ကျုပ်​နှင့်​ မြိတ်​မြို့(သို့)ဘိတ်​မြို့

542 64 19
                                        

ကျုပ်နှင့် မြိတ်မြို့(သို့)ဘိတ်မြို့

အပိုင်း

••••••••••••••

နာမည်ကြားရုံနှင့်ပင် ကျုပ်တို့ညီအစ်မနှစ်ယောက် ဘာမြို့ကြီးလဲဟုနှာခေါင်းရှုံ့ကာဖုန်တလိမ်းလိမ်းနှင့်မင်းဘူးမြို့အားမစွန့်ခွာချင်ခဲ့ပေ။ မသွားချင်သော်လည်းရသည့်အမျိုးမှမဟုတ်ပဲ။ အစိုးရဝန်ထမ်းအဖေပြောင်းရသည့်မြို့အား တစ်နေ့တည်းနှင့်ပစ္စည်းများသိမ်းကာပြောင်းဖို့ပြင်ရတော့၏။ တစ်နေ့တည်းပစ္စည်းသိမ်းရသည်ဆိုသည့်အချက်အားရှင်းပြချင်ပါသည်။ ထိုစဉ်ကကျုပ်တို့လေးတန်းတောင်စတက်နေပြီဖြစ်သည်။ ကျောင်းတောင်စတက်နေပြီးမှ ရုတ်ချည်းပင်ပြောင်းရွှေ့အမိန့်ကျလာ၏။ စိတ်ညစ်လိုက်သည့်ဖြစ်ခြင်း။ တစ်ခါမှမကြားဖူး၊မရောက်ဖူးသောမြို့အားသွားပြီး ကျောင်းကလည်းတစ်ပတ်အလွန်မှတက်ရသည်ဆိုတော့ ကျောင်းသားသစ်များအနေနှင့်ကြည့်လျှင်တော်ရုံစိတ်ပိန်ရသည့်ကိစ္စမှမဟုတ်ပဲ။ ကျုပ်တို့ပညာရေးကြောင့်ပင် အဖေကပိုနှောင့်နှေးမည်စိုး၍ချက်ချင်းပင်ပစ္စည်းသိမ်း၊လေယာဉ်လက်မှတ်ဖြတ်ကာ မြိတ်မြို့ဆိုသောမြို့လေးသို့အမြန်လစ်ရချေတော့၏။

မြိတ်မြို့အားမြန်မာနိုင်ငံမြေပုံတွင်လက်ထောက်ရှာကြည့်မည်ဆိုပါက မြန်မာနိုင်ငံခြေဖျားရှိကော့သောင်းမြို့အထက်မှထင်ရှားနေသောမြို့လေးကိုမြင်နိုင်ပါသည်။ တနင်္သာရီဒေသရှိကျွန်းမြို့လေးဟုဆိုရမလားမပြောတတ်။ မြိတ်ဟုဆိုလျှင် သူတို့မြို့သူမြို့သားများကဝိုင်းရယ်ကြလိမ့်မည်။ ရေးတော့အမှန်ဖတ်တော့အသံ 'ဘိတ်မြို့'ဟုသာမှတ်ကြကုန်။ မြိတ်သူမြိတ်သားများလည်း ဘိတ်သူဘိတ်သားများပေါ့။

ဘိတ်မြို့ကိုရန်ကုန်မှလေယာဉ်စီးသွားလျှင်တစ်နာရီကျော်ကျော်လောက်သာကြာ၏။ လေယာဉ်ပေါ်ကဆင်းသည်နှင့် ကမ်းရိုးတန်းမြို့ဖြစ်သောဘိတ်မြို့၏ဇာတိကပြလေပြီ။ ခေါင်းပေါ်တစ်ပေါက်ပေါက်ကျလာသောမိုးမွှားမိုးစက်များက ခုမှရွာသည်ဟုမမှတ်ရလေအောင် ပြေးလမ်းတစ်လျှောက်၌စိုစွတ်နေခဲ့သည်။ မြို့သို့ပြောင်းလာသောဆရာဝန်အားလာကြိုကြသူများကထုံးစံအတိုင်းဒုနဲ့ဒေး။ ကျုပ်တို့က သည်လိုအခြေအနေများကိုစိတ်ကျဉ်းကျပ်လှသောကြောင့် တစ်ယောက်လာကြိုရင်ပဲရပြီလေဟုအဖေ့အားပြောသောအခါ ဖေကအဲ့လိုပဲငယ်လေးရဲ့သူတို့ကိုပြောလည်းမရဘူးဟုသာ ခပ်ပြုံးပြုံးဆိုခဲ့သည်။ တစ်ယောက်ပြီးတစ်ယောက်လာနှုတ်ဆက်ကြသောအမည်မသိဦးလေး,အဒေါ်ကြီးများအား ယဉ်ကျေးမှုအရ  လေယာဉ်မူးလာသည့်ကြားမှအတင်းဖြဲရဲနှုတ်ဆက်ပြပြီး ကားပေါ်ရောက်မှဟင်းခနဲသက်ပြင်းချရင်းနားရတော့သည်။

I Write And I Mean ItOnde histórias criam vida. Descubra agora