(Zawgyi code)
လူတယောက်ကို မက်မက်မောမော ချစ်ရကောင်းလိမ့်မယ်လို့ သူမတစ်ခါဖူးမှ မတွေးဖူးခဲ့ပါ။
ပျို့ယမင်းနဲ့ ပတ်သက်ခဲ့တယ်ဆိုတာကလည်း အကြောင့်တရားတွေ ရှိနေခဲ့လို့ပါ။ ပျို့ယမင်းနဲ့ ပတ်သက်မှုကို အချစ်လို့ သူမတစ်ခါဖူးမှ ခေါင်းစဉ်မတပ်ခဲ့။
ပိုးနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့တဲ့ သူမရဲ့ခံစားချက်တွေက ထူးဆန်းလွန်းတယ်။
အပေးအယူ သက်သက်နဲ့သာ ပတ်သက်ခဲ့တယ်ဆိုပေမယ့် ပိုးရဲ့ပွင့်လင်းလှတဲ့ အချစ်တစ်စုံကို သူမမျက်ကွယ်မပြုနိုင်ခဲ့။
ချစ်ပါတယ်ဆိုတဲ့စကားကို ပြောလိုက်တဲ့အချိန်တိုင်း ပိုးရဲ့မျက်ဝန်းထဲကတစ်ဆင့် ချစ်ခြင်းရဲ့ခံစားချက်တွေကို သူမဆီ ကူးဆက်လာပြီး လွယ်လင့်တစ်ကူခံစားသိရှိခဲ့တယ်။
ပိုးဟာ ငယ်ရွယ်ပေမယ့်လည်း သူမကို အစွမ်းကုန် ချစ်ပေးနိုင်တယ်။ နားလည်မှုအပြည့်နဲ့ အေးချမ်းတဲ့ ချစ်ခြင်းကို ပုံဖော်ပေးနိုင်တယ်။
ချစ်ပါတယ်လို့ ဝန်ခံပြီးသွားတဲ့ညက သူမ ပိုးကို အိမ်ခန်းထဲ ပြန်ခေါ်ခဲ့တယ်။
ပိုးဆက်ပြီး မငိုနေတော့အောင် သူမ ချော့မော့ပြီးတော့ ညစာတစ်ခုခုကျွေးဖို့လည်း စီစဉ်ရပြန်တယ်။
'မင်းမငိုနဲ့တော့နော်။ တစ်ခုခုစားဖို့ ဘာပြင်ဆင်ပေးရမလဲ။ အချိန်ကလည်း ညဥ့်နက် နေပြီဆိုတော့ မုန့်လည်းမှာလို့ရမှာမဟုတ်ဘူး'
'ရပါတယ်။ ဘာမှ စားချင်စိတ် မရှိတော့ပါဘူး'
'ကဲပါ မူမနေနဲ့။ ပြောပါ။ ဘာစားချင်လဲ?'
'မစားချင်တော့ပါဘူးဆို'
'အင်း အဲ့ဒါဆိုလည်းပြီးရောလေ။ မင်းမစားချင်ဘူးဆိုတာ သေချာရင် တို့ဘာမှမချက်တော့ဘူး။ ကဲ မင်းလည်းအရမ်းပင်ပန်းနေလောက်ပြီ။ အိပ်လိုက်တော့...'
'ဟုတ်ကဲ့။ ဒါနဲ့ ခင်ဗျားကရော မအိပ်သေးဘူးလား?'
'အိပ်မယ်။ ရေချိုးချင်သေးလို့။ ရေချိုးပြီးရင်အိပ်မယ်။ မင်း အိပ်နှင့်လိုက်တော့'
ပြောပြီးတာနဲ့ သူမ ရေချိုးခန်းထဲသို့ ဝင်ခဲ့လိုက်တယ်။
လူကလည်း အနည်းငယ်ပြိုင်းနေပြီဆိုတော့ အိပ်ရာဝင်ခါနီး ရေချိုးမှပဲ ဖြစ်တော့မယ်ဆိုတာ သေချာနေပြီလေ။
သူမအိမ်ခန်းရဲ့ ရေချိုးခန်းက ခပ်ကျဉ်းကျဉ်းပါပဲ။
အဝတ်စားတွေကို အပြင်မှာမချွတ်တော့ပဲ ရေချိုးခန်းထဲရောက်မှ အပုံလိုက် ချွတ်ချလိုက်မိတယ်။
ရေပန်းအောက်ကို ဝင်ရပ်လိုက်ရင်း ပင်ပန်းနွမ်းနယ်မှုတွေ ပျောက်ကွယ်သွားသည့်အထိ အသာလေး ငြိမ်နေမိတယ်။
သူမရဲ့အကျင့်တစ်ခုက မွန်းကျပ်နေတဲ့အခါ ရေချိုးရင်း မွန်းကျပ်မှုတွေကို ပြေပျောက်နိုင်အောင် ကြိုးစားလေ့ရှိတယ်။
အဲဒါကြောင့် သူမရေချိုးတယ်ဆိုရင် တခြားသူတွေရေချိုးတာထက် ပိုပြီးကြာလေ့ရှိတယ်။
စိတ်နွမ်းလျနေမှု ပြေပျောက်သွားတဲ့အထိ ရေချိုးပြီးနောက် တော်တော်လေညဥ့်နက်နေပြီဆိုတာ သတိထားမိပြီး ရေချိုးခန်းထဲက ထွက်ခဲ့လိုက်တယ်။
စိုနေတဲ့ခေါင်းကို ထုံးစံအတိုင်း ခြောက်အောင်မသုတ်ဘဲ ညအိပ်ဘောင်းဘီအတိုနဲ့ တီရှပ်တစ်ထည် ကောက်ဝတ်လိုက်မိတယ်။
ကုတင်ပေါ်မှာ တစ်ဖက်သို့ မျက်နှာမူပြီး စောင်းအိပ်နေတဲ့ ပိုးကို ခဏတော့စိုက်ကြည့်မိသေးတယ်။
အခုန ၁၉လမ်းမှာတုန်းက အရက်တွေချည်းပဲ သောက်ခဲ့တဲ့ပိုးဟာ ဗိုက်ထဲမှာ ဘာအစားမှမရှိဘူးဆိုတာ တွေးမိရင်း ခေါက်ဆွဲပြုတ် ပြုတ်ကျွေးရင်ကောင်းမလားလို့ စဉ်းစားကြည့်သေးတယ်။
ဒါပေမဲ့ အိပ်ပျော်နေတဲ့ပိုးကို မနှိုးချင်တော့တာနဲ့ သူမလည်း ကုတင်ပေါ်ကို ဝင်ထိုင်လိုက်မိတယ်။
ပိုးနဲ့ တကုတင်တည်း အတူတူ အိပ်သင့်ရဲ့လားလို့ တွေးမိသေးတယ်။
ဒါပေမဲ့ ကိုယ့်စိတ်ကိုယ် သေသေချာချာ ပိုင်နိုင်နေတဲ့အတွက် သူမ ဧည့်ခန်းထဲမှာ သွားအိပ်လိုက်ရင်ကောင်းမလားဆိုတဲ့ စိတ်ကူးကို မေ့ဖျောက်ပြစ်လိုက်တယ်။
စီးထားတဲ့ဖိနပ်ကိုချွတ်ပြီး ကုတင်ပေါ်ကို ခြေထောက်နှစ်ဖက်တင်ကာ ခေါင်းအုံးပေါ်ကို ပက်လက်လှန် လှဲအိပ်လိုက်ရင်း သူမအိပ်ပျော်နိုင်အောင် မျက်လုံးတွေ မှိတ်လိုက်မိတယ်။
'ဂွီ... ဂွမ်...'
သိသိသာသာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့ ပိုးရဲ့ဗိုက်ထဲက အသံကြောင့် သူ့မှာခေါင်းထောင်ရင်း ပိုးကိုကြည့်လိုက်မိတယ်။
ကျောခိုင်းထားတဲ့ပိုးကတော့ ငြိမ်သက်နေဆဲပဲ။
ဗိုက်ထဲကဒီလောက် အသံတွေထွက်ပေါ်နေတာတောင် အိပ်ပျော်နေတယ်ဆိုတာကတော့ မဖြစ်နိုင်လောက်ဘူးဆိုပြီး သူမ ပိုးရဲ့ပုခုံးကို လှမ်းကိုင်ကာ ဆွဲလှည့်လိုက်မိတယ်။
'ဟင် မင်းမအိပ်သေးဘူးပဲ။ ဒါဆိုဘာဖြစ်လို့ အိပ်ပျော်ဟန် စောင့်နေရတာလဲ?'
'ပိုးမအိပ်သေးဘူးဆိုရင် ခင်ဗျားဒီကုတင်ပေါ်မှာ လာမအိပ်မှာစိုးလို့'
'ဘာဆိုင်လဲ? ဒါက တို့ကုတင်ပဲဥစ္စာ။ ဒီမှာမအိပ်လို့ ဘယ်မှာသွားအိပ်ရမှာလဲ?'
'ဧည့်ခန်းထဲမှာသွားအိပ်မှာစိုးလို့ပေါ့'
'မဆိုင်တာ။ မအိပ်ဘူးစိတ်ချ... ဒီမှာပဲအိပ်မှာ။ ဒါနဲ့ မင်းရဲ့ဗိုက်ထဲမှာ ကုလားဘုရားပွဲ လှည့်နေတယ်နော်။ တဂြီဂြီ တဂွမ်ဂွမ်နဲ့။ မင်းဗိုက်ဆာနေတယ်မဟုတ်ဘူးလား။ မလိမ်နဲ့နော်'
ပိုးက ပြန်မဖြေ။ ခေါင်းငုံ့ကာ ငြိမ်သက်နေတယ်။
'ကြည့်။ ဗိုက်ဆာတာကို ဘာဖြစ်လို့ ဗိုက်မဆာဘူးလို့ လိမ်ရတာလဲ?'
'ပိုး ဗိုက်ဆာတယ်ဆိုရင် ခင်ဗျားက ပိုးအတွက် ချက်ရပြုတ်ရမှာ မလိုချင်လို့ပေါ့'
'ချက်ရပြုတ်ရမှာကို မလိုချင်ဘူးဆိုရင် မင်းဘာသာမင်း ချက်လို့ရတာပဲ။ ချက်မယ်လို့သာပြောတာပါ။ တို့ဆီမှာ ခေါက်ဆွဲပြုတ်တွေကလွဲလို့ ဘာမှမရှိဘူး။ မင်းအခုဗိုက်ဆာနေတဲ့အတိုင်းတော့ မအိပ်ပါနဲ့။ သွား မီးဖိုချောင်မှာ ခေါက်ဆွဲ သွားပြုတ်'
'ထားလိုက်ပါတော့။ မပြုတ်တော့ဘူး။ ပြုတ်လည်း မပြုတ်တတ်ဘူး'
'အိုးထဲကို ရေထည့်ပြီး ခေါက်ဆွဲထည့်တာပဲ။ သုံးနှစ်ကလေးတောင် လုပ်တတ်တယ်'
'တော်ပြီ။ မပြုတ်တော့ဘူး။ ဒီတိုင်းပဲအိပ်တော့မယ်'
'သွားပြုတ်လိုက်ပါ။ တို့လည်း ဗိုက်ဆာနေတယ်။ မင်းပြုတ်မယ်ဆိုရင် တို့အတွက်ပါ တထုပ် ပိုပြုတ်ပြီး တို့ကိုလာခေါ်။ ဟုတ်ပြီလား'
ပိုးက ပထမတော့ တကယ်ခေါက်ဆွဲဖြုတ်ဖို့ ပျင်းနေတာပါ။
ဒါပေမဲ့ သူမလည်းစားချင်နေတယ်လို့ ပြောလိုက်တဲ့အခါကျတော့ ဘာမှတောင်ဆက်မပြောတော့ဘဲ ချက်ချင်း ကုတင်ပေါ်ကထကာ နောက်ဖေးခန်းထဲ ဝင်သွားတယ်လေ။
ခေါက်ဆွဲပြုတ်တဲ့အလုပ်ကို အရင်က ပိုး တစ်ခါဖူးမှ မလုပ်ဖူးပါ။ ဒါပေမယ့် သူမဗိုက်ဆာနေတယ်ဆိုတော့ ပိုးထပြီး မပြုတ်ဘူးဆိုလည်း သူမက ထပြုတ်စားမှာမျိုးမဟုတ်ဘူးလေ။
အဲဒါကြောင့် ပိုး အခုလို ခေါက်ဆွဲပြုတ်ပေးဖို့ ဆုံးဖြက်လိုက်တာ။
အဆင်ကတော့ မပြေပါဘူး။ youtube ဖွင့်ပြီး အထဲမှာ ခေါက်ဆွဲ ပြုတ်နည်း ကြည့်လိုက်ရသေးတယ်။
youtube ထဲကအတိုင်း ပိုခေါက်ဆွဲပြုတ်လိုက်တာ အဆင်ပြေသွားတယ်လေ။
ဒီလိုနဲ့ပဲ ဧည့်ခန်းစားပွဲပေါ်မှာ ခေါက်ဆွဲပြုတ်အိုးကို တင်ခဲ့ပြီးနောက် သူမကိုနှိုးရန် အိပ်ခန်းထဲ ဝင်ခဲ့လိုက်တယ်။
ကုတင်ပေါ်မှာ ခွေခွေလေးအိပ်ပျော်နေတဲ့ သူမကိုငေးကြည့်ပြီး နိုးလိုက်ရမှာ သနားမိသေးတယ်။
ချစ်မိခြင်းဟာ လူတယောက်ကို တော်တော်လေးပြောင်းလဲပေးတာပဲ။
အရင်ကဆို လူတွေကိုသနားရကောင်းမှန်း၊ စာနာရကောင်းမှန်း ပိုး သိခဲ့တာမှမဟုတ်တာ။
နဖူးပေါ်ဝေ့လွှဲကျနေတဲ့ ကပိုကရို သူမှာရဲ့ဆံပင်စလေးတွေကို ပိုး မက်မောကျေနပ်စွာ သပ်သင်ပေးမိတယ်။
သူမကိုချစ်မိသွားတယ်ဆိုတော့ ခက်ခဲကြမ်းတမ်းမှုတွေပြည့်နေတဲ့ သူမရဲ့ ဘဝကိုလည်း သနားမိတယ်။ ကယ်တင်ပေးချင်တယ်။ သူမအတွက်ဆို အရာရာကို ဖြည့်ဆည်းပေးချင်မိတယ်။
သူမကို အေးချမ်းနေတာလေးပဲ မြင်ချင်တယ်။
အလို ဘယ်တုန်းကဘယ်လို သူမအတွက်ဆို ပိုးက ရင့်ကျက်သွားတာပါလိမ့်။
'ဟင် မင်း ခေါက်ဆွဲပြုတ်ပြီးပြီလား?'
နဖူးကိုသတ်ပေးနေရင်း သူ့မ လှုပ်လှုပ်ရှားရှားဖြင့် နိုးလာတယ်။
'sorry နော် ပိုးကြောင့် နိုးသွားရပြီလား?'
'ရပါတယ်။ ကိစ္စမရှိပါဘူး။ ဒါနဲ့ မင်းခေါက်ဆွဲပြုတ်တာ ပြီးပြီလား?'
'ပြီးသွားပြီ။ စားလို့ကောင်းမကောင်းတော့ မသိဘူး
'အော် ready make ခေါက်ဆွဲထုတ်ပဲ။ အထဲကရသာမှုန့်တွေ ထည့်ပြီးပြုတ်ရင် စာမကောင်းဘဲ နေပါ့မလား။ မင်းရော စားပြီးသွားပြီလား?'
'မစားသေးဘူး။ အတူတူစားကြမလားလို့'
'ဘယ်နှစ်ထုပ်ပြုတ်လိုက်တာလဲ?'
'နှစ်ထုပ် '
လက်လေးနှစ်ချောင်းထောင်ပြရင်း ခေါင်းငုံ့ကာ ဖြေလိုက်တဲ့ ပိုးပုံစံလေးက တကယ်အသည်းယားစရာ။ သူမ စွေ့ခနဲ ပြုံးလိုက်မိကာ ပိုးရဲ့ခေါင်းကို လက်ဝါးကြီးနဲ့ အုပ်ကာ ဖိချလိုက်မိတယ်။
'နှစ်ထုပ်တောင် ပြုတ်လိုက်တဲ့နောက်တော့... တို့နှစ်ယောက် စားလို့ဝလောက်ပါတယ်။ ကဲ လာ အတူတူသွားစားရအောင်'
ပြောပြီးနောက် သူမနဲ့အတူ ပိုးလည်း ဧည့်ခန်းထဲကို ဝင်လာပြီး ခေါက်ဆွဲပြုတ် အတူတူ စားကြတယ်လေ။
'မဆိုးဘူး မင်းကပြုတ်တတ်တာပဲ။ အိမ်မှာပြုတ်တတ်လေ့တော့မရှိပေမယ့် မင်းက ခေါက်ဆွဲကိုစားလို့ရအောင် ပြုတ်နိုင်တာဘဲ'
'ခင်ဗျားကို ပိုးလေးလေးနက်နက်ထားပြီးတော့ ပြောစရာစကားရှိတယ်'
'စိတ်ညစ်စရာကိစ္စဆိုရင် မပြောနဲ့နော်'
'စိတ်ညစ်စရာဆိုတာထက် အသိပေးချင်တာပါ။ ပိုးကခင်ဗျားကို တကယ်ချစ်မိနေတာနော်။ အဲဒါ ခင်ဗျားဘက်က ဘယ်လိုတုံ့ပြန်မယ်လို တွေ့ထားလဲ ?'
'မင်းက ဘယ်လိုတုန့်ပြန်စေချင်လို့လဲ'
'ပြန်ချစ်စေချင်တာပေါ့။ ကိုယ်ချစ်မိနေတဲ့လူတယောက်က ကိုယ့်ကိုပြန်ချစ်တယ်ဆိုတာ နည်းတဲ့ကံကောင်းချင်လား။ ပိုးကို ခင်ဗျား ပြန်ချစ်နိုင်ပါ့မလား'
'တကယ်တော့ အချစ်ဆိုတဲ့အရာကို ငါသေသေချာချာမသိဘူး။ လူတွေနဲ့ မပတ်သက်ခဲ့ဘူးလို့ ပြောနေတာမဟုတ်ဘူးနော်။ ငါ... မိန်းမတွေအများကြီးနဲ့ ပတ်သတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီအထဲမှာ ချစ်ခြင်းမပါခဲ့ဘူး။ အဲဒီတော့... လူတစ်ယောက်ရဲ့ ချစ်မိခြင်းဟာ ဘယ်လိုရာမျိုးလဲဆိုတာ ငါသေသေချာချာမသိဘူးလို့ ပြောနေတာ'
'အချစ်ဆိုတဲ့အရာကို သေသေချာချာမသိဘူးဆိုရင် ဒီနေ့ကစပြီး ပိုးက ပြသပေးမှာပါ။ ပိုးကြောင့် ခင်ဗျားဟာ လောကမှာ ကံအကောင်းဆုံးသော လူသားတစ်ယောက်ဖြစ်စေရမယ်'
'ကံကောင်းတယ်ဆိုတဲ့စကားက တို့ဘဝနဲ့ ဝေးကွာခဲ့တာ ကြာလှပါပဲ'
'အခု ပိုးက အဲဒီဝေးကွာနေပါတယ်ဆိုတဲ့ ကံကောင်းခြင်းတွေကိုပဲ ပိုရဲ့အချစ်တွေနဲ့အတူတူ ခင်ဗျားကို လက်ဆောင်ယူလာပေးတော့မှာပါ'
'တို့ စောင့်ကြည့်ချင်ပါသေးတယ်'
'စောင့်ကြည့်ပါ။ အချိန်တန်ရင်တော့ ပိုးက ခင်ဗျားကို တကယ်ချစ်လားမချစ်ဘူးလားဆိုတာ သိသွားမှာပါ'
'အိုကေပါ'
အဲဒီညက ပိုးနဲ့သူမ ပထမဦးဆုံးအကြိမ်အဖြစ် တစ်ကုတင်တည်းမှာ နှစ်ယောက်အတူတူ အိပ်ဖြစ်ခဲ့ကြတယ်။
အိပ်တယ်ဆိုတာက ဒီအတိုင်း ခေါင်းချပြီး ဘေးချင်းယှဉ်ကာ အိပ်ခဲ့ကြခြင်းသာ။
ဒီထက်ပိုတဲ့ အထိအတွေ့ တစ်ခုကိုမှ သူမဘက်ကတိုးခဲ့တာမျိုးမရှိသလို၊ ပိုးဖက်ကလည်း ဖန်တီးပုံဖော်ခဲ့တာ မရှိတဲ့။
သာမန် သူငယ်ချင်းတွေလို၊ ညီအမတွေလို အိပ်ခဲ့ကြခြင်းသာ။
အိပ်ခါနီး ခေါက်ဆွဲပြုတ်ကို ဗိုက်အပြည့် စားလိုက်မိလိုနဲ့တူတယ်။ ပိုးရောသူမရော ကလေးတွေလို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ကြတာ မနက်မိုးလင်း နေ့အလင်းရောင်အိပ်ခန်းထဲ ကျရောက်တော့မှ နိုးခဲ့ကြတယ်။
'ဟင်...'
'ဟယ်'
'အား ဘယ်လိုဖြစ်ပြီး'
'ရတယ် ရတယ် ဖယ် ဖယ် '
'ဖယ်မှာ ဖယ်မှာ နေဦး မလှုပ်နဲ့ လက်ကကျဉ်နေပြီ'
ညက ကုတင်ပေါ်ကို စပြီး တက်ခဲ့ကြစဉ်က တယောက်နဲ့တစ်ယောက် good night လို့ ပြောပြီး အေးအေးဆေးဆေး ကိုယ်စီကျောခိုင်းကာ အိပ်ခဲ့ကြတာပါပဲ။
အခုမနက်အိပ်ရာနိုးတော့ ပိုးက သူမကို ကျောခိုင်းထားရဲနဲ့ သူမရဲ့ လက်မောင်းပေါ်ကို ခေါင်းအုံးပြီး အိပ်နေမိတယ်။
သူမက တခြားလက်တစ်ဖက်နဲ့ ပိုးကို တင်းကျပ်စွာ သိုင်းဖက်ရင် အိပ်နေမိတယ်။
တစ်ညလုံး ပိုးခေါင်းအုံးမိထားလို့နဲ့တူပါတယ်။ ပိုးရဲ့ ခေါင်းအောက်ကိုရောက်နေတဲ့ သူမရဲ့ လက်တစ်ဖက်က သိသိသာသာ ထုံကြင်နေလေပြီ။
ပိုးက ကျုံးပြီးထလိုက်ပေမယ့်လည်း သူမရဲ့လက်က မလှုပ်နိုင်သေး။
'ဘယ်လိုဖြစ်ပြီး သူများရဲ့ခေါင်းအောက်ကို ခင်ဗျားရဲ့လက်က ရောက်နေရတာလဲ?'
'ဟ အိပ်နေတဲ့လူက မင်းရဲ့ခေါင်းကို ဆွဲမပြီး လက်တစ်ဖက် ထိုးထည့်ပါ့မလား။ စဉ်းစားပါဦး'
'အဲဒါဆို ဘယ်လိုလုပ်ပြီး အဲဒီလက်က ပိုးရဲ့ခေါင်းအောက်ကို ရောက်နေရတာလဲ။ နောက်ပြီး ခင်ဗျား ပိုးကိုလည်း ဖက်ထားတာ တစ်ညလုံးမဟုတ်လား'
'ဟိတ် မဟုတ်တာတွေမပြောနဲ့နော်။ ဘယ်သူက မင်းကို ဖက်ထားလို့လဲ'
'ခင်ဗျားပဲဖက်ထားတာလေ။ ဖက်ထားတာမှ တင်းကျပ်နေတာဘဲ'
'တစ်ညလုံး ဖက်ထားတာ ဟုတ်ချင်မှာဟုတ်မှာပါ။ အခုမနက် မိုးလင်းခါနီးမှ ယောင်ပြီး ဖက်မိထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲလေ'
'တစ်ညလုံး ဖက်ထားလား မဖက်ထားဘူးလားဆိုတာတော့ မသိဘူး။ ဒါပေမဲ့ မနက်က ပိုး တရေးနိုးတော့ အချိန်က မနက်၃နာရီပဲရှိသေးတယ်။ သေချာတာကတော့ အဲဒီကတည်းက ခင်ဗျား ပိုးကို ဖက်ထားတာပဲ'
'သုံးနာရီလောက်တည်းက ဖက်ထားတာကို သိရဲ့သားနဲ့ မင်းက ဘာလို့... ဘာလို့ဒီတိုင်းပြန်အိပ်နေတာလဲ။ ဖက်ထားတဲ့လက်ကို ဖယ်လိုက်ပြီးရောပေါ့'
'မဖယ်ချင်လို့ပေါ့...'
'ဟမ်...'
'ဟုတ်တယ်... မဖယ်ချင်လို့ပေါ့...'
'မင်း... ပိုးပုဝါ...'
'ရှူးပေါက်ချင်နေတာတောင် ခင်ဗျားနိုးသွားမှာစိုးလို့ ထမပေါက်ဘဲ ဒီတိုင်း ပြန်အိပ်ခဲ့တာ။ ခင်ဗျားနိုးသွားပြီး ပိုးကို မဖက်တော့မှာစိုးလို့ အောင့်ထားရတာ မနက် ၃ နာရီတည်းက... အမယ်လေး... အခုတောင် ရှူးက ထွက်ကျချင်နေပြီး'
'ဟာ ကုတင်ပေါ်မှာ ရှူးတွေ ပေါက်ကျလို့တော့ မဖြစ်ဘူးနော် ။ သွား အိမ်သာထဲကို မြန်မြန်သွား'
စိုးရိမ်တကြီး ကြောက်လန့်တကြားလေး သူမ မောင်းထုတ်တဲ့အခါ ပိုး သဘောကျစွာ ပြုံးရင်း ခပ်ကျဉ်းကျဉ်းလေးသာရှိတဲ့ သူမရဲ့ အိမ်ခန်းလေးထဲမှ အိမ်သာဆီသို့ ပိုး ပြေးထွက်ခဲ့ရတယ်လေ။
တကယ်သိခဲ့တာပါ။ မနက်က ပိုးတရေးနိုးတော့ ပိုးကို သူမ သိုင်းဖက်ထားတာမှ တင်းကြပ်လို့။
ကိုယ်ချစ်တဲ့လူရဲ့ လက်မောင်းပေါ် ခေါင်းအုံးအိပ်ခွင့်ရခြင်းဟာ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။ ဒါ့ကြောင့် ပိုး ငြိမ်ငြိမ်လေး နေခဲ့တာ။
တော်ကြာ... ပိုးလှုတ်လိုက်လို့ ဒေါ်ကြီးကျယ်နိုးသွားရင် ပိုးကို ထပ်ဖက်တော့မှ မဟုတ်ဘူးဆိုတာ တွေးမိလို့လေ။
-------------------------------------------
'မနေ့ညက ပိုးပြန်မလာတာကို အမ နည်းနည်းလေးမှ မစိုးရိမ်မိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပိုးက ဂုဏ်ရှိန်နဲ့ အတူတူရှိနေတယ်ဆိုတော့ အမက စိတ်ချတယ်လေ။ ဒီကောင်မလေး သူ့သူငယ်ချင်းတွေနဲ့ ရှိနေရင်သာ အမက သိပ်စိတ်မချတာ...'
ဒေါ်ငုဝါဆီ ပိုးကိုပြန်ပို့တော့ မနက် ၁၁ နာရီထိုးနေပြီ။
ဒေါ်ငုဝါများ တစ်ခုခုပြောပြီး စိတ်ဆိုးလေမလား၊ သူမကို အလုပ်များဖြုတ်လိုက်လေမလားလို့ စိုးရိမ်စိတ်က ဖြစ်ခဲ့ရသေးတယ်။
ဒါပေမဲ့ အခုတော့ ဒေါ်ငုဝါက အေးအေးဆေးဆေးပဲ။
'ညက ညဥ့်နက်သွားလို့ ပိုးကို အိမ်ပြန်မပို့တော့တာ အမ... အမစိုးရိမ်နေမှာစိုးလို့ စာပို့လိုက်သေးတယ်နော်'
'တွေ့ပါတယ် ဂုဏ်ရှိန်ရယ်... မင်းအိမ်မှာ ပိုးကိုသိပ်လိုက်မယ်ဆိုတာ သိပါတယ်။ ပိုးရဲ့ဒယ်ဒီကတောင် မေးနေသေးတယ်။ သူ့သမီး အိမ်ပြန်မအိပ်ဘူးလားတဲ့။ တို့လည်း ပြန်ဖြေလိုက်ပါတယ်။ မင်းအိမ်မှာ ညအိပ်မယ်လို့'
'ဟုတ်ကဲ့...'
'ပိုးကို စာစသင်တုန်းက ဂုဏ်ရှိန်နဲ့ပိုးတို့ အဆင်မပြေဖြစ်ခဲ့ကြတယ်နော်။ အဲဒီတုန်းကလေ အမတော့ တော်တော်လေး စိတ်ညစ်ခဲ့ရတာ။ ဘာပဲဖြစ်ဖြစ်ပိုးကို ဆယ်တန်းတော့ အောင်သွားစေ့ချင်တယ်ကွယ်။ အခုနောက်ပိုင်း သမီးနဲ့ ဂုဏ်ရှိန် အဆင်ပြေသွားတာ တွေ့ရတော့ အမ တကယ်စိတ်ချမ်းသာတယ်။ သမီးကလေ အရင်ကဆို ဆရာ ဆရာမတွေကိုဆို သိပ်အနိုင်ကျင့်တာ။ ဂုဏ်ရှိန်နဲ့တွေ့မှပဲ ပိုးတစ်ယောက် စာတကယ်လုပ်တတ်သွားတယ်။ ပိုးကို ဂုဏ်ရှိန် ဘယ်လို သင်ခန်းစာတွေများ ပေးလိုက်တာလဲ မသိဘူး... ဟင်းဟင်း...'
ဒေါ်ငုဝါက ပြုံးပြုံးလေးပြောနေတာကို ပိုးက ဒေါ်ငုဝါမမြင်အောင် သူမကို မျက်စိတစ်ဖက်မှိတ်ပြသေးတာ။
အလယ်စားပွဲကွယ်နေတာမို့ ပိုးဟာ သူမလက်ကို ခပ်ကြမ်းကြမ်းလေး လာဆုပ်ကိုင်သေးတာလေ။
သူ့အမေ မြင်သွားမှာကို စိုးရိမ်မိတဲ့ သူမကတော့ လက်ကို ထိုနေရာက တုတ်တုတ်ပင် မလှုတ်ရဲ။
'မာမီ...'
'ပြော... သမီးလေးပိုး'
'ဒီနေ့ ပိုး အပြင်သွားဖို့... အဲဒါ ချယ့်ကိုပါ ခေါ်သွားမယ်နော်'
အံမယ်... ဒင်းကလေးက သူမကို လူတွေကွယ်ရာမှာ ခင်ဗျား... ခင်ဗျားနဲ့... ခေါ်ပြောပေမယ့် သူ့အမေရှေ့ကျတော့ 'ချယ်'တဲ့ပါလား။ တော်တော်လေး အမူအရာများပြီး ကူလီကူမာလုပ်တတ်တဲ့ ပိုးကို သူမ အံ့သြစွာကြည့်မိသေးတာ။
'ဟယ်... ပိုးရဲ့တီချယ်က အားရဲ့လား... သူ့မှာ တခြားကိစ္စတွေရှိချင် ရှိနေမှာပေါ့...'
တချိန်လုံး ပိုးနဲ့အတူ ကလေးထိန်းနေရတဲ့အနေအထားကို သူမက သိပ်လိုချင်နေတာမဟုတ်။ ဒါ့အပြင် သူမ လက်ထဲ ပစ္စည်းပြတ်နေပြီဖြစ်လို့ ပစ္စည်းလည်းသွားယူရဦးမယ်။ အလုပ်တွေက ရှိနေသေးတယ်ဆိုတာကို ပြောဖို့ သူမ ဆုံးဖြတ်လိုက်တယ်။
'မရှိပါဘူး။ ပိုးမေးပြီးသား... 'ချယ့်'မှာ တခြားဘာအလုပ်မှ မရှိဘူး... နော်'
ငြင်းဖို့ ပြင်ထားတာပါပဲ။ ဒါပေမဲ့ မျက်နှာငယ်လေးနဲ့တောင်းဆိုလာတဲ့ ပိုးရဲ့အမူအရာကို သူမ မငြင်းပယ်နိုင်ခဲ့။
'အင်း ဟုတ်တယ်... ဟို မရှိဘူး အမ'
တကယ်ဆို သူမ ပျို့ယမင်းဆီသွားတွေ့သင့်နေပြီ။ မနေ့ညက လာခဲ့မယ်ပြောထားပြီး သူမ ပေါ်မလာတဲ့အတွက် ပျို့ယမင်း အခုလောက်ဆို တော်တော်လေး ဒေါသူပုန်ထနေပြီဆိုတာ သူမ သိတယ်။
ဒါပေမဲ့ အခု ပိုးကလည်း ခါချလို့ကို မရ။ အတင်းကို လိုက် ကတ်တွယ်နေသေးတာ။
'ပိုးက ဘယ်သွားချင်လို့လဲ... ဂုဏ်ရှိန်အားရဲ့လားကွယ်...'
'အားပါတယ်ဆို မာမီရယ်... ချယ်နဲ့ ပိုပြီးရင်းနှီးချင်လို့ပါ။ သူငယ်ချင်းတွေဆီကိုပါပဲ။ သိပ်မကြာပါဘူး... နော် ချယ်...'
ပြောတိုင်း ပြောတိုင်း နော်... ချယ်.... နော်... ချယ်နဲ့။ သူမကို စစ်ကူတောင်းနေတဲ့ ပိုးပုံစံလေးက တကယ့်ကို ကလေးဆန်ပြီး ဖြူစင်လွန်းနေတယ်။
ပိုးဟာ ဘယ်လိုလူစားမျိုးကို ချစ်မိနေတယ်ဆိုတာ မသိရှာဘူး။
ပိုးဘ၀လေး သူမကြောင့် အခက်ခဲတွေ၊ ပြဿနာတွေတက်မှာကိုလည်း သူမ မလိုလားဘူး။
'အင်းပါ... ဘာပဲဖြစ်ဖြစ် မာမီက ပိုးကို ဂုဏ်ရှိန်နဲ့ဆို စိတ်ချပြီးသားပါ။ သွားကြနော်။ အေးအေးဆေးဆေးသွား။ ကားတစ်စီးယူသွား...'
'ဟုတ်ကဲ့ မာမီ...'
-------------------------------------------
ဘယ်တည်းက ကြိုတင်စီစဉ်ထားလဲမသိ။ ကားသော့ဖွင့်ပြီး ကားပေါ်တက်တာနဲ့ ပိုးဟာ လီဗာကို ဖိဖိပြီးနင်းတော့တယ်။
'မင်း... ဒါဘာလုပ်တာလဲ?'
'ကားမောင်းဖို့လေ...'
'မင်းမောင်းမယ့်ကားကို ဘယ်သူက စီးမယ်ပြောနေလို့လဲ?'
'ဟင် ... ခင်ဗျားက ပိုးမောင်းတဲ့ကားကို မစီးဘူးဆိုရင် ... ဘယ်ကားနဲ့ လိုက်ခဲ့မှာလဲ?'
'ဒီကားနဲ့ပဲလိုက်ခဲ့မယ်။ ဒါပေမဲ့မင်းမောင်းရင်တော့ တို့မစီးဘူး'
'ခင်ဗျား ခင်ဗျားဘာသာ မောင်းချင်တာလား
'ကားမောင်းရမှာကို စောက်ရမ်းပျင်းတာ။ ဒါပေမဲ့ မင်းမောင်းမယ့်ကားကို မစီးရဲလို့ တို့ဘာသာ မောင်းမယ်ပြောနေတာ
'ကဲပါ အသည်းတုံးကြီးရယ် ကြိုက်သလိုလုပ်ပါ။ လာ ထိုင်ခုံနေရချင်း ချိန်းလိုက်ရအောင်
ပိုးက ပျူငှာစွာဖြင့် ထိုင်ခုံကို လည်းခွင့်ပေးတယ်။ သူမလည်း driver seat မှာ သွားထိုင်ပြီး ကားမောင်းခဲ့လိုက်တယ်လေ။
'ဒေါ်ဂုဏ်ရှိန်ဝါ ပိုးရဲ့လက်လေးကို ကိုင်ပြီး ကားမမောင်းချင်ဘူးလား
'မမောင်းချင်ပါဘူး။ ဘာအတွက်နဲ့ မင်းလက်ကို တို့ကကိုင်ရမှာလဲ?
'လက်ကိုပဲ ကိုင်ခိုင်းနေတာနော်။ kissing ရိုက်ခိုင်းနေတာမဟုတ်ဘူး။ ဘာလို့ဒီလောက်တောင် ကျွတ်နေတာလဲ?
'ဘယ်သူပြောလဲ မင်းကို ကျွတ်တယ်လို့
'မကျွတ်ဘူးဆိုရင်... ရော့ ဒီမှာလက်။ ကိုင်ပြီး ကားမောင်း။ အော် ဒါနဲ့ ခင်ဗျား လက်တစ်ဖက်တည်းနဲ့ ကားမောင်းတတ်ရဲ့လား?'
'မမောင်းတတ်ဘူးဆိုရင် ကား အက်စီးဒင့်ဖြစ်မှာစိုးလို့ မင်းက လက်မကိုင်ခိုင်းဘဲ မောင်းဖို့ပြောဖို့လား?'
'မဟုတ်ပါဘူး။ ကားတိုက်ချင်တိုက် သေချင်သေ။ လက်ကိုတော့ ကိုင်မောင်းပါလို့ ပြောမလို့လေ'
ဇွတ်တရွတ်နိုင်လှတဲ့ ပိုးကို သူမ အမြင်ကတ်သလိုလေး မျက်ပေါက်များကျဉ်းရင်း လှည့်ကြည့်သွားမိတယ်။
ထိုအခါ ပိုးက သူမလဲမတတ်နိုင်ဘူးဆိုတဲ့ပုံစံနဲ့ ပုခုံးနှစ်ဖက်ကို ဟန်ပါပါ တွန့်ပြသေးတယ်လေ။
နောက်ဆုံးတော့ လှမ်းပေးထားရင်း ပြန်မရုပ်သိမ်းတဲ့ ပိုးရဲ့ လက်တဘက်ကို သူမ စွဲကိုင်ရင်း ကားကိုဆက်မောင်းခဲ့ရတယ်။
ဘယ်ကတည်းက ချိန်းထားတယ်မသိ။ သူမတို့ ကော်ဖီဆိုင်မှာပါကင်ထိုးပြီး ဆိုင်ထဲကိုဝင်လာတော့ ဝိုင်းတဝိုင်းမှာ ပိုးရဲ့သူငယ်ချင်းတွေက စုစုရုံးရုံးနဲ့ ရောက်ရှိနေကြတယ်။
ဆိုင်ထဲကို သူမနောက်မှာဝင်လာတဲ့ ပိုးဟာ သူငယ်ချင်းတွေကိုလည်းမြင်ရော သူမရဲ့လက်တစ်ဖက်ကို ဝေ့ကနဲ စွဲကိုင်ရင်း အဲဒီစားပွဲကို ဦးတည်သွားတယ်လေ။
'မင်း... ဒါဘာလုပ်တာလဲ?'
'လက်ကိုင်တာလေ'
'မကိုင်နဲ့လေ။ မင်းသူငယ်ချင်းတွေ မြင်ကုန်ရင် တမျိုးထင်ကုန်မှာပေါ့'
'ရတယ်လေ။ မကိုင်စေ့ချင်ဘူးဆိုရင် မကိုင်ပါဘူး။ ဒါပေမဲ့ အခုန ဒီကော်ဖီဆိုင်ကိုလာတဲ့ လမ်းတလျှောက်လုံး ခင်ဗျား ပိုးရဲ့လက်ကို ကိုင်ပြီး ကားမောင်းလာတယ်ဆိုတာ သူတို့ကို ပြောပြလိုက်ရုံပေါ့'
'ပိုး မင်းဒါသက်သက် ညစ်တာပဲ။ အခုနကကားပေါ်မှာလည်း လက်ကို မင်းပဲကိုင်ခိုင်းတာလေ'
'နေပါဦး နေပါဦး ခင်ဗျားက ဘယ်အချိန်ကစပြီး ပိုးခိုင်းတဲ့အတိုင်း လိုက်နာတတ်သွားတာလဲ?'
'မင်း... ပိုးပုဝါ'
'ဟုတ်ကဲ့ပါရှင့်'
လိုချင်တဲ့ အရာကို အချော့နည်းနဲ့ယူလိုက်၊ အကြမ်းနည်းနဲ့ယူလိုက် လုပ်နေတဲ့ ပိုးကို သူမအမြင်ကတ်စွာဖြင့် အံကြိတ်မိတယ်။
ဒါပေမယ့်လည်း ပိုးက အလျော့မပေး။ တကယ်ပဲ ရှယ်လီတို့ ထိုင်နေတဲ့ တစ်ပွဲဆီသို့ သူမလက်ကို ခပ်တင်းတင်းဆုပ်ကိုင်သွားတယ်လေ။
'ဟဲ့ ပိုး အရေးတကြီး ကြော်ငြာစရာရှိတယ်ဆိုလို့ ငါတို့ အခုဒီကိုရောက်လာကြတာ။ နင်ကြော်ငြာစရာရှိတယ်ဆိုတာ ဘာလဲ?'
'ဟုတ်တယ်ပိုး ပြောပြ။ ငါတို့အရမ်း သိချင်နေကျပြီ'
'ပထမတော့ ကြော်ငြာစရာရှိတယ်ဆိုတာကို စိတ်မဝင်စားခဲ့ပေမယ့် အခုနင် ဆိုင်ထဲကို ရှိန်းရဲ့ လက်ကိုကိုင်ပြီး ဝင်လာတာကို မြင်ရတော့မှ နင်ကြော်ငြာစရာရှိတယ်ဆိုတဲ့ စကားကို ငါတော်တော် စိတ်ဝင်စားသွားတာ'
သူငယ်ချင်းတွေ အကုန်လုံး တယောက်တစ်ခွန်းနှင့် ပိုးကို မေးကြတော့ ပိုးက ဂုဏ်ယူသလိုလေး ပြုံးရင်း ကိုင်ထားတဲ့ သူမရဲ့လက်ကို ခပ်မြင့်မြင့် ဆွဲမြှောက်ပြတယ်လေ။
'ဒီမှာလေ ငါ ကြော်ငြာစရာရှိတယ်ဆိုတာ ဒါကလွဲပြီး ဘာဖြစ်မှာလဲ? '
'ပဟေဠိလာ မဆန် နေစမ်းပါနဲ့ ပိုးရာ ပြောစရာရှိရာသာ ပြောလိုက်စမ်းပါ'
'အမလေး ရှယ်လီရယ် နင်ကလည်း သူငယ်ချင်းအချင်းချင်းဖြစ်ပြီး ပိုးပျော်နေတာကို နင့်မှာ မုဒိတာ မပွားနိုင်ဘူးလား?'
ပိုးက ဘာကို ကြေညာမယ်ဆိုတာ အနည်းငယ်ရိပ်မိသွားတာနဲ့ မကျေမနပ် ထပြောတဲ့ ရှယ်လီကို သံစဉ်က ခပ်တင်းတင်းလေး ဖိဟောက်လိုက်တယ်။
'ok ok ကဲ အားလုံးလည်း သိချင်နေကြပြီဆိုတော့ ပြောတော့မယ်နော်။ ဟောဒီ့ ငါကိုင်ထားတဲ့ လက်ကလေးရဲ့ ပိုင်ရှင်ကို ငါပိုင်သွားပြီ'
'ဘာ ဘယ်လို မင်းဘာပြောလိုက်တယ် ပိုးပုဝါ?'
'ဟုတ်တယ်လေ။ ပိုးနဲ့ ခင်ဗျား အခုတရားဝင် တွဲနေကြပြီလေ'
'မင်းကိုအဲဒါ ဘယ်သူပြောတာလဲ?'
'အံမယ် အခုမှလာပြီး ဘယ်သူပြောတာလဲတဲ့။ မနေ့ညကတော့ သူ့အိမ်ကိုခေါ်သွားပြီး လူကိုတစ်ညလုံး ဖက်အိပ်တာလေ။ အဲဒါကို လူသိရှင်ကြားဖြစ်အောင် ပြောပြလိုက် ရမှာလား။ ဟဲ့ ပြောရဦးမယ်နော်။ အခုဒီကိုလာတဲ့ လမ်းတလျှောက်လုံးလည်း ငါ့ရဲ့လက်ကို ကိုင်ပြီး ကားမောင်းလာတာနော်။ ဟဲ့ နင်တို့သိကြလား ငါ့ရဲ့ချစ်သူကြီးက လက်တစ်ဖက်ထဲနဲ့ ကားမောင်းတာ တော်တော်ကျွမ်းတာနော်'
ဂုဏ်ယူစွာပြောနေတဲ့ ပိုးကို ငေးကြည့်နေတဲ့သူမမျက်ဝန်းမှာ အံ့ဩမှုတွေ အပြည့်အဝ ရှိနေတယ်။
တခြားသူငယ်ချင်းတွေကတော့ သိသိသာသာ ကျေနပ်သွားကြပေမယ့် ရှယ်လီကတော့ မကျေမနပ်နဲ့ အံကြိတ်နေသေးတာလေ။
'ကွန်ဂရက်ဂျူရေးရှင်း ပိုးရေ'
'ထင်တော့ထင်သားပဲ။ နင်က နင့်ဆရာမကို နေရင်းထိုင်ရင်း အရမ်းတွေမုန်းနေထဲက တခုခုတော့ တစ်ခုခုပါလို့'
'ပိုး'
'ပြော မင်းသစ် ဘာပြောချင်လို့လဲ?'
'နင်က ဘယ်အချိန်ကစပြီး ကွေးသွားတာလဲ?'
'ဟောဒီက ငါ့ရဲ့အချစ်တုံးကြီး ဂုဏ်ရှိန်ဝါကို စပြီးချစ်မိကတည်းက ငါလည်း ကွေးသွားမိတာပါဟယ်'
အားရပါးရ သူမကိုသိုင်းဖက်ရင်း အသိပေးလိုက်တဲ့ ပိုးရဲ့စကားအဆုံး ရှယ်လီက ပိုးကို ဒိန်းခနဲ မျက်စောင်းထိုးလိုက်ပေမယ့် ကျန်တဲ့သူငယ်ချင်းတွေကတော့ ပြုံးရယ်သွားကြတယ်လေ။
-------------------------------------------
ဆက်ရန်...
-------------------------------------------
(Uni code)
YOU ARE READING
မက်မောစွဲလန်းရပါသော... သူမ
Romanceသူမရဲ့နှုတ်ခမ်းမှာ အဆိပ်တစ်မျိုးရှိတယ်။ အဲ့အဆိပ်သင့်ရင် အမှားမှန်၊ အရှက်သိက္ခာ၊ ကိုယ်ကျင့်တရားတွေကိုမေ့ပြီး သူမကိုပဲ မက်မောစွာ လိုချင်မိစေတာမျိုး။