အပိုင်း ၁၁။ အချစ်ကိုရှာဖွေခြင်း
"တစ်ခုခုထပ်ထူးရင်တော့ ရုံးတော်ကနေ နောက်ထပ် ကြေညာစာတွေ ထပ်ထုတ်မှာပါ... သူတို့ကျတော့ လူအင်အားရှိတယ် မဟုတ်လား... ကျွန်တော်တို့ကျ နှစ်ယောက်တည်း ဟိုဟိုဒီဒီ ပြေးပြီး စုံစမ်းနေရမှာလေ... ပြီးတော့ မိန်းကလေးရဲ့ အခုလက်ရှိ ခြေထောက်အခြေအနေနဲ့က ဝေးဝေးလံလံ သွားဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး" ရန်ဖေး၏စကားကို ကြားမှသာ ရှောင်ဖေးတစ်ယောက် ပါးစပ်ကလေး စိသွားတော့သည်။
"ဒါကြောင့်မို့ ဒီမှာပဲ ငြိမ်ငြိမ်လေးထိုင်ပြီး နေခဲ့ပါ... ကျွန်တော် အပြင်တစ်ခေါက် ထပ်ထွက်ပြီး စုံစမ်းကြည့်ဦးမယ်" ရန်ဖေးသည် ပြောရင်းဆိုရင်းဖြင့် အခန်းထဲမှ ထွက်သွားတော့၏။
ရန်ဖေး ထွက်သွားပြီးနောက် ရှောင်ဖေးလေးမှာ အခန်းထဲ၌ တစ်ယောက်တည်း နေရစ်ခဲ့ရပြန်သည်။ ထို့ကြောင့် သူမ၏ လှုပ်ရှားနေသောစိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်ကာ တရားခံရှာဖွေရေးအတွက် ထည့်သွင်း စဉ်းစားရမည့် အချက်အလက်များကို စတင်၍ စဉ်းစားလေတော့၏။
စင်စစ်အားဖြင့်မူ ဤကဲ့သို့သော ကွင်းဆက်ပြစ်မှုကြီး၏ တရားခံအား ရှာဖွေဖော်ထုတ်ရန် မလွယ်ကူလှပါ။ ထို့အပြင် ရှောင်ဖေးသည် ဤနေရာ ဤနယ်မြေ၌ နေထိုင်သည့် လူခံတစ်ဦး မဟုတ်သဖြင့် ဤအချိန်ကာလမှ တရားစီရင်မှုဥပဒေများအကြောင်းကိုလည်း ဂဃဏန သိထားခြင်း မရှိပါချေ။
သူမ နေထိုင်သည့် ၂၁ ရာစုတွင်မူ တရားခံရှာဖွေရာ၌ တိုးတိုးတိတ်တိတ်သာ လှုပ်ရှားကြ၏။ ထို့အပြင် မီဒီယာများပါ ရှိနေပြီဖြစ်သောကြောင့် ယခုကဲ့သို့ ကိစ္စအကြီးကြီးသာဆိုလျှင် တစ်နိုင်ငံလုံး အုံးအုံးကြွတ် သိနေကြပြီဖြစ်သည်။
သို့သော်ငြား ထိုအကြောင်းကိုသိသော ပြည်သူတစ်ယောက်က ဖမ်း၀ရမ်းမြင်ပြီး ကိုယ်တိုင်ပါ၀င်လို၍ အချက်အလက်များကို အသေးစိတ်ပြောပြရန် ရဲစခန်းအထိ လာရောက်တောင်းဆိုပါက စခန်းအပြင်ဘက်ထိ ကန်ထုတ်ခြင်း ခံရပေလိမ့်မည်။ ဤမျှလောက်ထိ တရားခံနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ရဲစခန်း၌ လျှို့ဝှက်ထားလေ၏။ ဤသည်မှာ တရားခံရန်မှ ရှောင်ရှားနိုင်ရန်ပင်။ တရားခံအကြောင်း အသေးစိတ်သာ သိရှိသွားပါက တရားခံသည် ထိုလူများအပေါ် ဦးတည်သွားလိမ့်မည် မဟုတ်ပါလော။
ရှောင်ဖေးသည် ဤသို့တွေးရင်းဖြင့် အနှီကိုလူချောအတွက် စိုးရိမ်မိသွားသည်။ ရန်ဖေးသည် ထဲထဲ၀င်၀င် စုံစမ်းနေခြင်းဖြစ်ရာ တစ်ယောက်ယောက်က ရန်ဖေးအား အန္တရာယ်ပြုသွားမည်ကို စိုးရိမ်မိ၏။
ထိုသို့စဉ်းစားရင်းဖြင့် ရှောင်ဖေးတစ်ယောက် သက်ပြင်းချလိုက်တော့သည်။ ၂၁ ရာစု၌ သူမသည် မပူမပင် မကြောင့်မကြ နေခဲ့ရကာ ပညာရေးရလဒ်များလည်း ကောင်းသောကြောင့် အလုပ်ရှာရာတွင်လည်း ချောချောမွေ့မွေ့ ဖြစ်ခဲ့၏။ ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရခြင်းမှာလည်း သူမအား အခြားသူများထက် နှစ်ဆပို၍ ကြိုးစားအားထုတ်စေခဲ့သည်။ သူမသည် ဆရာသမားဖြစ်သူ ပရော်ဖက်ဆာ၏ အချစ်ဆုံးသော တပည့်တစ်ဦး ဖြစ်ခဲ့ပြီး သူမနှင့် လက်တွဲ၍ အလုပ်လုပ်ချင်သူများမှာလည်း ဒုနှင့်ဒေးပင်။ ထိုသို့သောဘ၀၌ နေထိုင်ခဲ့ရသော ရှောင်ဖေးသည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးကာ ၀င်ငွေမှာလည်း မက်လောက်စရာ ၀င်ငွေဖြစ်သောကြောင့် လုပ်ချင်ရာလုပ်ပြီး ဘ၀အား ပျော်ပျော်ကြီး ဖြတ်သန်းခဲ့သည်။
သို့သော်ငြား ၂၁ ရာစုမှ သူမ၏အရည်အချင်းများသည် ဤနေရာသို့ ရောက်သောအခါ အချည်းနှီးသာသာပင်။ သူမ၏ အရည်အချင်းများသည် ဤနေရာ၌ တစ်ခုမှ အသုံးမ၀င်ပါချေ။ ထို့ကြောင့် သူမသည် အသက်ရှင်သန်ရေးအတွက်ပင် သူစိမ်းယောက်ျားတစ်ဦးထံ၌ မှီခိုနေရသည်။ သို့သော်ငြား ထိုလူသည် သူမအတွက် ရေရှည်အထောက်အပံ့ပေးလိမ့်မည် မဟုတ်ပါ။ ထိုအခါ ရှောင်ဖေးအနေဖြင့် မည်သည့်နေရာ၌ နေထိုင်ရပါမည်နည်း။
တောင်တက်လမ်းကို တစ်ဖန် ပြန်လျှောက်ဖို့ရန်မှာလည်း သူမ၏ ခန္ဓာကိုယ်သည် ထန်မိန်းကလေးလောက် သန်မာခြင်းမရှိပါ။ ချက်ရေးပြုတ်ရေး ကြည့်ပြန်လျှင်လည်း သူမအနေဖြင့် မည်ကဲ့သို့ မီးမွှေးရမည်ကိုပင် မသိပါချေ။ ၂၁ ရာစု၌ ဂတ်စ်မီးဖိုများ၊ လျှပ်စစ်မီးဖိုများ ရှိသောကြောင့် ဗိုက်ဆာလျှင် လွယ်လင့်တကူ မီးဖိုဖွင့်ပြီး ကြက်ဥကြော်၊ ခေါက်ဆွဲပြုတ်လိုက်ရုံသာ။ ထို့ကြောင့် ရှောင်ဖေးသည် ဤမြို့မှ စွန့်ခွာရန်အတွေးကို ခဏတာ ဦးနှောက်ထဲမှ ပယ်လိုက်သည်။
သို့မဟုတ် တွေ့ရာလူတစ်ဦးဦးနဲ့ ကောက်လက်ထပ်လိုက်ရမည်လော။ အနည်းဆုံးတော့ဖြင့် လက်ထပ်လိုက်ပြီ ဖြစ်သောကြောင့် သူမအား လုပ်ကျွေးရမည်သာပင်။ သို့သော်ငြား ယောက်ျားယူလိုက်ပြီဆိုလျှင် သားသမီးမွေးရမည့်အလုပ်မှာလည်း အနောက်မှ လိုက်လာပေလိမ့်မည်။ ထို့အပြင် ဤကာလ၌ ၂၁ ရာစုကဲ့သို့ ဆေးပညာအဆင့်အတန်းလည်း မမြင့်မားသေးသောကြောင့် တစ်ပြွတ်ပြွတ်မွေးနေပါကလည်း ဒုက္ခများပေဦးမည်။ ကလေးကိစ္စပြီး၍ ထိုကလေးများမှ မွေးဖွားလာမည့် မြေးများ၊ မြစ်များကို ထိန်းကျောင်းရမည့် အရေးကိစ္စကလည်း ရှိသေးသည်။ ထို့နောက်တွင်မူ သူမ၏ဘ၀ နောက်ဆုံးအချိန်သို့ ရောက်ရှိသွားဦးမည်။ ထိုသို့ဆိုလျှင် ဘ၀ကြီး၌ ရှင်သန်ရခြင်းမှာ မည်သို့မှ အဓိပ္ပာယ်ရှိမည်မဟုတ်။ ရှောင်ဖေးသည် ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်ကာ ထိုအတွေးကိုလည်း ခေါင်းထဲမှ ထုတ်လိုက်၏။
လောလောဆယ်၌မူ ရန်ဖေး၏ ဘုရားကျောင်းပို့မည့် အကြံသာလျှင် အကောင်းဆုံးဟု ရှောင်ဖေး ထင်မိသည်။ သီလရှင်ဖြစ်သွားပါက အနည်းဆုံးတော့ဖြင့် သူမတစ်ကိုယ်တည်း အဆင်ပြေပြေ နေနိုင်လိမ့်ဦးမည်။
ထို့အပြင် ရှောင်ဖေး ထန်တိုင်းပြည်သို့ ရောက်နေသည်မှာ နှစ်ရက်တိတိ ရှိနေပြီဖြစ်၏။ သူမ နေထိုင်ခဲ့သည့် ကမ္ဘာ၊ သူမ၏ ဆွေမျိုးသားချင်းများမှာ ယခုအချိန်တွင် သူမအား အပူတပြင်း ရှာချင် ရှာနေကြပေလိမ့်မည်။ သို့မဟုတ် ရုပ်ရှင်ကားများထဲ၌ မြင်ဖူးနေကြအတိုင်း ကိုမာဝင်ချင် ၀င်သွားပေလိမ့်မည်။ ရှောင်ဖေးသည် မိခင်ဖြစ်သူကို စိတ်ပူမိပါ၏။ သူမ၏မိခင်သည် ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးဖြစ်သဖြင့် သမီးဖြစ်သူပါ တစ်ခုခု ဖြစ်သွားပါက အရူးမီးဝိုင်း ဖြစ်သွားပေလိမ့်မည်။
အတွေးများစွာ တွေးနေရင်းဖြင့် စိတ်မောလာပြီး ရှောင်ဖေးသည် သက်ပြင်း ခပ်သဲ့သဲ့ ချမိလိုက်သည်။ သူမသည် ထန်မိန်းကလေးကိုလည်း ကူညီပေးလိုလှ၏။ သူမသည်လည်း စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်နေသူတစ်ဦး မဟုတ်ပါလော။
ရှောင်ဖေး၏ အတွေးများသည် တဖြည်းဖြည်း များပြားလာခဲ့သည်။ ပိုက်ဆံအကြောင်း စဉ်းစားလိုက်ပြန်လျှင်လည်း သူမသည် အခြားသူများအပေါ် အမှီအခိုပြုနေရသည့်လူသာသာပင်။ အ၀တ်အစားမှာလည်း သူမ၏ ကိုယ်ပိုင်အ၀တ်အစားမဟုတ်ပဲ သူများမှ ပေးကမ်းစွန့်ကြဲထားသည်များသာ။ ထို့အပြင် ကိုယ်ပိုင် သွားတိုက်တံ မ၀ယ်နိုင်သဖြင့် မိုးမခကိုင်းကို သွားတိုက်တံလုပ်၍ တိုက်နေရသည်။ ရှောင်ဖေးသည် စိတ်အေးဆေးဖြစ်ရန် ကိုယ့်ကိုယ်ကိုယ် စိတ်လျှော့နေသော်ငြား အတွေးများကြောင့် ပိုပို၍ ၀မ်းနည်းလာခဲ့၏။
ရှောင်ဖေးသည်လည်း မိမိကိုယ်မိမိ တအားအစွန်းရောက်နေပြီဖြစ်ကြောင်း သတိထားမိသောကြောင့် လေကို တစ်၀ကြီး ရှူရှိုက်ပစ်လိုက်သည်။ ထို့နောက်တွင်မူ ခပ်မတ်မတ် ထိုင်လိုက်ပြီး မျက်နှာကိုမော့ကာ ပါးစပ်ဖြဲလိုက်၊ ပြန်ပိတ်လိုက် လုပ်ရင်း စိတ်ခံစားချက်များကို ထိန်းညှိလိုက်၏။ ဤသို့ဖြင့် ပါးစပ်လေ့ကျင့်ခန်းလုပ်ရင်း သူမ၏ အဆိုးမြင် ခံစားချက်များ တဖြည်းဖြည်း အနည်ကျလာသောအခါ ရန်ဖေးသည် အပြင်ထွက်သွားရာမှ ပြန်ရောက်လာတော့သည်။
အခန်းထဲ ၀င်လျှင်၀င်ချင်းပင် ထူးထူးဆန်းဆန်း မျက်နှာအနေအထား ဖြစ်နေသည့် ရှောင်ဖေးအား ရန်ဖေးတစ်ယောက် ကြောင်တောင်တောင် ငေးကြည့်နေမိ၏။ ရှောင်ဖေးသည်လည်း လန့်သွားကာ လေ့ကျင့်ခန်း ပြုလုပ်နေသည်ကို ရပ်လိုက်ပြီး မျက်နှာအား ပုံမှန်အနေအထားအတိုင်း ပြန်ဖြစ်စေလိုက်သည်။ ထို့နောက်တွင်မူ ခပ်အမ်းအမ်း ဖြစ်နေသည့် အနေအထားကို ဖြိုခွင်းရန် ရှောင်ဖေးဘက်မှ စကားစလိုက်၏။
"အာ... ရှင် ပြန်လာပြီပဲ"
"ဟုတ်ကဲ့" ရန်ဖေး၏ အံ့အားသင့်သွားသော အမူအရာသည် ခဏတာမျှသာဖြစ်ကာ တစ်မဟုတ်ချင်းမှာပင် မူရင်းစွဲ တည်ငြိမ်သည့်မျက်နှာထား ပြန်ဖြစ်သွားသည်။
"စိတ်မညစ်အောင် လေ့ကျင့်ခန်း လုပ်နေတာလေ... ဟီး" ရှောင်ဖေးသည် အရှက်ပြေ ပြန်လည်ဖြေရှင်းလိုက်၏။
ထိုအခါ ရန်ဖေးသည် ဘာမှ ပြန်မပြောတော့ပဲ ခေါင်းကိုသာ တစ်ချက်ညိတ်ပြလိုက်သည်။
"ဘာတွေထူးခဲ့သေးလဲဟင်"
"သတင်းကောင်းတစ်ခုရခဲ့တယ်"
"ဘယ်လို?" ရှောင်ဖေး၏စိတ်ထဲ၌ မျှော်လင့်ချက်ရောင်ခြည်များ ရှိလာသော်ငြား အရမ်းကြီး မျှော်လင့်မထားရဲပါ။
"ညီငယ်လေးတစ်ယောက်က ကျွန်တော့်ကို ကူညီပြီး ဒီကိစ္စအသေးစိတ်ကို စုံစမ်း ဖော်ထုတ်ပေးမယ်တဲ့... ပြီးတော့ ဒီမြို့တော်ထဲမှ တရားခံအကြောင်း သေချာစုံစမ်းလို့မရဘူး... ဒါကြောင့် ဒီမြို့တော်အနီးက နင်အန်းမြို့တော်ဆီ ခရီးထွက်ရမှာ... ပြီးတော့ လောလောဆယ် တရားခံ အမှုကျူးလွန်ထားတဲ့ နောက်ဆုံးနေရာကလည်း နင်အန်းမြို့ပဲ... အာ မေ့နေတာ... အဲ့ကောင်လေးနာမည်က 'ချွမ်းထုံ' တဲ့... ချွမ်းထုံက အဲ့မြို့ဆီ ကိုယ်တိုင်ကိုယ်ကျသွားပြီး စုံစမ်းလာလိမ့်မယ်... သူ မြင်းကို ခပ်မြန်မြန် စီးသွားမှာမို့ ၃ရက်အတွင်း ကျွန်တော့်ဆီ အသေးစိတ် ပြန်ပြောမယ်တဲ့"
ရှောင်ဖေးသည် အတော်လေး အံ့ဩနေတော့သည်။ "ဒါနဲ့ နေပါဦး... ရှင့်ကို ကူညီလာအောင် ဘယ်လိုများ သွားပြောလိုက်တာတုန်း"
"သူက ကျွန်တော့်ကို လူစွမ်းကောင်းလို့ သတ်မှတ်ပြီး သူ့ဘက်က လိုလိုလားလား ကူညီလာတာရယ်"
"ဘယ်လို? လူစွမ်းကောင်း?"
"တကယ်လို့ သူ့ဘက်က စုံစမ်းရင်တောင် လူတွေက သူ့ကို လွယ်လွယ်နဲ့ တရားခံအကြောင်း ပြောပြပါ့မလား"
"သူက ကိစ္စမရှိဘူးတဲ့... သူလည်း အစတည်းက ဒီပြစ်မှုတွေအကြောင်းကို လိုက်နေတာဆိုတော့ စုမိဆောင်းမိတဲ့ အချက်အလက်တွေ ရှိထားတယ်လို့လည်း ပြောတယ်... ပြီးတော့ သူက လုပ်ပိုင်ခွင့်ရှိတဲ့လူအတန်းစားထဲကမို့ ကျွန်တော်တို့ စုံစမ်းတာနဲ့ယှဉ်ရင် သူ စုံစမ်းတာက ပိုပြီး ထိရောက်မှု ရှိလိမ့်မယ်... ဒါကြောင့် ရက်ပိုင်းလောက်ပဲ ကြာမယ် ပြောခဲ့တာ"
"ဟုတ်ပါပြီ... ဒါနဲ့လေ ရှင်က ဘယ်လိုပြောလိုက်လို့ ရှင့်ကို လူစွမ်းကောင်းဆိုပြီး ထင်သွားကြတာလဲ" ရှောင်ဖေးသည် လူစွမ်းကောင်းဟု ထင်သွားရသည့်အကြောင်းအား လွန်စွာ စိတ်၀င်တစားဖြစ်နေ၏။
"အာ... ထန်တူးမြောင်းမှာ ထကြွသောင်းကျန်းနေတဲ့မကောင်းဆိုးဝါး ကျောင်းယွိကျစ်ကို ခေါင်းဖြတ်သတ်ခဲ့တဲ့လူက ကျုပ်ဆိုတာကို ပြောပြလိုက်တာ... ဒီကိစ္စက ထန်တိုင်းပြည်မှာ ဟိုးလေးတကျော် ဖြစ်သွားသေးတယ်... ကျောင်းယွိကျစ်ဆိုတာ အရင်က ထန်တိုင်းပြည်က ပြည်သူတွေ တုန်အောင် ကြောက်ရတာ... ညညဆို ဘယ်သူမှ လမ်းပေါ်မထွက်ရဲကြဘူး... လမ်းပေါ်ထွက်တာနဲ့ အဲ့ဒီလူ အသေပဲ... အဲ့လောက်ထိတောင် ဆိုးခဲ့တာ... အဲ့မကောင်းဆိုးဝါးကို ဖမ်းဖို့ ကျုပ် အင်အားတွေအများကြီး သုံးခဲ့ရတယ်... သူသေကိုယ်သေ ချခဲ့ရတာလေ... နောက်ဆုံး ကျုပ်ဘက်က နိုင်သွားတယ် ဆိုပါတော့"
ရှောင်ဖေးသည် အနှီကိုလူချောအား အလွန်ပင် အထင်ကြီးမိသွား၏။ မကောင်းဆိုးဝါးကိုပင် နှိမ်နင်းနိုင်သည်မှာ နည်းနည်းနောနော အရည်အချင်း မဟုတ်ပါ။ ရှောင်ဖေးသည် ကိုယ့်ကိုယ်ကိုယ်ပင် သတိမထားမိပဲ အနှီကိုလူချော၏ မျက်နှာအနီးသို့ တိုးကပ်မိသွား၏။ မျက်ခုံးထူထူ၊ နှာတံစင်းစင်းနှင့် ထူထဲသော နှုတ်ခမ်းတို့ကို ပိုင်ဆိုင်ထားသည့် အနှီလူမှာ ချောမောခန့်ညားသည့်လူတစ်ဦးဖြစ်ကြောင်း ရှောင်ဖေး မငြင်းနိုင်ပါ။
ရှောင်ဖေးသည် ချက်ချင်းဆိုသလို အစောပိုင်းက ကျနေသည့် စိတ်ဓာတ်များမှာ ပြန်လည် တက်ကြွလာသလိုပဲ ခံစားလိုက်ရသည်။ တစ်ဆက်တည်းမှာပင် ယခု တရားခံကိုလည်း အနှီလူ သေချာပေါက် ဖမ်းနိုင်လိမ့်မည်ဖြစ်ကြောင်း ယုံကြည်စိတ်များ ၀င်သွား၏။ ဤသို့ဖြင့် ဆုကြေးငွေများ ရလာသည့်အခါ ရှေ့ဆက်ရမည့် အနာဂတ်မှာ ပို၍ပင် လွယ်လွယ်ကူကူ ဖြစ်သွားပေလိမ့်မည်။
အနှီအမျိုးသားနှင့် အတူရှိရခြင်းမှာ ရှောင်ဖေးအတွက် စိတ်ပိုင်းဆိုင်ရာလုံခြုံမှု အကြီးကြီးသာ ဖြစ်လေတော့သည်။
