ကျွန်ုပ်နှင့် မိုးကုတ်မြို့
မိုးကုတ်မြို့လို့ပြောရင် သူ့မှာအရှေ့ပိုင်းနဲ့ အနောက်ပိုင်းဆိုပြီး နှစ်ပိုင်းရှိတယ်။ အနောက်ပိုင်းထက်စာရင် အရှေ့ပိုင်းကပိုပြီးမြို့ဆန်တဲ့သဘောရှိတယ်။ ကျုပ်ကတော့ ရွာသဘောအနည်းငယ်ဆန်တဲ့ အနောက်ပိုင်းမှာပဲ ကြီးပြင်းခဲ့ရတာဖြစ်လို့ အနောက်ပိုင်းရဲ့အလှအပတွေနဲ့ပဲရင်းနှီးကျွမ်းဝင်ပြီး သူလေးကိုပဲခင်တွယ်မြတ်နိုးတယ်။ အရှေ့ပိုင်းမှာဘာတွေရှိတယ်မသိပါဘူး။ ဒီဆက်ရေးမယ့် အကြောင်းအရာတွေအားလုံးက ကျုပ်တွေ့မြင်ကြီးပြင်းခဲ့ရတဲ့ပတ်ဝန်းကျင်လေးအကြောင်းပါပဲ။
သူမက သိပ်ကိုချစ်စရာကောင်းတဲ့မြို့လေးတစ်မြို့ပါ။ သူမကိုဝန်းရံပေးထားတဲ့ စိမ်းညှို့ညှို့တောင်တန်းကြီးတွေရှိတယ်။ အိမ်ဝရံတာကနေလှမ်းကြည့်ရင် ဘယ်အချိန်ကြည့်ကြည့် အဲ့ဒီတောင်တန်းကြီးရဲ့ထိပ်မှာ မြူတွေဝေဆိုင်းနေတာကိုတွေ့ရတတ်တယ်။ တောင်ကုန်းတောင်နိမ့်တွေကြားမှာ တစ်ထပ်ပြီးတစ်ထပ်ဆောက်ထားတဲ့ ရေနံချေးသုတ်အိမ်လေးတွေဟာ အမြဲတမ်းတစ်ရောင်တည်းလိုထင်ရလိမ့်မယ်။ အဖြူရောင်တွေပဲဖြစ်ဖြစ်၊ အစိမ်းရောင်၊ အပြာရောင်ပဲဖြစ်ဖြစ် ဆေးတွေသုတ်ထားတဲ့တိုက်အိမ်တွေဟာရှားပါတယ်။ အမြဲနီညိုညို့ရောင်ကျွန်းအိမ်တွေ၊ ပျဉ်ထောင်အိမ်တွေကိုကြည့်ရတာဟာ ဘယ်တော့မှအိုဟောင်းမသွားတော့မယ့် ရှေးဆန်ဆန် သိမ်မွေ့ခြင်းရသတစ်ခုကိုခံစားနေရသလိုပါပဲ။
~*~*~*~
ဒီလို ကျုပ်အချစ်ဆုံးမြို့လေးဟာ ကျုပ်ဇာတိမြေတော့မဟုတ်။ မွေးသမိခင်ကျေးဇူးရှင်၏ဇာတိမြေ။ ကျုပ်တို့ဇာတိချက်ကြွေသည့်နေရာက မန္တလေး။ ထိုစဉ်က အဖေသည် အထူးကုဆရာဝန်ကြီးဖြစ်သေးသည်မဟုတ်၊ လက်ထောက်ဆရာဝန်အဖြစ်သာရှိသေးသောကြောင့် ဟိုနယ်ပြောင်းသည်နယ်ပြောင်းနှင့် ကြိုးစားနေရသည်မို့အမေနှင့်လိုက်မနေနိုင်သေး။ ထို့ကြောင့် မန္တလေးတွင်မွေးပြီးသည်နှင့် ရက်ပိုင်းအကြာတွင် အမေ့ဆွေမျိုးပေါက်ဖော်တစ်သိုက်ရှိရာမိုးကုတ်သို့ပြန်ပြောင်းလာပြီး သည်မြို့လေးမှာပဲ ငယ်ဘဝစတင်ခဲ့ရခြင်းဖြစ်၏။ မူကြိုမတက်ခင်လောက်အထိ သည်မြို့လေးမှာပဲနေခဲ့ပြီး ဘိတ်မရောက်ခင်အထိတော့ နှစ်တိုင်းနှစ်တိုင်း နွေရာသီကျောင်းသုံးလပိတ်သည်နှင့် ပြန်ရောက်လာတတ်သည်။
YOU ARE READING
I Write And I Mean It
Non-Fictionဒီစာအုပ်မှာ ငယ်ငယ်ကရေးခဲ့ဖူးတဲ့ Short story တွေ၊ အခုစိတ်ထဲပေါ်လာရင်ပေါ်လာသလောက်ရေးပြီး မတင်ဘဲသိမ်းထားတဲ့စာတွေ၊ သရော်စာတွေကိုတင်သွားမှာပါ။ အနော်ရေးနေကျ, ဘာသာပြန်နေကျ Fanfic တွေမဟုတ်ပဲ အဲ့လိုလေးတွေကိုစုပြီးတင်ချင်လို့ ဒီစာအုပ်လေးကိုလုပ်တာပါ။ တခါတလေတော့လ...
