အပိုင်း ၁၃။ အချစ်ကိုရှာဖွေခြင်း
အနှီလူငယ်လေးသည် ယဉ်ကျေးမှုအရ ရှောင်ဖေးကို နှုတ်ဆက်လိုက်သော်လည်း ခင်မင်ရင်းနှီးမှု မရှိသေးသောကြောင့် လူငယ်လေး၏ အာရုံအလုံးစုံသည် ရန်ဖေးထံသို့သာ ပြန်လည် ရောက်ရှိသွားသည်။
အနှီလူငယ်လေးနောက်မှ လမ်းပြအဖြစ် လိုက်၀င်လာသော စုန့်သူဌေးသည် ရှောင်ဖေးတို့သုံးဦးအား စူးစမ်းနေလျက်ရှိ၏။ စုန့်သူဌေးသည် ရန်ဖေးအား အလုပ်ခိုင်းရသည်ကို စိတ်ကျေနပ်လျက်ရှိပြီး ဖင်ပေါ့ကာ မခိုမကပ်လုပ်တတ်သော ရန်ဖေးကြောင့် ယခင်အလုပ်သမား ရှိနေစဉ်ကထက်ပင် မြန်မြန်ဆန်ဆန် အလုပ်ပြီးလေသည်။ ထို့ကြောင့် စုန့်သူဌေးအနေဖြင့် ဖြစ်နိုင်မည်ဆိုလျှင် ရန်ဖေးအား လက်မလွှတ်လိုပါချေ။ ငွေအသပြာ တစ်ပြားမှ မကုန်ပဲ ဤမျှ ခိုင်းကောင်းသည့် အလုပ်သမားတစ်ဦးရရန်မှာ လွယ်ကူလှသည် မဟုတ်ပါချေ။
"သူဌေးရေ... သေရည်တစ်ဝိုင်းလောက် လုပ်ပါဦး... ကျွန်တော့အစ်ကိုကြီးနဲ့ စကားလက်ဆုံ ပြောမလို့"
ကျကျနန ၀တ်စားထားပြီး ရာထူးအသင့်အတင့် ရှိလောက်မည်ဟု ထင်ရသည့် လူငယ်မှ အမိန့်ပေးလာသောကြောင့် စုန့်သူဌေးသည်လည်း အနှီလူငယ် သဘောကျ စားပွဲတစ်ဝိုင်း ပြင်ပေးရတော့သည်။ သူဌေးစုန့်သည် ဤနေရာ၌ ယောင်လည်လည်လုပ်ကာ အကြောင်းအရာများကို စနည်းနာလိုသည့်တိုင် အလိမ္မာနည်းဖြင့် ပထုတ်ခံလိုက်ရသဖြင့် မချင့်မရဲဖြစ်စွာ နေရာမှ ထွက်ခွာသွားရဝောာ့၏။
နှင်ထုတ်နေသည့်ကြားမှ စုန့်သူဌေးမှာ ရှောင်ဖေးတို့နှစ်ဦးကို စေ့စေ့ကြည့်ကာ အကဲခတ်သွားသေးသည်။ အနှီလူနှစ်ဦးသည် မည်သို့သောသူများ ဖြစ်ပါသနည်း။
ထို့နောက်တွင်မူ အနောက်ခြံထဲ၌ ရှောင်ဖေးတို့သုံးဦးသာ ကျန်ရှိတော့သည်။ လူငယ်လေးသည် အလွန်တက်ကြွနေပြီး ရှောင်ဖေးနှင့် ရန်ဖေးတို့၏ ခွက်များထဲကိုပါ သေရည်များ ငှဲ့ပေးနေ၏။ ထိုမျှသာမကသေးပဲ ပါးစပ်ကလည်း စက်သေနတ်ပစ်သကဲ့သို့ တတွတ်တွတ် ပြောနေသေးသည်။
တတွတ်တွတ် ရေရွတ်နေသည့်စကားများမှတစ်ဆင့် ရှောင်ဖေးသိရသည်မှာ အနှီလူငယ်လေး၏အမည်မှာ ပိုင်ယွိလန်ဖြစ်ပြီး ယခုနှစ်ထဲ၌ ဆယ့်ရှစ်နှစ်ပြည့်ထားသည်မှာ သုံးလသာ ရှိသေး၏။
ထို့ကြောင့် ဤမျှ ငယ်သေးသော လူငယ်လေးတစ်ဦး၌ အစွမ်းအစ ကြီးကြီးမားမား ရှိနိုင်မည်မဟုတ်ဟု ရှောင်ဖေး တထစ်ချ ကောက်ချက်ချမိလိုက်သည်။
အနှီလူငယ်လေးသည် ရန်ဖေးအပေါ် အလွန်အထင်ကြီး အားကိုးနေပြီး ယခု တရားခံကိုလည်း သေချာပေါက် ဖမ်းနိုင်လိမ့်မည်ဖြစ်ကြောင်း အသေအချာ ပြောဆိုနေသည်။ "အဲ့တရားခံကို ခေါင်းဖြတ်ဖို့ကို လုပ်နိုင်မှာက အစ်ကိုကြီးတစ်ယောက်ပဲ ရှိမှာ... ပြီးတော့ တရားခံက နယ်နယ်ရရ မဟုတ်ဘူး"
"ကျွန်တော့်မှာလည်း ကျွန်တော် တတ်ကျွမ်းတဲ့ တိုက်ရည်ခိုက်ရည်ရှိပေမဲ့ အစ်ကိုကြီးကိုတော့ လုံး၀ ယှဉ်နိုင်မှာ မဟုတ်ဘူး... ဘာလို့ဆို အစ်ကိုကြီးက မကောင်းဆိုးဝါး ကျောင်းယွီကျစ်ကိုတောင် နှိမ်နင်းနိုင်ခဲ့သူ မဟုတ်လား"
ရှောင်ဖေးသည် သေရည်နှင့်အတူ တွဲမြည်းရန် ချပေးလာသည့် ဟင်းလျာများကို စားသောက်ရင်း ရှောင်ပိုင် ပြောသည့် အကြောင်းအရာများကို စိတ်၀င်တစား နားထောင်လျက်ရှိသည်။
"မကောင်းဆိုးဝါး ကျောင်းယွီကျစ်အကြောင်းကိုရော... အဲ့ဒီ မကောင်းဆိုးဝါးကို နှိမ်နင်းခဲ့တဲ့လူအကြောင်းကိုရော ကျွန်တော်တက်ခဲ့တဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်းမှာ နေ့တိုင်း ကြားခဲ့ရတာ... အဲ့အချိန်တည်းက ကျွန်တော်က အစ်ကိုကြီးကို လေးစားနေပြီးသား... ဒါနဲ့ အဲ့ဒီတုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ ညီငယ်လေးကို မျှဝေပေးပါဦးလား အစ်ကိုကြီး..."
"အဲ့တုန်းက အစ်ကိုတစ်ယောက်တည်း တောင်ပေါ်မှာ ခြေဆန့်သွားလာခဲ့တဲ့အချိန်တွေပေါ့... ကျောင်းယွီကျစ်ကို နှိမ်နင်းဖို့အတွက် သူရှိတဲ့နေရာကို စုံစမ်းနိုင်ဖို့ သက်သေတွေစု ခြေရာတွေ ကောက်ခဲ့ရတာ... မြို့တစ်မြို့ပြီး တစ်မြို့သွား... တောင်တစ်တောင်ပြီး တစ်တောင်တက်... တစ်တောပြီး တစ်တောဖြတ် အစုံပါပဲလေ... ဒီလိုနဲ့ သူ ရှိတဲ့နေရာကို သတင်းရသွားခဲ့တယ် ဆိုပါတော့... ပြီးတော့ အပြန်အလှန် တိုက်ကြရင်းနဲ့ နိုင်သွားတာပါပဲ" ရန်ဖေးသည် ဖြစ်စဉ်ကို အကျယ်တဝင့် မရှင်းပြတော့ပဲ အတိုချုံ့နိုင်သလောက်ချုံ့ကာ ပြောပြလိုက်၏။
ပိုင်ယွိလန်သည် ရန်ဖေး၏စကားများကို စိတ်၀င်တစား နားထောင်နေပြီး တစ်ဆက်တည်းမှာပင် စိတ်ထဲ၌ ထိုနေရာ၌ ရှိနေချင်ခဲ့သည်။ သို့မှသာ မကောင်းဆိုးဝါးကြီးအား နှိမ်နင်းသည့်ပွဲ၌ တစ်ဖက်တစ်လမ်းမှ အကူအညီဖြစ်နိုင်ခဲ့မည် မဟုတ်ပါလော။ ရှောင်ပိုင်၏ စိတ်လှုပ်ရှား တက်ကြွမှုများသည် ရှောင်ဖေးအား ကျောင်းယွီကျစ်ဟူသည့် မကောင်းဆိုးဝါးအကြောင်း စပ်စုလိုစိတ်များ တိုးပွားအောင် လှုံ့ဆော်ပေးနေ၏။
"အဲ့ဒီလူက အဲ့လောက်တောင် ဆိုးလို့လား" နောက်ဆုံးတွင်မူ ရှောင်ဖေး မထိန်းနိုင်တော့ပဲ ပါးစပ်မှ ထုတ်မေးမိလိုက်တော့သည်။
ထိုအခါ ရှောင်ပိုင်သည် ရှောင်ဖေးအား အံ့ဩသွားသည့် မျက်နှာအမူအရာဖြင့် တုံ့ပြန်လာခဲ့သည်။ "အစ်မကြီးက မကောင်းဆိုးဝါး ကျောင်းယွီကျစ်အကြောင်း မသိဘူးလား"
ရှောင်ဖေး ခေါင်းအသာခါပြလိုက်သည်။ ထိုမှသာ ရှောင်ပိုင်သည် သက်ပြင်းတစ်ချက်ချကာ အူတူတူရှောင်ဖေး၏မေးခွန်းကို ဖြေကြားပေးတော့၏။ "ကျွန်တော်တို့ စိတ်မကူးရဲလောက်တဲ့ မကောင်းမှုတွေအထိကို အဲ့မကောင်းဆိုးဝါးက လုပ်နိုင်တယ်" ပိုင်ယွိလန်နှင့် ယှဉ်လျှင် ရန်ဖေးက ခံစားချက်များကို ပိုမိုတည်ငြိမ်အောင် ထိန်းချုပ်နိုင်သည်ဟု စုရှောင်ဖေး ထင်မိသည်။
"အရေးကြီးဆုံးတစ်ချက်က ဘာလဲဆိုတော့..." ရှောင်ပိုင်သည် လေးလေးနက်နက် မျက်နှာအမူအရာဖြင့် ပြောလာခဲ့၏။ "အဲ့လူက တခြားလူတွေ... တခြားလူတွေဆိုတာ ကျွန်တော်တို့ကိုယ်တိုင် အင်အားကြီးပါတယ်ဆိုပြီး သတ်မှတ်ထားတဲ့လူတွေထက်တောင် သန်မာသေးတယ်..."
"အိုး..." ရှောင်ဖေး၏ပါးစပ်လေးမှာ အံ့ဩမှုကြောင့် ခပ်ဟဟပင် ဖြစ်သွားသည်။ ထို့နောက်တွင်မူ သူမ၏ဘေး၌ ထိုင်နေသည့် ကိုလူချောအား စောင်းငဲ့ကြည့်မိလိုက်၏။ မကောင်းဆိုးဝါးမှာ အလွန်အင်အားကြီးသည်ဆိုပါက ယင်းမကောင်းဆိုးဝါးကို နှိမ်နင်းနိုင်ခဲ့သည့် အနှီကိုလူချောမှာ သာ၍ပင် အင်အားကြီးဦးမည် မဟုတ်ပါလော။
ရှောင်ဖေးကြည့်နေသည်ကို သိသော အနှီကိုလူချောသည်လည်း ရှောင်ဖေးအား ပြန်ကြည့်လာပြီး သူမ၏အတွေးများကို ခန့်မှန်းမိနေသည့်အလား 'ကျုပ်သန်မာတာသိပြီလား' ဟု အဓိပ္ပာယ်ရသည့် အကြည့်တစ်ချက် ပေးလာခဲ့သည်။
ထိုအခါမှ ရှောင်ဖေးသည် မလုံမလဲဖြင့် မျက်နှာကို တစ်ဖက်သို့ လွှဲမိလိုက်၏။ သူမသည် အနှီကိုလူချောအား ရာနှုန်းပြည့် ယုံကြည်သည့်တိုင် သူမ ယုံကြည်သည့်အကြောင်းကို ထိုလူရှေ့၌ ထုတ်ဖော်မပြသလိုပါချေ။
"အာ... ဒါနဲ့... အဲ့အချိန်တုန်းက ခွန်းလုံတောင်တို့၊ ဝုလုတောင်တို့က သူရဲကောင်းတွေကလည်း ကျောင်းယွီကျစ်ကို ဖမ်းဖို့ အပြိုင်အဆိုင် ကြိုးစားခဲ့ကြသေးတယ် မဟုတ်လား... သူတို့ကိုရော ဘယ်လိုဖယ်ထုတ်ခဲ့တာလဲဟင်... ညီငယ်လေးကို ပြောပြပေးပါဦး အစ်ကိုကြီး"
"သူတို့တွေက အချင်းချင်း အပြိုင်အဆိုင် ဖြစ်နေခဲ့ကြတာ... သူတို့အချင်းချင်းကတော့ ယှဉ်ပြိုင်တယ်လို့ ခေါင်းစဉ်တပ်ကြပေမဲ့ တခြားလူတွေအတွက်ကတော့ တကယ့်ကို အနှောင့်အယှက်ပဲ... အဲ့ဒီယှဉ်ပြိုင်မှုတွေကပဲ သူတို့ကို ကိုယ့်အတက်ကိုယ်စူးအောင် လုပ်သွားတာ... ပြီးတော့ ကျွန်တော်က သူတို့သောက်မဲ့ရေထဲကို အိပ်ပျော်သွားစေတဲ့ အစွမ်းသတ္တိရှိတဲ့ ဆေးပင်တစ်မျိုးကို ကြိတ်ပြီး ထည့်လိုက်တာ... ဒီလိုနဲ့ သူတို့တွေ လုံးလုံး အိပ်မောကျသွားတဲ့အချိန်မှာ အစီအစဉ်တွေ စပြီး အကောင်အထည်ဖော်ခဲ့တာ"
စုရှောင်ဖေးသည် ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း ပိုင်ယွိလန်ကို ကြည့်လိုက်သည်။ အနှီလူငယ်လေး တိတ်ဆိတ်နေသည်မှာ စိတ်နှင့်ကိုယ်နှင့်ပင် မကပ်တော့သလိုပင်။
ပိုင်ယွိလန်သည် ရန်ဖေးထံမှ မထင်မှတ်ထားသည့် အဖြေကို ကြားလိုက်ရသဖြင့် အလွန် မှင်သက်သွား၏။ သူသည် အစောပိုင်းက အစ်ကိုကြီးမှာ ခွန်းလုံသူရဲကောင်းတို့အား တိုက်ခိုက်ခြင်းဖြင့် အနိုင်ပိုင်းခဲ့လိမ့်မည်ဟု တွေးထားခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ အိပ်ဆေးခပ်ခဲ့သည့်အကြောင်းကို နားနှင့်နားထောင်လိုက်ရသောအခါ မအံ့ဩပဲ မနေနိုင်ပါတော့ချေ။
ရှောင်ဖေးသည် စိတ်ပညာရှင်တစ်ဦး ဖြစ်သောကြောင့် အနှီလူငယ်လေး၏ မျက်နှာအမူအရာကို အကဲခတ်ရုံမျှဖြင့် စိတ်ပိုင်းဆိုင်ရာအခြေအနေများကိုပါ ထွင်းဖောက်မြင်နိုင်စွမ်းရှိသည်။ ရှောင်ပိုင်သည် တိုက်ခိုက်ရေးသမားဖြစ်သဖြင့် သူ၏စိတ်ထဲ၌ အရာအားလုံးကို တိုက်ခိုက်ခြင်းဖြင့်သာ အနိုင်ယူနိုင်မည်ဖြစ်ကြောင်း တထစ်ချ တွက်ချက်ထားပုံ ထင်ရ၏။
သို့သော်လည်း လောကကြီးထဲ၌ ရန်ကိုရန်ခြင်း နှိမ်နင်းပြီး ကောင်းမွန်သည့်ရလဒ်များ ထွက်ပေါ်လာခဲ့ပြီဟူ၍ မရှိသေးပါ။ ရန်ကို ရန်နှင့် တုံ့ပြန်ပါက ဆိုးဝါးသည့်ရလဒ်များကိုသာ ခံစားရမည်ဖြစ်ပြီး မိမိကိုယ်တိုင်လည်း နစ်နာမည် မဟုတ်ပါလော။ အကယ်၍ ရန်ဖေးသာ အိပ်ဆေးမခပ်ပဲ အနှီသူရဲကောင်းတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်သည့်နည်းလမ်းကိုသာ ရွေးခဲ့ပါက ယခုကဲ့သို့ သူရဲကောင်းတစ်ဦးအဖြစ် မှတ်တမ်း၀င်ခဲ့လိမ့်မည် မဟုတ်ပါ။ အရာရာတိုင်း၌ ဉာဏ်ကိုလွှာ၍ သုံးတတ်ရမည်ဖြစ်ပြီး ခွန်အားသုံးရန် လိုသည့်အခါ မဖြစ်မနေ ခွန်အားကို အသုံးချပေးပြီး မလိုအပ်သည့်အခါ၌ မိမိဉာဏ်စွမ်းဖြင့်သာ ပါးပါးနပ်နပ် ဖြေရှင်းရမည် ဖြစ်သည်။ ထို့အပြင် ခွန်းလုံတောင်၊ ဝုလုတောင်တို့မှ သူရဲကောင်းများမှာ အုပ်စုလိုက်ဖြစ်ပြီး ရန်ဖေးမှာ တစ်ကိုယ်တည်းဖြစ်သောကြောင့် နှစ်ဖွဲ့ပေါင်းပြီး ရန်ဖေးကိုပင် အသုံးချပစ်နိုင်သေးသည် မဟုတ်ပါလော။
ပိုင်ယွိလန်သည် နေရာမှ ခပ်မြန်မြန်ထလိုက်ပြီး ရန်ဖေးရှေ့သို့သွားကာ ခေါင်းငုံ့၍ ဦးညွှတ်လိုက်၏။ "လေးစားပါတယ် အစ်ကိုကြီး"
ရှောင်ဖေးသည် သူမ၏ရှေ့မှာ မြင်ကွင်းကို ကြည့်နေရင်းဖြင့် ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ "ရှင် အဲ့တုန်းက ဆုကြေးငွေ ရခဲ့သေးလား"
ရန်ဖေး ခေါင်းညိတ်ပြလိုက်၏။
"အိုး... ဘယ်လောက်ရခဲ့တာလဲဟင်"
"အရမ်းမများပါဘူး... ငွေဒင်္ဂါးပြား တစ်ထောင်လောက်ပါ"
"ငွေပြားတစ်ထောင်!!!!!!!! အဲ့ဒါက အခုကိစ္စ အောင်မြင်ရင်ရမဲ့ ဆုကြေးငွေရဲ့ ဆနှစ်ရာတောင် ရှိတယ်လေ"
ကိုလူချောမှ ခေါင်းညိတ်ပြလာ၏။
"အဲ့လောက်ပမာဏအများကြီးကို ရှင် အကုန်သုံးပစ်လိုက်တာလား... အခု ရှင့်မှာ ကြေးဒင်္ဂါးဆယ့်ငါးပြားပဲ ကျန်တော့တာလေ..."
ရန်ဖေးဘက်မှ ထပ်မံ၍ ခေါင်းညိတ်ပြလာသည်။
'ဒီကောင်စုတ်ကတော့!!!!!!!' ရှောင်ဖေးစိတ်ထဲ၌ တိုးတိုးလေး ကျိန်ဆဲမိလိုက်၏။ ဤပမာဏမှာ နည်းနည်းနောနော မဟုတ်ပါချေ။ ဤသည်ကို အနှီလူက ဘာမှမဖြစ်ခဲ့သလိုပင် ခေါင်းညိတ်ပြနေသေးသည်။
"ဟာ ဒီအစ်မကြီးကတော့ တော်တော်လေး တွက်ကတ်နေတာပဲဗျာ... ပိုက်ဆံဆိုတာ ဘာများအရေးကြီးလို့လဲ... ပစ္စည်းသင်္ခါရ လူသင်္ခါရပဲကို.."
"ထားပါ ထားပါ... ကုန်သွားးတာကို ပြောနေလည်း ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး... ဒီတိုင်း ထားလိုက်တော့..." ထို့နောက်တွင်မူ ရှောင်ပိုင်သည် သူ၏အင်္ကျီထဲမှ စာအုပ်သေးသေးလေးတစ်အုပ်ကို ထုတ်ကာ စားပွဲပေါ်သို့ တင်လိုက်သည်။ "အစ်ကိုကြီး... ဒီစာအုပ်ထဲမှာ ကျွန်တော် စုံစမ်းလာသမျှ ကိစ္စတွေအကုန်လုံးကို ချရေးထားတယ်... နင်အန်းမြို့မှာလည်း မိန်းကလေးတစ်ယောက်ကို အဓမ္မကျင့်ပြီး လုပ်ကြံသွားတာပဲ... ဒီလောက်လူမဆန်တဲ့ကောင်မျိုးကို အပြစ်ကြီးကြီးပေးပြီး ဆုကြေးငွေရအောင် ယူပစ်မယ်... ညီငယ်လေးက အစ်ကိုကြီးကို အဖော်ပြုပေးပြီး အတူလိုက်ပါရစေ... အစ်ကိုကြီးဆီက ပညာတွေ သင်ယူချင်လို့ပါ"
ရှောင်ဖေးသည် ရှောင်ပိုင်ထံမှ စကားများကို ကြားသောအခါ သက်သေရပြီဟူသော အသိကြောင့် အလွန်ပျော်ရွှင်သွား၏။ "ဟာ မောင်လေးက အားကိုးရတယ်နော်... အစ်မကို တစ်ချက် ပြကြည့်ပါဦး" ရှောင်ဖေးသည် ပြောရင်းဖြင့် ရှောင်ပိုင်ထံမှ စာအုပ်အား ဆွဲယူရန် လုပ်လိုက်သည်။
"ဒါက မိန်းကလေးတွေ ၀င်ပါရမဲ့ကိစ္စ မဟုတ်ဘူးဗျ... အစ်မကြီး ၀င်ပါမှ အရှုပ်တွေ ဖြစ်နေပါမယ်ဗျာ... အစ်ကိုကြီး တစ်ချက်လောက် ဖတ်ကြည့်ကြည့်ပါဦး" ရှောင်ပိုင်သည် စာအုပ်အား လက်နှစ်ဖက်ဖြင့် ကိုင်ကာ ရန်ဖေးထံ ရိုသေစွာ ကမ်းပေးလိုက်သည်။
စာအုပ်ကို ဆွဲယူရန် လုပ်နေသော ရှောင်ဖေး၏လက်များမှာ လေထဲ၌ ရပ်တန့်သွားပြီး စိတ်ထဲ၌သာ မကျေမချမ်း ရေရွတ်လိုက်တော့၏။ 'ငါ့အကူအညီလိုလို့ လာတောင်းကြည့်... တွေ့မယ်!!!!!!!'