အပိုင်း ၅။ အချစ်ကိုရှာဖွေခြင်း
ဖြစ်ပျက်လာသည်များကို ရင်ဆိုင်ရသည်မှာ ရှောင်ဖေး ထင်ထားသည်ထက်ပင် ခက်ခဲနေခဲ့၏။
အချို့သော ဖြစ်ရပ်များသည် ချင့်ချိန်နိုင်စွမ်းနှင့် စိတ်ဓာတ်ကြံ့ခိုင်ရည် မရှိပါက ရင်ဆိုင်ဖြေရှင်းရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။ ဥပမာအားဖြင့် ယခု ရှောင်ဖေး လုပ်နေရသော တောင်ပေါ်မှဆင်းနေခြင်း အတွေ့အကြုံကို ထောက်ချင့်ကြပါလော့။
ရှောင်ဖေးသည် သူမ၏ ခြေထောက်များမှတစ်ဆင့် အသည်းနှလုံးပင် နာကျင်နေသကဲ့သို့ ခံစားနေရသည်။ သူမ၏ခြေဖဝါးများတင် မဟုတ်။ သူမ၏ ခြေထောက်များပါ ပြတ်ထွက်တော့မတတ် နာကျင်လျက်ရှိသည်။ တောင်တက်လမ်းများမှာ ဤမျှလောက်ထိ ခက်ခက်ခဲခဲ တက်ရလိမ့်မည်ဟု ရှောင်ဖေးစိတ်ထဲ၌ တစ်ခါသော်မျှ မတွေးခဲ့ဖူးပါချေ။ ယခုတွင်မူ အဆုံးလမ်းပင် ရှိပေဦးမည်လောဟု ခံစားနေရ၏။ သူမ၏ ခြေထောက်နှစ်ဖက်သည် စိတ်သွားတိုင်း ပါမလာသောကြောင့် အံတင်းတင်းကြိတ်၍ ရန်ဖေး၏ ခြေလှမ်းများကို အမှီလိုက်ရန် မနည်းအားထုတ်နေရသည်။
ရှောင်ဖေးအား ကူညီပေးခဲ့သည့် အနှီအမျိုးသားမှာ ရန်ဖေးဟု အမည်တွင်ပြီး ကြီးမားလှသည့်အိတ်များစွာကို သယ်ဆောင်ရင်း ရှောင်ဖေးတို့၏ ရှေ့မှ လမ်းပြအနေဖြင့် သွက်လက်စွာ လျှောက်နေလျက်ရှိ၏။ စင်စစ်အားဖြင့်မူ ရန်ဖေးသည် မနက်စာပင် မစားရသေးပါချေ။ သူ့၌ရှိသည့် တစ်ခုတည်းသော ကိတ်အပိုင်းအစအား ရှောင်ဖေးနှင့် ထန်မိန်းကလေးအား မျှဝေကျွေးခဲ့ရုံမျှမက ရှောင်ဖေးတို့ ရေငတ်ပြေစေရန် သူ့၌ ထည့်လာသော ရေများကိုပင် ဝေမျှပေးခဲ့၏။
ရှောင်ဖေးအနေဖြင့် အားမနာတမ်း ပြောရမည်ဆိုလျှင် ကိတ်မုန့်မှာ ရှောင်ဖေးအတွက် အလွန်ပင် စားရခက်လှသည်။ ထို့အပြင် ရေထည့်ထားသော ရေဘူးမှာလည်း လူပေါင်းမည်မျှ၏ ပါးစပ်နှင့် ထိတွေ့ထားပြီးသည်ကို မသိပါ။ ကြုံရာစားရခြင်းမှာ ရှောင်ဖေးကဲ့သို့ ဇီဇာကြောင်လှသူတစ်ဦးအတွက် အဆင်မပြေလှသော်ငြား ဤကဲ့သို့ ကျဉ်းထဲကြပ်ထဲ ရောက်နေလျှင်မူ ချေးများရန် မသင့်လျော်လှပါ။ထို့ကြောင့် ရှောင်ဖေးသည် ကြိတ်မှိတ်လျက် ကိတ်မုန့်ကို အားတင်းကာ စားခဲ့ရ၏။
မူလကမူ ရှောင်ဖေးသည် အဖော်နှစ်ဦး၏ ခြေလှမ်းများကို အမှီလိုက်နိုင်သော်ငြား အချိန်အနည်းငယ် ကြာလာသောအခါ သူမ၏ခြေထောက်များမှာ အမှီမလိုက်နိုင်တော့ပဲ နာကျင်ပြီး ခွေကျသွားတော့မတတ် အားနည်းလာခဲ့သည်။ ထန်မိန်းကလေးသည် ယခင်တည်းက ဤအရပ်ဒေသ၌ နေလာခဲ့သူ ဖြစ်သောကြောင့် သိသိသာသာ အားလျော့ခြင်း မရှိပါချေ။
ရန်ဖေးသည် အပြစ်မတင်ပဲ နေရာ၌ ခေတ္တရပ်ကာ ရှောင်ဖေးကို စောင့်နေခဲ့၏။ သို့သော်ငြား ထန်မိန်းကလေးမှာမူ ရန်ဖေးနှင့် ဆန့်ကျင်စွာဖြင့်ပင် ရှောင်ဖေးအား ငြူစူသကဲ့သို့ မျက်နှာပျက်သွားခဲ့သည်။ သို့သော်လည်း ထန်မိန်းကလေး၏ အပြုအမူကိုလည်း အပြစ်တင်၍ မရပါချေ။ သူမသည်လည်း မုဆိုးဓားပြများထံမှ လွတ်အောင်ထွက်ပြေးလာသူ ဖြစ်သောကြောင့် လိုက်လာကြမည်ကို သေချာပေါက် စိုးရိမ်နေပေလိမ့်မည်။ ထို့ကြောင့် ရှောင်ဖေးကြောင့် အိမ်ပြန်ခရီး နှောင့်နှေးသွားမည်ကို သေချာပေါက် လိုချင်လိမ့်မည် မဟုတ်ပါ။
ရှောင်ဖေးသည် စကားတစ်ခွန်းမျှ အပိုမပြောပဲ သွားစရာရှိသည့်ခရီးကိုသာ လေးဖင့်ခြင်းမရှိပဲ သွားနိုင်ရန် ကြိုးစားနေခဲ့သည်။ ခေတ်သစ်၌ ကြီးပြင်းလာခဲ့ပြီး ခရီးရှည်သွားတိုင်း ကားကိုသာ အားထား အသုံးပြုခဲ့သူအဖို့ ဤမျှလောက်ထိ ရှည်လျားသည့် တောင်တက်ခရီးကြီးကို ခြေလျင်လျှောက်ရန် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပါ။ သို့သော်ငြား ရှောင်ဖေးသည် စောဒကတက်ခြင်းမရှိပဲ သူမကြောင့် အခြားသူများ အနှောင့်အယှက် မဖြစ်စေရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့၏။
ရှောင်ဖေးတို့သုံးဦးသည် မနက်အရုဏ်တက်ချိန်မှစကာ နေ၀င်ချိန်အထိ မရပ်မနား လျှောက်လာခဲ့ကြသည်။ အကျိုးဆက်အနေဖြင့် ရှောင်ဖေး၏ ခြေထောက်များသည် နာကျင်မှုကို မသိတော့သည်အထိ အလွန် နာကျင်နေလျက်ရှိသည်။
ရှောင်ဖေးတစ်ယောက် 'ဒီနေ့ မသေလျှင် အခြားနေ့ မသေတော့' ဟု စိတ်ဒုံးဒုံးချလိုက်ချိန်၌မူ ရန်ဖေးထံမှ ကျောက်တုံးရွာသို့ ရောက်ပြီဖြစ်ကြောင်း အသိပေးသံ ထွက်ပေါ်လာခဲ့၏။
'ကျောက်တုံးရွာ' ဟု အမည်တွင်သော်ငြား စင်စစ်အားဖြင့်မူ အိမ်များသည် ကျောက်တုံးများဖြင့် ဆောက်လုပ်ထားခြင်း မဟုတ်ပါချေ။ကျောက်တုံးရွာသည် အိမ်ခြေများစွာ ပါ၀င်သည့် ရွာကြီးတစ်ရွာဖြစ်သည်။
ရှောင်ဖေးသည် ယခုမှသာ စိတ်၀င်စားဖွယ်ရာတွေ့ပြီဟု တွေးကာ စနည်းနာရန် စဉ်းစားမိသော်ငြား သူမ၏ လက်ရှိအခြေအနေကြောင့် စိတ်အေးလက်အေး မနေနိုင်ပဲ ဝေးဝေးလံလံလည်း မသွားရဲပါချေ။
ထန်မိန်းကလေးသည် သူ့ရပ်သူ့ရွာသို့ ပြန်ရောက်သောကြောင့် အနည်းငယ် စိတ်လှုပ်ရှားနေပုံရ၏။ သူမသည် ရှောင်ဖေးနှင့်ရန်ဖေးတို့ရှေ့မှ ဦးဆောင်ကာ လမ်းကြားအချို့ကို ဖြတ်လျှောက်ပြီးသည့် အဆုံး၌ အိမ်တစ်အိမ်ရှေ့တွင် ထန်မိန်းကလေး၏ ခြေလှမ်းများ ရပ်တန့်သွားသည်။
အဆိုပါအိမ်၏ ခြံ၀င်းထဲ၌ အိမ်မှုကိစ္စများ ပြုလုပ်နေသူများသည် ထန်မိန်းကလေးကို မြင်သောအခါ ပါးစပ်ပင် မပိတ်နိုင်ပဲ အလွန်အမင်း အံ့ဩတုန်လှုပ်သွားခဲ့ကြပြီး လက်တွင်ကိုင်ထားသော ပစ္စည်းများပါ ပြုတ်ကျသွားကြ၏။ ထို့နောက်တွင်မူ အိမ်ထဲရှိ လူများသည် ထန်မိန်းကလေးရှိရာသို့ အပြေးလာကြတော့သည်။
"လျန်အာ"
"မား..."
သားအမိနှစ်ဦးသည် တစ်ဦးကိုတစ်ဦး တင်းကြပ်စွာ ထွေးဖက်ထားကြပြီး အဆိုပါမြင်ကွင်းသည် စုရှောင်ဖေးအား အလွန်ပျော်ရွှင်စေပြီး တစ်ဆက်တည်း၌လည်း မနာလိုဖြစ်မိပြန်၏။ သူမအနေဖြင့် အနာဂတ်၌ ဤကဲ့သို့သော ပွေ့ဖက်မှုမျိုးအား သူမ မိခင်နှင့် ပြုလုပ်နိုင်ပါလိမ့်မည်လော။ ဝေးဝေးလံလံ ကိစ္စရပ်များကို မဆိုထားနှင့်။ ယခုအချိန်၌ပင်မူ ရှောင်ဖေး၏ခြေထောက်များမှာ အလွန် နာကျင်နေပြီး ဆာလောင်မှုဒဏ်ကိုလည်း အလူးအလဲ ခံစားနေရသည်။
သားအမိနှစ်ဦး၏ ငိုကြွေးမြည်တမ်းမှုသည် ပတ်ဝန်းကျင်ရှိလူများကို ဆွဲဆောင်သွား၏။ 'ထန်မိသားစုမှ ပျောက်ဆုံးနေသော သမီးအား ပြန်တွေ့ပြီ' ဟူသည့် လူလူချင်းဆောင်သော သတင်းစကားကြောင့် ထန်မိသားစု၏နေအိမ်ရှိရာသို့ လူအများအပြား လာရောက်၍ စနည်းနာနေကြသည်။ ရှောင်ဖေးအနေဖြင့် ထိုလူများကို မည်သူမှန်းပင် မသိပါချေ။ သူမ သိသည်မှာ ထန်မင်းဆက် အုပ်ချုပ်သည့်ခေတ်မှ ပြည်သူများမှာ အလွန် ငွေကြေးပြည့်စုံကြသည်ဟူသော အချက်တစ်ချက်သာ ရှိ၏။ ထန်ပြည်သူများ၏ ငွေကြေးပြည့်စုံမှုမှာ ဓားပြတိုက်ခံရလျှင်ပင် ကျန်ခဲ့သောပစ္စည်းများနှင့် မကြောင့်မကြ နေနိုင်ကြသည်။
"ဒါနဲ့ သူတို့တွေက ဘယ်သူတွေပါလိမ့်" ထန်မိန်းကလေး၏အမေသည် သမီးဖြစ်သူနှင့် အတူပါလာသူနှစ်ဦးအကြောင်းကို မေးကြည့်လိုက်၏။ ထန်မိန်းကလေး၏အမေသည် ရှောင်ဖေး၏ ထူးဆန်းနေသော ၀တ်စားဆင်ယင်ပုံအား ကြည့်ကာ အနည်းငယ် မျက်ခုံးပင့်တက်သွားသည်။
"အာ... သူတို့က သမီးကို ကယ်ပေးခဲ့တာပါ" ထန်မိန်းကလေးသည် ရန်ဖေးရှိရာသို့ ညွှန်ပြကာ ပြောပြလိုက်၏။ ထိုအခါ ထန်မိန်းကလေး၏အမေသည် ရန်ဖေးရှိရာသို့ အပြေးသွားကာ ကျေးဇူးတင်စကား အထပ်ထပ် ပြောကြားပြီးနောက် ရှောင်ဖေးရှိရာသို့ လာရောက်၍လည်း ကျေးဇူးတင်စကား ပြောပြန်သည်။ "ဒီက အစ်မကြီးကိုလည်း ကျေးဇူးတင်ပါတယ်နော် ကျွန်မ သမီးလေးကို ကယ်တင်ပေးခဲ့တာ"
ရှောင်ဖေးတစ်ယောက် လည်ပင်းပင် နင်သွားတော့၏။ သူမ၏ ၀တ်စားမှုအား ထန်ပြည်သူများမှ တစ်မျိုးမြင်ကောင်း မြင်နိုင်သည့်တိုင် သူမ၏ရုပ်ရည်ကို ကြည့်ရုံမျှဖြင့် သူမ၏အသက်မှာ လေးဆယ်မျှပင် မရှိသေးကြောင်း အသိသာကြီးပင် ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ အစ်မကြီးဟု အခေါ်ခံရခြင်းမှာ ရှောင်ဖေးအား မခံချိမခံသာ ဖြစ်စေ၏။
ရန်ဖေးပါမကျန် လူတိုင်း၏အကြည့်သည် ရှောင်ဖေးရှိရာသို့ စုပုံရောက်ရှိလာကြသောကြောင့် ရှောင်ဖေး၏ပါးပြင်လေးများမှာ တစ်စတစ်စ နီစွေးလာတော့သည်။ သို့သော်ငြား ရှောင်ဖေးသည် မသိကျိုးကျွန်သာပြု၍ သူမ လက်ရှိခံစားနေရသော ခံစားချက်အတိုင်း စကားတစ်ခွန်းကိုသာ ပြောလိုက်၏။ "ဟိုလေ ကျွန်မ ဗိုက်တအားဆာပြီး ရေလည်း ငတ်နေလို့ပါ"
ထန်မိန်းကလေး၏ အမေသည်လည်း ထိုအချိန်မှသာ အသိ၀င်လာတော့၏။ "ဟာ ဟုတ်သားပဲ... အပျော်လွန်ပြီး မေ့နေတာ... အိမ်ထဲ၀င်ပြီး ရေနွေးကြမ်းလေး သုံးဆောင်သွားကြပါဦး"
ထို့နောက်တွင်မူ ရှောင်ဖေးတို့နှစ်ယောက်သည် ထန်မိန်းကလေး၏မိခင်ဖြစ်သူမှ ဖိတ်ခေါ်မှုကြောင့် သူမတို့အိမ်တော်သို့ ရောက်ရှိသွားခဲ့သည်။ အိမ်တော်ထဲ၌ ပရိဘောဂများ၏ အထားအသိုများမှာ အလွန်ရိုးရှင်းလှပြီး သန့်ရှင်းသပ်ရပ်နေ၏။ ရှောင်ဖေးအနေဖြင့် ထန်မင်းဆက်ခေတ်မှ အိမ်တော်များမှာ မည်သို့မည်ပုံရှိသည်အား အသေးစိတ်မသိသည်ဖြစ်ရာ မည်သည့်မှတ်ချက်မှ မပေးနိုင်ပါချေ။
ရှောင်ဖေးတို့နှစ်ဦးသည် အိမ်တော်ထဲ၌ ထိုင်လိုက်ကြပြီး ထန်မိန်းကလေး၏မိခင်သည် ရှောင်ဖေးတို့နှစ်ဦးအား ရေနွေးကြမ်းပန်းကန် ကမ်းပေးလာခဲ့သည်။ ထို့နောက်တွင်မူ ရှောင်ဖေးတို့အား အနည်းငယ်မျှသာ လောကွတ်ပြုပြီးနောက် ထန်မိန်းကလေးကိုခေါ်ကာ အိမ်အတွင်းခန်းထဲသို့ ၀င်သွားပုံကို ထောက်ချင့်ခြင်းဖြင့် သူမ၌ သမီးဖြစ်သူအား ပြောစရာများစွာရှိနေကြောင်း သိသာလှသည်။
ရှောင်ဖေးသည် ရေနွေးကြမ်းနှစ်ခွက်ကို မျက်စိတစ်မှိတ်အတွင်းမှာပင် သောက်ပစ်လိုက်ပြီး ထို့နောက်တွင်မူ သူမဘေးရှိလူထံမှ စကားသံ ထွက်ပေါ်လာခဲ့၏။
"မင်း ရှေ့ဆက် ဘာလုပ်ဖို့ စီစဉ်ထားလဲ"
ရှောင်ဖေးသည် ထိုမေးခွန်းကို ကြားပြီးနောက် သက်ပြင်းတစ်ချက်ချကာ ရေနွေးတစ်ငုံ ထပ်သောက်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ "ရှင့်မှာလည်း ဘာပိုက်ဆံမှ မပါလာဘူးမလား... ရေနွေးကြမ်း အ၀သောက်... စားစရာရှိတာ ၀၀လင်လင် စားသွားရအောင်လေ... ဒါမှ ခရီးရှည်ရှည် လမ်းလျှောက်လို့ရမှာပေါ့"
စုရှောင်ဖေး၏ အဖြေကြောင့် ရန်ဖေး၏မျက်ခုံးများ မြင့်တက်သွား၏။ "ဘယ်သူနဲ့ဘယ်သူက ခရီးရှည်ရှည် ထွက်ကြမှာလဲ"
ရန်ဖေး၏အကြည့်ကို ထောက်ချင့်ရုံမျှဖြင့် ရှောင်ဖေးအတွက် စဉ်းစားပေးမည် မဟုတ်ကြောင်း သိသော်ငြား သူမသည်လည်း မည်သို့မျှ မတတ်နိုင်ပါချေ။ ဤအရပ်ဒေသသည် သူမနှင့် တစ်ခါမှ ရင်းနှီးခဲ့ဖူးခြင်း မရှိသည်ကြောင့် နယ်မြေကျွမ်းကျင်သူနှင့် ရှေ့မဆက်ပဲ သူမတစ်ဦးတည်းသာ ရှေ့ဆက်ခဲ့ပါက ဖြစ်လာမည့် အကျိုးဆက်အား တွေးပင်တွေးမကြည့်ရဲပါ။ ထို့အတွက်ကြောင့် ရှောင်ဖေးသည် မျက်နှာပြောင်တိုက်မိသော်ငြား ရိုးသားကြင်နာပြီး အားကိုးရလောက်မည်ဟု ထင်ရသည့် ရန်ဖေးဆိုသည့် အနှီယောက်ျားပျိုနောက်ကိုသာ လိုက်သွားရန် ဆုံးဖြတ်ချက်ချလိုက်ပါတော့သည်။