့်ဆိုင်းခဲ့ကြသည်။
သူမ၏ခြေထောက်များသည် ယခင်ကထက် အများကြီး သက်သာလာပြီ ဖြစ်ပြီး စိတ်လွတ်ကိုယ်လွတ် အလျင်အမြန် လမ်းလျှောက်၍တော့ မရသေးပါချေ။ သို့သော်ငြား သူမသည် အဘွားကြီးတစ်ဦးကဲ့သို့ တစ်ချိန်လုံး ထိုင်နေစရာ မလိုအပ်တော့ပါ။ သွားတိုက်တံ ၀ယ်ဖို့ရာ ပိုက်ဆံမရှိသေးသောကြောင့် ရှောင်ဖေးသည် နေ့စဉ်နေ့တိုင်း မိုးမခကိုင်းကိုသာ သွားတိုက်တံလုပ်၍ သန့်ရှင်းရေး ပြုလုပ်နေရ၏။
ရှောင်ဖေး၏ နေ့စဉ်အချိန်ဇယားမှာ မနက် အိပ်ရာထ၊ သွားတိုက်၊ မုန့်စား၊ ညရောက် ပြန်အိပ် စသည့်ဖြင့် အလှည့်ကျလုပ်ရင်း ခပ်မြန်မြန်ပင် တစ်နေ့တာ ကုန်ဆုံးသွားသည်။ စုန့်သူဌေးသည် သေရည်ဆိုင် ဖွင့်ထားသည် ဆိုသော်ငြား ညစဉ်ညတိုင်း သေရည်လာသောက်ကြသူများမှာ ရှောင်ဖေး မထင်မှတ်ထားလောက်အောင် နည်းပါးလွန်းလှ၏။
ထို့အပြင် ဤနေရာ၌ ၂၁ ရာစုကဲ့သို့ အချိန်အား တစ်နာရီ၊ နှစ်နာရရီ၊ သုံးနာရီ စသည်ဖြင့် မတိုင်းတာကြပါချေ။ ထို့ကြောင့် ရှောင်ဖေးသည် အချိန်ကို မည်သို့မှတ်ရမည်မှန်းမသိ အတွေးကြပ်လှသည်။ သူမ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ကောင်းကင်ကို ကြည့်၍ နေ့တာ၊ ညတာ ခန့်မှန်းခြင်းပင်။
ရှောင်ဖေးသည် အချိန်အတိအကျ သိလိုလှသဖြင့် တစ်နာရီ၊ နှစ်နာရီ စသည်ဖြင့် မည်သို့ခွဲခြားကြောင်း အနှီကိုလူချောကို မေးမြန်းကြည့်ရာ တစ်နာရီဆိုလျှင် တစ်ချက်၊ နှစ်နာရီဆိုလျှင် နှစ်ချက် တုံးခေါက်ပြီး အသိပေးသည်ဟု ပြန်ဖြေခဲ့၏။ ထို့ကြောင့် ရှောင်ဖေးသည် တုံးခေါက်သံကို အထူးဂရုပြုပြီး နားထောင်သော်ငြား ကြားရသည့်အချိန်ဟူ၍ တစ်ခါမှပင် မရှိသေးပါ။
ထို့အပြင် ရှောင်ဖေးသည် ရှားစောင်းပင်နှင့် ခေါင်းလျှော်ရခြင်းကိုလည်း သင်ယူနိုင်ခဲ့သေးသည်။
ဤကာလ၌ ခေါင်းလျှော်ရေချိုးရန် ကိုယ်တိုက်ဆပ်ပြာ၊ ရှန်ပူဟူ၍ သပ်သပ်စီ ခွဲမထားပါ။ သူတို့သည် ရှားစောင်းပင်ကို ရေစင်စင်ဆေးကာ အထဲမှ အဆီများကို ထုတ်လိုက်ပြီး ဆပ်ပြာမြှုပ်သဖွယ် ဖြစ်အောင် ပြုလုပ်ကာ ခေါင်းကို သုတ်လိမ်း၍ ရေစင်အောင် ဆေးရသည်။
ရေချိုးခြင်းသည် ရှောင်ဖေး၏ စိန်ခေါ်မှုအကြီးကြီးဖြစ်ကာ ရေစည်နှစ်ကန် ကုန်သည်သာမကပဲ အချိန်များစွာ ယူရသေး၏။ ထိုရေစည်နှစ်ကန်ကို ရန်ဖေးက ဖြည့်ပေးသောကြောင့် ရှောင်ဖေးအနေဖြင့် လွန်စွာ အားနာရသေးသည်။ ကံကောင်းသည်မှာ ရေပူဖြစ်နေခြင်းပင်။ ရေအေးသာဖြစ်ပါက ကြိုချက်ရသည်နှင့်ပင် ဒုက္ခရောက်ပေဦးမည်။
ရှောင်ဖေးသည် ရန်ဖေးကို ဒုက္ခမပေးလိုတော့သည်က တစ်ကြောင်း၊ သူမသည်လည်း ခြေထောက်များ အတန်အသင့် ကောင်းလာပြီမှာ တစ်ကြောင်းကြောင့် ယခုမှစကာ ကိုယ့်အားကိုယ်ကိုး၍ ရေခပ်မည်ဟု စဉ်းစားထားသည်။
သူမသည် အရင်နေ့များက ရန်ဖေး ရေခပ်ပုံကို သေချာကြည့်ထားသည်ဖြစ်သောကြောင့် သူမအတွက် အခက်အခဲ မရှိလောက်ပါချေ။ ကိုလူချောသည် ရေတွင်းထဲမှ ရေခပ်ကာ ရေစည်ထဲသို့ ထည့်ပေးခြင်းဖြစ်ပြီး ရေတွင်းကို ဘောင်ခတ်ထားသည့် အတန်း၏ အလယ်တည့်တည့်၌ ကြိုးအရှည်ကြီး တစ်ချောင်းရှိပြီး ယင်း ကြိုးအရှည်ကြီး၏ အဆုံး၌ ရေပုံးတစ်ပုံးကို ချည်ထားသည်။ ထိုရေပုံးအား ရေတွင်းထဲသို့ ပစ်ချပြီး 'ပလုတ်' ဆိုသည့် အသံကြားပါက ထိုရေပုံးအား ဆွဲတင်လိုက်ရုံပင်။
ထို့ကြောင့် ရှောင်ဖေးသည် ထိုနည်းလမ်းအတိုင်း လုပ်ပြီး ရေပုံးကို ဆွဲတင်လိုက်သော်ငြား ပုံးထဲ၌ ရေတစ်စက်မှ ပါမလာခဲ့ပါချေ။ ထို့နောက် ရှောင်ဖေးသည် ထပ်မံ၍ ရေပုံးကို ရေတွင်းထဲသို့ ပစ်ချပြီး အသံကြားပြီးနောက် ပြန်တင်ကြည့်လိုက်ရာ ရေမပါလာသည်ကို တွေ့ရာ ခေါင်းထဲ၌ စဉ်းစားခန်း ဖွင့်ရတော့သည်။ ကိုလူချောအလှည့်တုန်းကမူ ယခုကဲ့သို့ အသံကြားပြီး ပြန်တင်လိုက်လျှင် ရေအပြည့် ပါလာသည် မဟုတ်ပါလော။
သူမအလှည့်တွင်မူ အဘယ်ကြောင့် ရေတစ်စက်မှ မပါလာရပါသနည်း။
ရှောင်ဖေးသည် ရလဒ်ကို လက်မခံနိုင်သောကြောင့် ရေတွင်းထဲသို့ ရေပုံးကို ထပ်ပစ်ချကာ ထပ်ဆွဲတင်ကြည့်ပြန်၏။ သို့သော် ယခုထိတိုင် ရေတစ်စက်မှ ပါမလာသေးပါ။
"မိန်းကလေးက ရေပုံးကို မကြည့်ပဲ ဒီတိုင်း ပစ်လိုက်တာလေ... ပစ်လိုက်တဲ့ ရေပုံးက ရေပေါ် ပေါလောပေါ်နေမှတော့ ဘယ်ရေက ပါလာမှာတုန်း" ရန်ဖေးသည် ရှောင်ဖေးကို စောင့်ကြည့်နေသော်ငြား ဘယ်လိုမှ ဆက်မကြည့်နိုင်တော့သဖြင့် မနေနိုင်မထိုင်နိုင် ၀င်ပြောလိုက်တော့သည်။
ထို့နောက်တွင်မူ အနီးသို့ ရောက်လာကာ ရေခပ်ခြင်းအတတ်ပညာကို သင်ကြားပို့ချလေတော့၏။ ရေပုံးကို ရေတွင်းထဲသို့ ပစ်လိုက်ပြီး ပြီးရော မထားပဲ ထိုရေပုံးသည် ရေတွင်းထဲမှ ရေများအောက်သို့ပါ ရောက်သွားခြင်း ရှိ၊ မရှိကိုပါ တစ်ခါတည်း ကြည့်ပြီးမှ ရေပုံးကို ဆွဲတင်ရမည် ဖြစ်၏။ သို့မှသာ ရေပါလာမည်ဖြစ်သည်။ ရေပုံးကို ပြီးပြီးရော ပစ်လိုက်ပြီး ရေအောက်သို့ ကျမသွားပါက ရေပေါ်တွင်သာ ပေါလောပေါ်နေမည်ဖြစ်ပြီး ရေပါလာလိမ့်မည် မဟုတ်ပါချေ။
စုရှောင်ဖေးသည် ရန်ဖေး၏ သင်ကြားမှုအတိုင်း တသွေမတိမ်း လိုက်လုပ်ရာ နောက်ဆုံးတွင် ရေပုံးထဲ၌ ရေပါလာတော့သည်။ ရှောင်ဖေးသည် အလွန်အမင်း ပျော်ရွှင်သွားပြီး ရေပုံးကို ဆွဲတင်လေတော့၏။
'ဘယ်လိုတောင် လေးလိုက်တဲ့ရေပုံးလဲ!!!!!!' ရှောင်ဖေးစိတ်ထဲမှ ဘုရားတမိလိုက်သည်။ ရှောင်ဖေးသည် အံတင်းတင်းကြိတ်ကာ ရှိသမျှအင်အားကို အသုံးပြုပြီး ရေပုံးကို ဆွဲတင်သော်ငြား ရှောင်ဖေး၏အင်အားထက် ရေပုံး၏အင်အားက ပိုများနေသောကြောင့် ကြိုးတစ်၀က်လောက်ထိသာ တက်လာပြီး ရေအောက်သို့ ပြန်မြုပ်သွား၏။ ရှောင်ဖေး၏ လက်များသည်လည်း ကြိုးဆွဲရသည့်ဒဏ်ကြောင့် နီရဲနေလေပြီ။
သို့သော်လည်း ရှောင်ဖေးတစ်ယောက် လက်မလျှော့ပဲ ဆက်လက်၍ ကြိုးစားနေ၏။ သို့သော်လည်း သူမလက်များ နာသွားရုံသာ အဖတ်တင်ပြီး ရေပုံးကမူ အပေါ်သို့ပင် တက်မလာခဲ့ပါချေ။
ရှောင်ဖေး၏အဖြစ်ကို ကြည့်နေသည့် ရန်ဖေးမှာ အလွန်သနားလာပြီး ထိုမြင်ကွင်းကို ဆက်မကြည့်နိုင်တော့သဖြင့် လာကူညီပေးရတော့သည်။ "မိန်းကလေးတစ်ယောက်တည်း ဆက်ဆွဲနေလို့ကတော့ ဒီရေပုံးက ဘယ်လိုမှ တက်လာတော့မှာ မဟုတ်ဘူး... ကျွန်တော်ပဲ လုပ်လိုက်ပါ့မယ်... မိန်းကလေးက ဘေးမှာ ငြိမ်ငြိမ်လေးသာ ရပ်နေပါ"
'ဒါ ငါ့ကို နှိမ်သွားတာမလား!!!!!' ရှောင်ဖေးသည် ရန်ဖေး၏စကားကြောင့် ဒေါသထွက်သွားသော်လည်း သူမ၏ဘ၀မှာ အနှီလူအပေါ် မှီခိုနေရသေးသည်ကြောင့် ရန်ပြန်မတွေ့နိုင်ပဲ ငြိမ်ငြိမ်လေးရပ်ကာ ရန်ဖေး၏စကားကို တသွေမတိမ်း လိုက်နာလိုက်ရတော့သည်။
ဤသို့ဖြင့် ရန်ဖေး၏အကူအညီကြောင့် ရေစည်များ ရေအပြည့်ဖြစ်သွားပြီး ရှောင်ဖေးတစ်ယောက် ရေချိုးနိုင်တော့၏။ ယခုရှောင်ဖေးသည် အရင်ရှောင်ဖေးနှင့် မတူတော့သည်ကို ကိုယ့်ကိုယ်ကိုယ် သတိထားမိလာသည်။ အရင်ရှောင်ဖေးသည် ကိုယ်မှန်သည် ထင်လျှင် ကက်ကက်လန်အောင် ပြန်ပြောတတ်ပြီး ကိုယ့်အပေါ် နည်းနည်းလေးမှ သေးသေးတင် မခံတတ်သူပင်။ ယခုမူ သူမသည် ပြန်ပြောရန်ဝေးစွ။ ဒေါသထွက်လျှင်ပင် ထိန်းချုပ်နိုင်ပြီဖြစ်သည်။
ဤနည်းဖြင့် တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားပြီး သုံးရက်မြောက်နေ့၌ ထန်မိန်းကလေးသည် ရှောင်ဖေးထံသို့ ထပ်မံ၍ အလည်ရောက်လာတော့၏။
ဒုတိယအကြိမ်တွေ့ဆုံမှု၌ ရှောင်ဖေးနှင့် ထန်မိန်းကလေးတို့၏ စကားဝိုင်းမှာ ပထမအကြိမ်ထက် ပိုမိုအဆင်ပြေလာပြီဖြစ်ပြီး ထန်မိန်းကလေးသည်လည်း ပေါ့ပေါ့ပါးပါး စကားပြောနိုင်လာပြီဖြစ်သည်။ ထန်မိန်းကလေး၏ ပြောကြားချက်အရ ထန်သခင်ကြီးမှာ သူမအား အနီးအနားမြို့သို့ပို့ကာ သီလရှင်၀တ်ခိုင်းနေပြီး ထန်မိန်းကလေးမှာ မည်သို့မှ စိတ်မပါပဲ ရှိနေ၏။ ထန်မိန်းကလေးဘက်မှ ယခုကဲ့သို့ စိတ်ခံစားချက်များ ပြောပြလာခြင်းမှာ ရှောင်ဖေးအတွက် ရလဒ်ကောင်းတစ်ခုပင်။
ရှောင်ဖေးသည်လည်း ထန်မိန်းကလေး စိတ်ပေါ့ပါးစေရန် သူမသည်လည်း ခြေထောက်များ ပြန်သက်သာလာပါက ရန်ဖေးမှာ သူမအား ထိုနေရာသို့ ပို့ပစ်မည်ဖြစ်ကြောင်း ပြောပြလိုက်သည်။ ထန်လျန်သည် ဘာတစ်ခွန်းမှ ကောင်းသည်၊ ဆိုးသည် မပြောသည့်တိုင် ရှောင်ဖေး စိတ်သက်သာရာရစေရန် စကားလုံးကောင်းများဖြင့် နှစ်သိမ့်ပေးခဲ့၏။
ထန်လျန်၏ တည်ရှိမှုမှာ ရှောင်ဖေးအတွက် အရေးပါလှသည်။ ကူးပြောင်းခဲ့ပြီးနောက် ထန်လျန်မှာ သူမ လေ့လာရမည့် ပထမဆုံး လူနာပင် မဟုတ်ပါလော။ ထန်လျန်ဘက်မှာ အကူအညီမတောင်းသော်ငြား ရှောင်ဖေးသည် မိမိ တတ်ကျွမ်းသော ပညာရပ်ဖြင့် ထန်းလျန်ကို ကူညီပေးလို၏။ ဖြစ်နိုင်မည်ဆိုလျှင် ထန်လျန်၏ အခြေအနေ တိုးတက်လာမှုများကို စာရွက်တစ်ရွက်၌ ရေးမှတ်၍ပင် မှတ်တမ်းတင်လိုလှသည်။ သို့သော်ငြား အနှီကိုလူချော၌ စာရွက်နှင့် မင်ရည်များ မရှိသဖြင့် ဘာမှ မလုပ်နိုင်သေးပါ။ စုန့်သူဌေးသည်လည်း အလွန် ကပ်စေးနှဲသူတစ်ဦး ဖြစ်သောကြောင့် အကူအညီသွားတောင်းလျှင်တောင် ပေးလိုက်လိမ့်မည် မဟုတ်ပေ။
ရှောင်ဖေးသည် ထန်လျန်၏စိတ်ကို ဖွင့်ချအောင် ပြုလုပ်နိုင်ရန်အတွက် ဤကာလရှိ အမျိုးသမီးများ၏ စိတ်နေသဘောထားကို အရင်ဆုံး လေ့လာသင့်သည်ဟု ယူဆမိသည်။ ဤကာလရှိ လူများ၏ အမူအကျင့်များ၊ စိတ်နေစိတ်ထားများ၊ ပြောပုံဆိုပုံများ သည် ၂၁ ရာစုမှ လူသားများနှင့် ကွာခြားသောကြောင့် ကိုယ့်စိတ်နှင့်နှိုင်း၍ လွယ်လင့်တကူ ကောက်ချက်ချလိုက်၍ မရပါချေ။ ထို့ကြောင့် ရှောင်ဖေးသည် ခြေထောက်များ ပြန်ကောင်းသွားပါက မြို့ထဲ၌ လမ်းလျှောက်၍ စနည်းနာရန် အစီအစဉ်ချထားသည်။
စုန့်သူဌေးသည် ရန်ဖေးအား အလုပ်ကြမ်းများစွာကို လုပ်ခိုင်းလျက်ရှိ၏။ ရှောင်ဖေးသည် အနှီလူမှာ သူမအတွက် ယခုကဲ့သို့ အပင်ပန်းခံပေးနေခြင်းဖြစ်ကြောင်း သိနေသည်ဖြစ်ရာ စိတ်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိ၏။ သူမသည် အဖိုးအခ မပေးပဲ နေထိုင်နေသောကြောင့် ရန်ဖေးပြောသမျှကို စောဒကမတက်ပဲ လက်ခံမည်ဟု ဆုံးဖြတ်ထားသည်။ ရန်ဖေး၏ လှုပ်ရှားမှုများမှာ အလွန်မြန်ဆန်သဖြင့် စုန့်သူဌေးခိုင်းသည့် အလုပ်များမှာ မျက်စိတစ်မှိတ်အတွင်း၌ ပြီးသွားလေတော့၏။
စုန့်သူဌေးသည် ရန်ဖေး၏ လုပ်ဆောင်မှုများအား လွန်စွာ အားရကျေနပ်လျက်ရှိသည်။ အနှီလူသည် လစာ မပေးရသည့်အပြင် ခိုင်းသမျှကိုလည်း ရေသာခို တွက်ကတ်ခြင်းမရှိပဲ ဖင်ပေါ့စွာ လုပ်ကိုင်ပေးလေ့ရှိ၏။ ဤကဲ့သို့သော အလုပ်သမားများကို ထမင်းအိတ်ထမ်း၍ ရှာလျှင်တောင် ရနိုင်မည် မထင်ပါ။
ရန်ဖေးတစ်ယောက် အလုပ်များကို လုပ်ကိုင်ပြီးချိန်၌ပင် အပြင်ဘက်မှာ ဆူဆူညံညံအသံများကို ကြားလိုက်ပြီးနောက် အသက်ငယ်ငယ်၊ ခန့်ခန့်ညားညား ကောင်ငယ်လေးတစ်ဦး အိမ်ထဲသို့ အလောတကြီး ၀င်ပြေးလာသည်ကို တွေ့လိုက်ရသည်။ ထို့နောက်တွင်မူ ပျော်ရွှင်စွာ ရေရွတ်လိုက်၏။ "အစ်ကိုကြီး... ကျွန်တော် ပြန်လာပြီ"
ရန်ဖေးသည်လည်း စိတ်လှုပ်ရှားစွာ ပြန်ကြည့်လိုက်သည်။ "အစ်ကိုကြီး... ညီလေး စကားတည်တယ်မလား... သုံးရက်ပဲ ကြာတယ်"
"ဒါနဲ့ သူက...?" လူငယ်လေးသည် ရန်ဖေးဘေး၌ ရှိနေသော ရှောင်ဖေးကို တစ်ချက်ကြည့်ကာ ရန်ဖေးထံ မေးလိုက်သည်။ "အစ်မကြီးလားဟင်?"
ရှောင်ဖေးသည် စိတ်လှုပ်ရှားမှုကို တည်ငြိမ်စွာ ထိန်းချုပ်ကာ မှင်သေသေဖြင့် ခေါင်းညိတ်ပြလိုက်၏။
စိတ်ထဲ၌မူ အကြိမ်များစွာ စကားတစ်ခွန်းတည်းကိုသာ အော်ဟစ်နေမိသည်။ 'ငါက နှစ်ဆယ့်ခုနှစ်နှစ်ပဲ ရှိသေးတာ... အစ်မကြီး မဟုတ်သေးဘူးလို့!!!!!!!!!!'
![](https://img.wattpad.com/cover/371795673-288-k367885.jpg)