Episode 14 (Z+U)

700 55 28
                                    

(Zawgyi code)

ပိုးကို ထားခဲ့မိတဲ့အတွက် သူမ နောင်တအကြီးအကျယ်ရတယ်။

ဒါပေမယ့် ဒီခံစားချက်ကို ဘယ်သူ့ကိုမှလည်း မျှဝေလို့မရပြန်။

ပျို့ယမင်းနောက်သို့ လိုက်ခဲ့ရပေမယ့် စိတ်က ဘယ်လိုမှ အဆင်မပြေ။

ပျော်ရွှင်ဖို့ မမျှော်မှန်းပါဘူး။ နည်းနည်းလေး အဆင်ပြေပြေနေနိုင်ဖို့ကိုတောင် မနည်းကြီး ကြိုးစားနေရတယ်။

ဟန်ဆောင်ပြီး ပျော်ရွှင်အောင်ကြိုးစားနေရတာကိုက ဝဋ်‌ကြွေးတခုပါပဲ။

"ခင်ဗျားဒါဘာလုပ်တာလဲ။ ဘာလို့ဒီခွက်ထဲကို ရေခဲတွေလာထည့်ရတာလဲ?"

အော်ကြီးဟစ်ကျယ် ထပြောတဲ့ သူမကို ပျို့ယမင်း ကြောက်လန့်တကြားနဲ့ လှည့်ကြည့်တယ်။

သောက်နေတဲ့ဘီယာခွက်က အအေးလျော့နေလို့ ခွက်ထဲကို ရေခဲလေးတခဲ ထည့်ပေးတာကို အဲဒီလောက်ထိ အော်ဟစ်သောင်းကျန်းစရာ မလိုဘူးဆိုတာ သူမလည်း သိနေပါတယ်။

ဒါပေမဲ့ လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ဟန်ဆောင်ပြီး ပျော်ရွှင်အောင် ကြိုးစားနေပါစေ၊ တစ်ချိန်ချိန် သတိတရား လွတ်ထွက်သွားတာနဲ့ စိတ်က တခြားသူတွေထပ်ပိုပြီး ခက်ထန်လာတတ်တယ်။

ဒါကိုသူမ မသိတာလည်းမဟုတ်။ သိနေပေမယ့်လည်း ကြိုးစားပြီး ထိန်းသိမ်းနေရတယ်လေ။

မလိုအပ်ပဲ အော်ငေါက်လိုက်မိတဲ့အတွက် ပျို့ယမင်းကို သူမ တောင်းပန်စကား ပြောတယ်။ ပြီးတော့ ဧည့်ခန်းထဲက 5.1 စက်ကိုဖွင့်ပြီး ကျယ်လောင်လွန်းတဲ့သီချင်းတွေ တစ်ပုံပြီးတပုဒ်ဖွင့်ကာ စိတ်ရှိလက်ရှိ ခုံပေါက် ကခုန်ပစ်လိုက်မိတယ်။

အရက်တွေကိုလည်း မူးအောင် သောက်ပစ်လိုက်တယ်။

အဲဒီညတစ်ည ဘယ်လိုကုန်ဆုံးသွားတယ်ဆိုတာကို သူမ လုံးဝ မမှတ်မိလိုက်။

နောက်ဆုံးသတိထားမိလိုက်တာက အရက်တွေ တခွက်ပြီးတစ်ခွက် သောက်နေလို့ ပျို့ယမင်းက လာတားတဲ့အခါ သူမဒေါသထွက်ပြီး အဲဒီဖန်ခွက်ကို ပေါက်ခွဲဖြစ်လိုက်တဲ့ အဖြစ်ပါပဲ။ ကျန်တာတွေကိုတော့ ဘာမှမသိတော့။

--------------------------------------------

မနက်ခင်း နေအလင်းရောင်က မျက်နှာပေါ်ကို စူးစူးရှရှကျရောက်လာတဲ့အတွက် သူမ မျက်လုံးတွေကို မဖွင့်သေးဘဲ လက်ဖြင့် အရင်ကာလိုက်ရတယ်။

ပြီးမှ ရှုံ့တွနေတဲ့ မျက်လုံးက အမြင်အာရုံပြန်ရအောင် မနည်းကြိုးစားပြီး တဖြည်းဖြည်း ဖွင့်လိုက်ရတယ်။

"ဘယ်အချိန်ရှိပြီလဲ?"

ကုတင်နဲ့ခပ်လှမ်းလှမ်းမှာ ထိုင်ပြီး လက်ပိုက်ကာ စိန်‌ပြေတပြေ သူမကိုစိုက်ကြည့်နေတဲ့ ပျို့ယမင်းကို အချိန် လှမ်းမေးလိုက်မိတယ်။

"နေ့လည် တစ်နာရီ ကျော်နေပြီ။ မင်း ခေါင်းတွေ ကိုက်နေသေးလား?"

ယမင်းမေးလိုက်တော့မှ ခေါင်းထဲ ဆူးကျင်ပြီး ကိုက်နေတဲ့ ဝေဒနာကို သတိထားမိတယ်။

မသိရင် ခေါင်းထဲမှာ သံရည်ပူတွေ ပွတ်ပွတ်ဆူနေသလိုပဲ။ နာကျင်ကိုက်ခဲမှုကြောင့် ခေါင်းမှဆံပင်ကို လက်တစ်ဖက် ဆုပ်ကိုင်ထားလိုက်မိတယ်။

"အား... ကျွတ်... ကျွတ် ....ကျွတ်။ ကိုက်လိုက်တာ အရမ်းပဲ"

"ကိုက်မှာပေါ့။ မင်းညက သောက်တာသောက်တာ လစ်မစ်မရှိဘူး။ ဝိုင်တွေရော၊ ဝီစကီရော၊ ဗော်ကာရော စုံနေတာပဲ။ ဘာဖြစ်လို့ အဲ့လောက်သောက်ရတာလဲ?"
"ဟူး..."

ယမင်းမေးနေတာကို ကြားတယ်။ ဒါပေမဲ့ပြန်မဖြစ်ချင်လို့ ခန္ဓာကိုယ်ပေါ်မှာ လွှမ်းခြုံထားတဲ့ စောင်ကိုဖယ်ရင်း ကုတင်ပေါ်မှ ဆင်းဖို့ ထထိုင်လိုက်မိတယ်။

"သတိထားနော် ကုတင်အောက်မှာ ဖန်ပုလင်းကွဲစတွေနဲ့။ ဖိနပ်အရင်စီးလိုက်"

ယမင်းပြောမှ ငုံ့ကြည့်လိုက်တော့ ကုတင်အောက်မှာ ပွစာကြဲနေတဲ့ ဖန်ကွဲစတွေကို တွေ့လိုက်ရတယ်။

"ဒါတွေက ဘယ်လိုဖြစ်တာလဲ?"

"အံမယ်... မင်းကပဲ မေးရတယ်ရှိသေးတယ်။ ဘယ်လိုဖြစ်ရမှာလဲ? မနေ့ညက မင်း မူးရူးပြီး သောင်းကျန်းတာ... သောင်းကျန်းတာဆိုတာ ပြောမနေပါနဲ့တော့။ တို့လည်း ပထမတော့ လိုက်ပြီးထိန်းပါသေးတယ်။ ဒါပေမဲ့ မင်းက အနားကိုလည်း အကပ်မခံပြန်ဘူး။ အဲဒါကြောင့် တို့လည်းဘာမှဆက်မပြောတော့ဘဲ လုပ်ချင်တာသာ လုပ်ပေတော့ဆိုပြီး လွှတ်ပေးထားလိုက်တော့တာ။ အဲလိုလွှတ်ပေးမိတဲ့ အကျိုးရလဒ်က အခုမင်းမြင်တဲ့အတိုင်းပဲ"

"ညက အဖြစ်ပျက်တွေအတွက် ဆော်ရီးပါ"

"ဘာလို့အဲဒီလောက် မူးအောင်သောက်ရတာလဲကွာ"

"မသိတော့ပါဘူး။ တစ်ခါတလေလည်း စိတ်လွတ်ကိုယ်လွတ် မူးချင်လာလို့ သောက်မိတာ ဖြစ်မှာပေါ့"

"မင်းရဲ့ တစ်ခါတစ်လေ မူးချင်တာကလည်း ကြောက်စရာကြီး ရှိန်းရာ"

ပိုးရဲ့လက်ထဲက သူမကို မရရအောင် ခေါ်ထုတ်လာခဲ့တဲ့ ယမင်းကို သူမကျေနပ်တာ မနေ့ကတည်းကပါ။

အဲတာနဲ့ ရောချပြီး အရက်ကို မူးမေ့အောင် သောက်ပစ်မီတာ။

ဟန်ဆောင်နေတယ်ဆိုပေမယ့်လည်း ယမင်းအနားမှာ ထပ်ပြီး မနေနိုင်တော့ဘူး။ ဘယ်လိုလူသားမျိုးက ရေရှည်ကြီး ဟန်ဆောင်နိုင်မှာတဲ့လဲ။

"နောက်တခါ အဲလိုမမူးမိအောင် သတိထားလိုက်ပါမယ်။ ဒါနဲ့ ညက မယမင်းကို ရန်မူမိတာမျိုး ရှိသေးလား?"

"ပထမပိုင်းကတော့ အကောင်းအတိုင်းပါပဲ။ အေးအေးဆေးဆေးထိုင်သောက်နေတာ။ နောက်တော့ နေ့လယ်က ဆုံခဲ့တဲ့ ကောင်မလေးနဲ့ ဘယ်လိုပတ်သက်လဲလို့ မေးလိုက်တာနဲ့ မင်းက ဘယ်လိုမှ မပတ်သက်ဘူး... မပတ်သက်ဘူး... ဆိုပြီး တစ်ခွက်ပြီးတစ်ခွက် သောက်တော့တာပဲ။  ဘယ်လိုဖြစ်တာလဲ ရှိန်း။ သူ့အကြောင်းကို မေးတာ မကြိုက်လို့လား? ဒါမှမဟုတ် တို့ကို မသိစေချင်တဲ့ တခြားအကြောင်းအရာတစ်ခုခု ရှိနေလို့များလာ?"

"အဲလိုမျိုး မဟုတ်ပါဘူး။ သူနဲ့က အေးဆေးပါ။ မယမင်း စိတ်ထဲကနေ အဲဒီကိစ္စကို ထုတ်ထားလိုက်တော့။ ဘာလုပ်မလဲ? ဘာမှမဟုတ်တဲ့ ကိစ္စလေးအတွက်နဲ့ ခေါင်းလေးမခံနဲ့"

"ဘာမှမဟုတ်တဲ့ ကိစ္စလေးလို့သာ မင်းပါးစပ်ကပြောနေတာ။ မနေ့က တို့ဆီကို ပါလာတဲ့မင်းက အရင်က ဂုဏ်ရှိန်ဝါ မဟုတ်တော့သလိုပဲ"

"စိတ်ထင်လို့ပါ။ အရင်လိုပါပဲ။ ဘာမှမပြောင်းလဲပါဘူး။ ဘာများ ပြောင်းလဲနိုင်မှာမို့လို့လဲ?"

စိတ်ပျက်လက်ပျက်မေးမိကာ ဖန်ကွဲစတွေကို သိုင်းကွက်နင်းကာ ကျော်ခွလိုက်ရင်း အခန်းထဲက ရေချိုးခန်းထဲသို့ ဝင်ခဲ့လိုက်မိတယ်။

ဘေဇင်မှာ ရေကိုဖွင့်ပြီး အားရပါးရ မျက်နှာသစ်ပစ်လိုက်မိတယ်။

မျက်နှာတချက်သစ်တိုင်း အခုအခက်အခဲကနေ ကျော်လွှားနိုင်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိသေးတယ်။

တွေးသာ တွေးတာပါ။ ဂုဏ်ရှိန်ဝါလို လူစားမျိုးအတွက် ဘယ်အရာကမှ လွယ်လင့်တကူ ရခဲ့တယ်ဆိုတာ ရှိဖူးတာမှမဟုတ်တာ။

ကိုယ့်ဘဝကိုယ် မကျေနပ်စွာဖြင့် မှန်ထဲမှာပေါ်နေတဲ့ မျက်နှာကိုစိုက်ကြည့်ရင် မဲ့ပြုံးပြုံးလိုက်မိတယ်။

ရေတွေအသည်းအသန် ပက်ထားလို့ မျက်နှာတစ်ခုလုံး နီရဲပြီး စိုရွှဲနေတယ်။ ထူထဲတဲ့ မျက်ခုံးထွေထဲမှာ ရေစက်တွေ ကိန်းခိုအောင်းနေတယ်။

မေးရိုးမှ တချို့ရေစက်လေးတွေ စီးကျနေကြတယ်။

ညက alcohol တွေကို တရားလွန်သောက်ထားလို့ မျက်လုံးတွေက မို့မောက်နေတယ်။

စိတ်ပျက်မှုနဲ့အတူ ခေါင်းကိုခါဖြစ်လိုက်တော့ နဖူးစပ်နားက ရေစိုပြီးကပ်နေတဲ့ ဆံပင်စလေးတွေက နဖူးပေါ်သို့ ဖွာလှန်ကြဲကာ ခုန်ဆင်းလာကြတယ်။

ထိုစဉ် တင်းကျပ်သွားတဲ့ အထိအတွေ့တစ်ခု။ ဖြစ်ပေါ်လာတဲ့နေရာကို ငုံ့ကြည့်လိုက်တော့ ပျို့ယမင်းရဲ့ လက်နှစ်ဖက်။ ကျောဘက်သို့ ပူးကပ်စွာ ယိုင်ကျလာတဲ့ ပျို့ယမင်းရဲ့ ခန္ဓာကိုယ်ရှေ့ပိုင်း နွေးထွေးမှု။

"ကောင်းကောင်းမွန်မွန် အေးအေးဆေးဆေးမေးမယ်။ မနေ့က မိန်းကလေးက မင်းနဲ့ ဘယ်လိုပတ်သက်သလဲ?"

သူမစိတ်ပျက်စွာ သက်ပြင်းချလိုက်ရင်း သိုင်းဖက်လာတဲ့ ပျို့ယမင်းရဲ့ လက်တွေကို ဖြေချပြီး ရှောင်ထွက်လိုက်မိတယ်။

"အဲဒါပဲ ထပ်ခါထပ်ခါ မေးနေတော့မှာလား?"

"မဆိုင်ဘဲနဲ့ သူကဘာလို့ မင်းရဲ့ချစ်သူပါလို့ ပြောမှာလဲ? ပတ်သက်မှု တခုခုရှိလို့သာ သူသည်လိုမျိုး ပြောရဲတာပေါ့"

"မနေ့က အဲဒီမိန်းကလေးကို မယမင်း သေသေချာချာ ကြည့်ဖြစ်ခဲ့သေးလား?"

"အင်း ကြည့်ခဲ့တယ်။ ဖြူဖြူချောချောလေးနဲ့ cute type လေး"

"ok အဲဒါဆို အခုပြောမယ့်စကားကို သေသေချာချာနားထောင်တော့။ ကျမ သူ့ကို မယမင်းလိုတောင် သေသေချာချာ မကြည့်ဖူးသေးဘူး။ အဲဒီတော့ ကျမဘာကိုဆိုလိုချင်တယ်ဆိုတာ မယမင်း သဘောပေါက်လောက်မှာပါ"

ပြောပြီး ရေချိုးခန်းထဲက ပြန်ထွက်ဖို့ပြင်တော့ သူမရဲ့လက်ကို ပျို့ယမင်းက လှမ်းဆွဲလိုက်တယ်။

"မင်းပြောသလို ဖြစ်ပါစေလို့ပဲ တို့ဆုတောင်းပါတယ်"

"မဆုတောင်းနဲ့။ အဲဒီအတိုင်းပဲဖြစ်နေတာ။ ဆုတောင်းနေရင် ပင်ပန်းနေဦးမယ်"

"အခုမင်းက ဘယ်ကိုသွားမှာလဲ"

"ပြန်မယ်လေ။ အိမ်ကိုပြန်မလို့"

"တစ်ညလုံး မူးမူးရူးရူး သောက်ထားတာ။ အခုအိပ်ရာနိုးတော့ ဗိုက်ဆာနေလောက်ပြီပေါ့။ တစ်ခုခု စားပြီးမှ ပြန်လေ... နော်"

"မစားချင်ဘူး။ တစ်ယောက်တည်းခဏလောက် နားချင်လို့"

"ဒါဆိုလည်း တို့အိမ်မှာပဲ နားလေ"

ခါတိုင်းဆို ပျို့ယမင်းအိမ်မှာ လာအိပ်တဲ့ညဆို မနက်အိပ်ရာနိုးတာနဲ့ အိမ်ကိုတန်းပြန်လေ့မရှိ။

စားသောက် အနားယူပြီးမှ ပြန်တတ်တာမျိုး။

အခုနောက်ပိုင်းမှာတော့ ပျို့ယမင်းဆီ လာရတဲ့ရည်ရွယ်ချက်ကိုက ပိုးကို ကာကွယ်ပေးချင်လို့ဆိုတော့ ကိစ္စဝိစ္စပြီးတာနဲ့ သိပ်ပြီး ညဥ့်မနက်‌သေးဘူးဆိုရင် ချက်ချင်း အိမ်ကိုထပြန်ခဲ့တာ။

ညဥ့်နက်သွားရင်လည်း မနက်မိုးလင်းတာနဲ့ ထပြန်တာမျိုး။

"သွားစရာရှိသေးတယ်။ ချိန်းထားတာ။ ပြန်လိုက်တော့မယ်"

"ညနေ လာမှာလား?"

မလာဘူးလို့၊ မလာဖြစ်တော့ဘူးလို့ ပြန်ဖြေလိုက်ချင်တာ။

ဒါပေမဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ ရှိနေသေးတယ်ဆိုတော့ ဖြစ်ချင်နေတဲ့စိတ်၊ ပြောချင်နေတဲ့စိတ်ကို မျိုချပြီး ဟန်ဆောင်ပြုံးတစ်ခု မျက်နှာမှာ ပန်ဆင်လိုက်ရတယ်။

"လာခဲ့မှာပေါ့။ စိတ်ချ"

ပြောပြီးတာနဲ့ သူမ ပျို့ယမင်းကို ကျော်ခိုင်းထွက်ခဲ့လိုက်တယ်။

ခေါင်းက မထူနိုင်အောင် ကိုက်နေတာ။

ဒါပေမဲ့ဝေဒနာကိုမျိုသိပ်ပြီး အိမ်ကိုအရင်ဆုံးရောက်အောင် ပြန်ခဲ့လိုက်တယ်။

ခါတိုင်း စိတ်ဆိုးစရာ၊ စိတ်ကောက်စရာ ကြုံခဲ့ရင် ပိုးက သူမအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတတ်ပြီး သူမကို စိတ်ဆိုးနေကြောင်း၊ စိတ်ကောက်နေကြောင်း ပြောပြရင်း မျက်စိရှေ့မှာ  ငုတ်တုတ်ထိုင်ပြီး ငိုပြတာမျိုးလုပ်တတ်တာ။

အဲတာကြောင့် အိပ်ရာနိုးလိုက်ကတည်းက ပိုးများ အိမ်ကိုရောက်နှင့်နေပြီလားဆိုတဲ့ စိတ်ကြောင့် သူမ နေလို့မရ၊ ထိုင်လို့မရ ဖြစ်ခဲ့ရတာ။ ပျို့ယမင်းအရှေ့မှာ ဟန်မပျက်အောင် မနည်းဖုံးဖိ လိမ်ညာခဲ့ရတာ။

အိမ်ကိုရောက်တာနဲ့ အိမ်ခန်းထဲမှာများ ပိုးရောက်နေမလားဆိုတဲ့ စိတ်နဲ့ လှေကားထစ်တွေကို ခပ်သွက်သွက် ပြေးတက်လာမိတယ်။

"ဒုန်း..."

သိချင်စိတ်ဖြင့် အိမ်ခန်းတံခါးကို အားနဲ့ တွန်းဖွင့်ကာ အိမ်ထဲကိုဝင်လိုက်တော့ အိမ်ခန်းထဲမှာ သိသိသာသာ တိတ်ဆိတ်နေတယ်။

ရေချိုးခန်းတံခါးကို ဖွင့်ကြည့်ပြီး ရှာမိသေးတယ်။ ဒါပေမယ့် ဘယ်သူမှ ရှိမနေ။ နောက်‌ဖေးချောင်မှာလည်း တိတ်ဆိတ်နေတဲ့အတွက် အထွေအထူး ရှာဖွေနေစရာမလို။

စိတ်ပျက်လက်ပျက်နဲ့ အိပ်ရာပေါ်ကိုလာပြီး ထိုင်ချလိုက်မိတယ်။

ခဏအကြာမှာ သတိတခုဝင်သွားပြီး ဘောင်းဘီအိတ်ထဲက ဖုန်းကိုယူကာ စစ်ကြည့်လိုက်မိတယ်။ ဖုန်းခေါ်ထားမလား၊ စာပို့ထားမလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ဒါပေမဲ့ ဖုန်းခေါ်ထားတာလည်းမရှိသလို၊ စာလည်းပိုမထား။

စိတ်ပျက်ပြီး ဖုန်းကို ကုတင်ဘေးက စားပွဲလေးပေါ်ဆီသို့ ပြစ်တင်ရင်း၊ ကုတင်ပေါ် ပက်လက်လှန်ချ လိုက်မိတယ်။

ခါတိုင်းဆို ပြဿနာတစ်ခုခုဖြစ်တိုင်း ဖုန်းတွေ ဆက်တိုက်ခေါ်တတ်တာ ပိုးပါ။

ဒါကိုသူမက ဖုန်းမကိုင်ရင်  စာတွေ တတောင်တောင်နဲ့ ပို့ပြီး မကြာဘူး အိမ်အထိ လိုက်လာတော့တာမျိုး။

အခုတခါမှာတော့ ပိုးဖက်က သိသိသာသာ တိတ်ဆိတ်ငြိမ်သက်နေတာ။ အဲဒါကို သူမဘယ်လိုမှ မခံစားနိုင်။

အရင်အခါတွေက ပြဿနာဖြစ်တိုင်း အိမ်အထိလိုက်လာတတ်တဲ့ ပိုးရဲ့လုပ်ရပ်ကို စိတ်ရှုပ်ခဲ့မိပေမယ့်၊ ဒီတခါ ပိုးရဲ့ ဆိတ်ငြိမ်မှုက သူမရဲ့ စိုးရိမ်မှုကို လောင်မြှိုက်နေတယ်။

ထိုင်လို့မရ၊ ထလို့မရနဲ့။ ခံစားချက်က တော်တော်လေး ဆိုးရွားတယ်။ ပိုး အရမ်းနာကျင်သွားမလားဆိုတဲ့စိတ်က စိုးရိမ်မှုကို ပိုပြီး မြင့်တက်စေတယ်။

နေ့လည်ကျော်ပြီး ညနေစောင်းသွားတဲ့အထိ တကယ်ပဲ ပိုးဖက်က တိတ်ဆိတ်နေတယ်။

နာကျင်ရလွန်းလို့ ပိုးက သူမကို မုန်းတီးသွားပြီလား။ ခြေမကိုင်မိ၊ လက်မကိုင်မိနဲ့ အိပ်ခန်းထဲမှာ ဘယ်ညာ ဒေါင်းတောက်အောင် လျှောက်နေမိတယ်။

ဘာလုပ်ရင်ကောင်းမလဲဆိုတဲ့ အဖြေကို ကြိုးစားတွေးနေမိပေမယ့်လည်း အာရုံက နောက်ကျိလာတယ်။ အဖြေထွက်မလာခဲ့။

သူမ ခါတိုင်းလို ငြိမ်နေလို့ မရတော့ဘူးဆိုတာ သဘောပေါက်လာပြီ။ စိတ်ကလည်း ဘယ်လိုမှ မနေနိုင်တော့။

မနေ့က အဖြစ်နဲ့ပတ်သက်ပြီး ပိုးကို သူမ ချော့သင့်လို့ လက်ခံလိုက်ရတယ်။ ဒါပေမဲ့ ဘယ်လိုချော့ရမယ်ဆိုတာ သူမမသိ။ သူမဘဝမှာ အရင်ကလည်း ဘယ်လိုလူ တစ်ဦးတစ်ယောက်ကိုမှ မချော့ခဲ့ဘူး။

တိတ်ဆိတ်ငြိမ်သက်နေတဲ့ ဖုန်းကို ကောက်ယူကြည့်မိတယ်။ ပိုးဆီက စာများ ပို့လေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။

"တောက် ... အရမ်းတွေ နေနိုင်နေပါလား?"

စောင့်ရတာကို မုန်းတီးမိသူပီပီ ဒေါသလည်း ထွက်လာမိတယ်။

ဒီပုံစံအတိုင်းဆို သူမဖက်က စပြီး ချော့မှ အဆင်ပြေမယ်ဆိုတာ နားလည်လိုက်ပြီ။ ဒါပေမယ့် ဘယ်လိုချော့ရမှာလဲ။

စိတ်ရှုပ်ရှုပ်နဲ့ tik tok ကို ဖွင့်ကြည့်မိတယ်။ စိတ်ပြေလို ‌ပြေငှားပေါ့။

အဲဒီမှာပဲ သူမ သီချင်းလေးတစ်ပုဒ်ကို နားထောင်မိသွားတယ်။ ဘယ်လိုချော့ရမှန်း မသိဖြစ်နေတဲ့ သူမအတွက် ဒီသီချင်းဟာ ကယ်တင်ရှင်ပဲ။

အဲဒီသီချင်းကို youtube မှာ ရှာကြည့်မိတယ်။ အစအဆုံး နားထောင်လိုက်ပြီး သူမ တော်တော်လေး အဆင်ပြေသွားတယ်။
ချက်ချင်းပဲ အဲဒီသီချင်း Link ကို ကော်ပီကူးပြီး ပိုးဆီ စာပို့လိုက်မိတယ်။

[ဟဲ့...]

-------------------------------------------

မနေ့က ဟိုမိန်းမနဲ့ ပါသွားတဲ့ သူမက ပိုးထံသို့ တစ်ညလုံးလည်း မဆက်သွယ်ခဲ့။

တစ်နေ့လုံးလည်း မဆက်သွယ်လာ။

ဒီတခါတော့ ပိုးဟာ တခြားမိန်းမတစ်ယောက်အရှေ့မှာ အရှက်ကွဲခဲ့ရတာဆိုတော့ ခါတိုင်းဆို အခုလိုသူမဖက်က တိတ်ဆိတ်နေရင် ပိုးမနေနိုင်မထိုင်နိုင်နဲ့ သူမထံသို့ ရောက်သွားတက်လေ့ ရှိပေမယ့် ဒီတခါတော့ ပိုး မနေနိုင်လည်း ကြိတ်မှိတ် နေရတော့မယ်ဆိုတာ လက်ခံလိုက်တယ်။

ညက တစ်ညလုံးလည်း အိပ်မပျော်။ မနက်အထိ ငုတ်တုတ်။

ထုံးစံအတိုင်း သူမဖက်က မဆက်သွယ်လာဘူးဆိုတာ သိနေတဲ့နောက် စာပို့လိုက်ရင်ကောင်းမလား၊ ဖုန်းခေါ်လာရင်ကောင်းမလားလို့ အကြိမ်ကြိမ် တွေးမိပေမယ့် ဒီတစ်ခါတော့ ပိုး တင်းထားလိုက်မိတယ်။

သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းပစ်လိုက်မိတယ်။ ဒါပေမဲ့ တခြားလူတွေအားလုံး ပျော်ရွှင်နေတဲ့အချိန် ပိုးကတော့ ငြိမ်သက်စွာဖြင့် အသည်းကွဲနေရတယ်။

မနေ့က အဖြစ်အပျက်မှာ ပိုး မလွန်ဘူးဆိုတာ 100% သေချာနေတဲ့အတွက် ဒီတခါတော့ ပိုး လုံးဝအလျော့မပေးချင်။

ပြိုပြိုကျနေတဲ့ ပိုးရဲ့စိတ်ကို အကြိမ်ကြိမ်ပြန်တင်ပြီး ကြိုးစားထားရတယ်။

သူငယ်ချင်းတွေနဲ့ ရှိနေလည်း စိတ်က သူမဆီကိုပဲ ရောက်နေခဲ့တယ်။ နောက်ဆုံးတော့ သူမကို စိတ်ရှိလက်ရှိ ထိုင်လွမ်းလိုက်မယ်ဆိုတဲ့ စိတ်နဲ့ အိမ်ပြန်လာ ခဲ့ရတယ်။

ညနေအတော်‌စောင်းမှ သူမဆီမှ စာတစ်စောင် ဝင်လာခဲ့တယ်။ စာဝင်သံကြားလို့ ဖုန်းကိုယူကြည့်မိတဲ့ ပိုးရဲ့လက်ဖျားတွေတောင် တဆတ်ဆတ်ခါ တုန်ရီနေခဲ့ရတယ်။

ဝင်လာတဲ့ စာကလည်း တစ်လုံးတည်း။

[ဟဲ့...]

စိတ်ဆိုးနေမှန်းသိအောင် ဘာလဲလို့ ပြန်ဖြေ လိုက်ချင်တာ။

သူမဖက်က ချော့တာ မချော့တာ နောက်ထား။

သူမလို မာနခဲက စာပို့လာတယ် ဆိုတာနဲ့ပဲ ပိုးရဲ့ တင်းထားတဲ့ စိတ်တွေက ဟိုးအဝီစိပိုင်းအထိ ကျရှုံးသွားခဲ့ရပြီ။

ဘယ်လို စာပြန်ရမလဲ စဉ်းစားမရဖြစ်နေတုန်း သူမဆီက youtube link တခု ထပ်ပို့လိုက်တယ်။ သီချင်းတစ်ပုဒ်ရဲ့ link ပါ။

[http://sharevideo1.com/v/eDhhX3hfYWp0SDQ=?t=ytb&f=co]

အဆိုတော် နေမင်းအိမ်ရဲ့ သီချင်းလေးကြားရင် ဆိုတဲ့ သီချင်း link ကို ပို့လိုက်တာပါ။ ပြီးတော့ အောက်မှ နောက်ထပ် စာတိုလေးတကြောင်း ပို့လာပြန်တယ်။

[အဲဒီသီချင်းကို နားထောင်လိုက်]

ဘာလဲဟာ ဆိုတဲ့ အတွေးနဲ့ ပိုးအရင်ဆုံး ထိုသီချင်းကို ဝင်ပြီး နားထောင်မိတယ်။

နားထောင်နေတုန်းမှာပဲ သူမဆီမှ နောက်ထပ် စာတစ်စောင် ပို့လာပြန်တယ်။

[နားထောင်ပြီးရင် ဖုန်းခေါ်။ ဒါပဲ]

ပိုး သီချင်းကို ဆုံးတဲ့အထိ နားထောင်လိုက်တယ်။ ပြီးတော့မှ သူမဘာကို ဆိုလိုချင်လဲဆိုတာ သဘောပေါက်သွားပြီး စိတ်မဆိုးတဲ့အပြင် ပြုံးပါ ပြုံးမိသေးတာ။

[စောက်ကျိုးနည်း ချော့နည်းကြီးပါလား ဂုဏ်ရှိန်ဝါရယ်]

တစ်ညလုံးနဲ့ တစ်နေ့လုံး စိတ်ဆိုးနေတဲ့ ချစ်သူကို ချော့တဲ့နည်းက စောက်ဆန်းကြီး။

ဒါပေမယ့် အစတည်းက ဖုန်းခေါ်ချင်နေတဲ့ ပိုးဟာ ကရားထဲမှ သွန်ချလိုက်တဲ့ ရေလိုပဲ ချက်ချင်း သူမရဲ့ ဖုန်းနံပါတ်ကို ခေါ်လိုက်မိတယ်။

အခါအတိုင်းဆို တူ တူ ဆိုတဲ့ ဖုန်းဝင်တဲ့အသံ သုံးခါလောက် မြည်ပြီးမှ ဖုန်းကိုင်လေ့ရှိတဲ့ သူမက အခု ဖုန်းဝင်တာနဲ့ ချက်ချင်းကောက်ကိုင်ပြီး ဟယ်လိုတဲ့။

သူမဆီက ဟယ်လိုဆိုတဲ့အသံ ကြားရတာ ပိုးမှာ ရင်တွေခုန်လွန်းလို့ လက်ဖျားခြေဖျားတွေတောင် အေးစက်လာရတယ်။

ဒါပေမဲ့ အရမ်းကြီး ကြွေကျနေတယ်ဆိုတာ သိပ်မသိသာအောင် ကြိုးစားဖုံးကွယ်ရဦးမယ်။

"hello ပိုးလား?"

"ဟုတ်တယ်"

"သီချင်းနားထောင်ပြီးပီလား? "

"ပြီးပြီ"

"အဲတော့ စိတ်ဆိုးပြေပြီလား? "

"အဲဒါ ခင်ဗျားချောနည်းလား? "

အင်းလေ။ အဲလိုပဲ ချော့ရမှာ မဟုတ်ဘူးလား?"

ဒါ ခင်ဗျားချော့တတ်တဲ့ အကြံဉာဏ် အကုန်ပဲလား?"

"တကယ်တော့လေ မနေ့ကတည်းက ဟိုမိန်းမနဲ့ လိုက်မသွားချင်တာ။ ဒါပေမဲ့ ငြင်းဆန်လို့ မရတဲ့ အခြေအနေမို့ လိုက်သွားရတာ။ မင်းစိတ်ဆိုးနေမယ်ဆိုတာ တို့သိတယ်။ အဲဒါကြောင့် မနက်ကတည်းက မင်းကို ဘယ်လိုချော့ရမလဲလို့ ထိုင်စဉ်းစားခဲ့တာ"

"အဖြေထွက်မလာဘူးပေါ့?"

"ဟင့်အင်း ထွက်မလာဘူး"

လိမ်ညာမှုကင်းစွာဖြင့် ပြန်ဖြေတဲ့ သူမရဲ့အသံကြောင့် စိတ်ဆိုးခဲ့မိတဲ့ ပိုးကပဲ ကိုယ့်ကိုယ်ကိုယ် မကျေမနပ် ဖြစ်ရသေးတာ။

"အဲတာနဲ့ ဒီသီချင်းကို ပို့လိုက်တယ် ဆိုပါတော့?"

"အင်း သီချင်းထဲမှာ ပါတယ်လေ။ ဒီသီချင်းလေးကြားရင် ပြန်ခဲ့ပါဆိုတာ။ အဲဒါကြောင့်..."

"အဲဒါဆို ခင်ဗျားကို ပိုးတစ်ခုမေးမယ်။ မကွယ်မဝှက်ဘဲ ပွင့်ပွင့်လင်းလင်း ဖြေနော်"

"ဟုတ်ကဲ့"

အံမယ်။

ဘယ်တုန်းကမှ မယဉ်ကျေးဖူးတဲ့ သူမဆီက ဟုတ်ကဲ့ဆိုတဲ့ စကားလုံးကို ကြားလိုက်ရကတည်းက ပိုးအတွက် နက်နဲတဲ့ ခံစားချက်တွေ သူ့မဆီမှာ ကိန်းအောင်းနေပြီဆိုတာ ပိုး သဘောပေါက်လိုက်မိတယ်။

"ခင်ဗျား ပိုးကို ချစ်မိနေပြီ မဟုတ်လား?"

"အင်း ဟုတ်မယ်နဲ့ တူတယ်"

"ကြည့် ... ခင်ဗျား အခုထက်ထိ မသေချာသေးဘူးလား?"

"အမှန်အတိုင်းပြောမယ်နော်"

"ပြောပါ။ ပိုးနားထောင်နေပါတယ်"

"မင်း တို့နားကိုလာတယ်။ တို့ကိုစိတ်ရှုပ်အောင် အမျိုးမျိုးလုပ်တယ်။ အဲဒီအချိန်တွေတုန်းက မင်း တို့အနားကို ရောက်မလာရင်ကောင်းမယ်ဆိုတဲ့ စိတ်ကူးမျိုး ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် မနေ့ကစပြီး မင်းရဲ့ တိတ်ဆိတ်သွားတဲ့ ဒဏ်ကို တို့မခံနိုင်ဘူး။ မင်း တို့ကို နာကြည်းမှုန်းတီးသွားမှာ တို့ကြောက်တယ်။ တကယ်လို့ အဲလိုခံစားမိတာက အချစ်ဆိုရင်တော့ ဟုတ်တယ်... တို့ မင်းကို ချစ်မိနေပါပြီ ပိုးပုဝါ"

အရမ်းကို ကြားချင်ခဲ့တဲ့ စကား။

ရုတ်တရက်ကြားလိုက်ရတော့ ပိုးရဲ့ရင်တွေ ပေါက်ထွက်သွားမလားတောင် စိုးရိမ်ရတဲ့အထိ သွေးခုံနှုန်းတွေ မြန်လာခဲ့တယ်။

ပါးပြင်က နွေးခနဲဖြစ်သွားပြီး သိသိသာသာ အားအင်တွေ ရှိသွားသလိုပဲ။

နွေးထွေးတဲ့ ပါးပြင်ပေါ်သို့ ပူနွေးနွေး အထိအတွေ့ စေးကပ်ကပ်ကြောင့် လက်ဖြင့် စမ်းကြည့်လိုက်တော့ မျက်ရည်တွေ စီးကျနေတာ သိလိုက်ရတယ်။

လူတွေဟာ အရမ်းလိုချင်နေတဲ့အရာကို ပိုင်ဆိုင်ခွင့်ရတဲ့အခါ ပျော်ရွှင်လွန်းလို့ မျက်ရည်ကျရတယ်ဆိုတာ ပိုးအခုမှသိတယ်။

"ပိုး တခုခု ပြန်ပြောပါဦး"

"ဂုဏ်ရှိန်ဝါ ခင်ဗျား အခုနပြောလိုက်တဲ့ စကားကို ပြန်ပြောပါဦး"

"အခုနပြောလိုက်တာ အရှည်ကြီးပဲလေ။ ဘယ်နားက စပြီး ပြန်ပြောပြရမှာလဲ?"

"ရတယ်။ နောက်ဆုံးတစ်ခွန်းပဲ ပြန်ပြောပြပါ"

"မင်းကို ချစ်မိနေပါပြီဆိုတဲ့ စကားလား?"

"အင်း ဟုတ်တယ်။ အဲဒီစကား"

"မင်းကို ချစ်မိနေပါပြီ ပိုးပုဝါ"

"နောက်တစ်ခေါက်လောက်"

"မင်းကို ချစ်မိနေပါပီ ပိုးပုဝါ"

"နောက်တခေါက်"

"မင်းကို အရမ်းချစ်တယ် ပိုးပုဝါရယ်"

ပါးပြင်သို့ လိမ့်ဆင်းကာ ကျလာတဲ့ မျက်ရည်ကို ပိုး မသုတ်တော့ပါဘူး။ သူမရဲ့ ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ထိုမျက်ရည်ကို ပိုး အရမ်း မြတ်နိုးမိတာလေ။

"စိတ်မဆိုးပါနဲ့ ပိုးရယ်။ တို့ မနေတတ်လို့ပါ။ မင်း တို့ကိုရွေးချယ်မိတဲ့အတွက် မင်းမှာ နာကျင်စရာတွေ ဖြစ်လာမယ်ဆိုတာ တို့သိနေတယ်။ မနေ့က မင်းရခဲ့တဲ့ နာကျင်မှုမျိုး နောက်နောင်လည်း မင်းထပ်ပြီး ရလာနိုင်ဦးမှာပါ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မင်း တို့ကိုတော့ လက်မလွှတ်လိုက်ပါနဲ့နော်။ တို့ တောင်းပန်ပါတယ်"

တကယ်တော့ ပိုးဟာ သူမနဲ့ ပတ်သက်သမျှ အရာရာကို မက်မောစွာ တွယ်တာမိနေတာပါ။

နာကျင်ရမယ်ဆိုရင်လည်း အခုတည်းက ပြင်ဆင် ပြီးပါပြီ။ သူမကြောင့် ရလာမယ့် ဒဏ်ရာတွေကိုပါ ပိုးဟာ အမြတ်တနိုးနဲ့ မမောမိမှာပါ။

"ခင်ဗျား အခု ဘယ်မှာလဲ?"

"အိမ်မှာ"

"အိမ်ရဲ့ ဘယ်နားမှာလဲ?"

"အိပ်ခန်းထဲမှာ"

"အဲဒါဆို တစ်ဖဝါးမှ မရွေ့ပဲ အဲဒီနားကနေ ပိုးကို စောင့်နေပါ။ ပိုး အခုချက်ချင်း ခင်ဗျားဆီ လာခဲ့မယ်"

-------------------------------------------

ဆက်ရန်...


-------------------------------------------

(Uni code)

မက်မောစွဲလန်းရပါသော... သူမWhere stories live. Discover now