စာအုပ်တွေဖတ်ရတာကို ကြိုက်တယ်။ ဇာတ်ကားတွေ ကြည့်ရတာကို ကြိုက်တယ်။
သူတို့တတွေဆီက ကိုယ်ဘာကို မျှော်လင့်သလဲ ဆိုတာကိုတော့ မသေချာဘူး၊ တစ်ည အိပ်ခါနီး တွေးမိတယ်၊ အဖြေက မရေရာ။
ဇာတ်ကောင်တွေ စကားတွေချည်းပြောနေတာကိုလည်း ကြည်နူးပြီး ပြုံးဖြီးနေတဲ့အခါမျိုးလည်း ရှိတာပဲ။ တစ်ခါတလေ ဒိုင်ယာလော့တွေချည်း ဖတ်နေရတာကိုလည်း သောက်ရေးမပါဘူးဆိုပြီး ဒေါခွီးတာပဲ။
တစ်ဖက်သက်ကြိတ်ကြိုက်နေရတဲ့ ကောင်မလေးကို အဆုံးသတ်မှာ ကောင်လေးက သူ့ကို သတိထားမိပြီး ပြန်ကြိုက်သွားတာမျိုးဖတ်ရတာကို သဘောကျတယ်လို့ ထင်တာပဲ။ ဒါပေမယ့် ပြန်ကြိုက်သွားတော့လည်း ဒါမျိုးက မဖြစ်သင့်ဘူးလို့ စိတ်ပေါက်နေပြန်ရော။ အပြင်လောကမှာ မဖြစ်နိုင်တာချည်းကို ဒါဟာစိတ်ကူးယဉ်သက်သက်ပဲ။ အဲ့လိုနဲ့ ဘာတိုက်ဆိုင်မှုမှမရှိ၊ ကောင်မလေးကလည်း သူ့ဘာသာသူ ကြိုက်စရာရှိ ဆက်ကြိုက်မယ်၊ ခိုးကြည့်စရာရှိ ပုံမှန်အတိုင်း လူမမိအောင်၊ လူလုံးဝမရိပ်မိအောင်နေမယ်၊ ကောင်လေးကလည်း သူ့တည်ရှိမှုကို မသိဘဲ၊ သိလည်း ဖာသိဖာသာပဲ ဒီလိုဒီလိုနဲ့ပြီးသွားမယ့် ဇာတ်လမ်းမျိုးကို လိုက်ရှာနေပြန်ရော။
Happy endingကို မကြိုက်ဘူး၊ Sad endingကိုပဲ ကြိုက်တာလားဆိုတော့လည်း အဲ့လိုမဟုတ်ပြန်ဘူး။ ချစ်သွားပြီးမှ အဆုံးသတ်မှာ မခွဲချင်ဘဲ ပယောဂကြောင့် ကွဲသွားတဲ့sad endingမျိုးလည်း မလိုချင်ဘူး၊ အချင်းချင်းမုန်းသွားတဲ့ sad ending မျိုးလည်း မဟုတ်ဘူး။
လူတွေထဲမှာ တမူကွဲထွက်နေတဲ့ တအားထူးခြားနေတဲ့ကာရိုက်တာမျိုးကိုလည်း ငြီးငွေ့သလိုလို။ အတော်ဆုံးမဟုတ်၊ အညံ့ဆုံးလည်းမဟုတ်၊ သူ့ဖြစ်တည်နေမှုက ပတ်ဝန်းကျင်အပေါ် ဘာသက်ရောက်မှုမှ မရှိတဲ့ ပုံစံမျိုး တောင့်တတယ်။ ဒီတိုင်းလေးပဲ တစ်ဖက်သူက တိတ်တိတ်လေး ငေးကြည့်ရင်းကြိုက်နေပြီး အဲ့ဒါနဲ့ ပက်သက်ပြီး ဘာမှလည်းမလုပ်၊ လုပ်ဖို့လည်းမလို။ ဘယ်သူမှလည်းမသိ၊ တိတ်တိတ်လေးစ၊ တိတ်တိတ်လေးပြီးသွားတဲ့ ဇာတ်လမ်းမျိုးဖတ်ချင်တယ် တစ်ခါတလေတော့။
ဒါပေမယ့်လည်း အဲ့ဒါဆို ဘာထူးမှာလဲတဲ့နော်။ အပြင်လောကကြီးမှာ မရနိုင်တဲ့အရာတွေ၊ မဖြစ်နိုင်တဲ့အရာလေးတွေကို စာအုပ်ထဲမှာ ရနိုင်အောင်လုပ်ပေးထားတာကိုနော့်။
YOU ARE READING
I Write And I Mean It
Non-Fictionဒီစာအုပ်မှာ ငယ်ငယ်ကရေးခဲ့ဖူးတဲ့ Short story တွေ၊ အခုစိတ်ထဲပေါ်လာရင်ပေါ်လာသလောက်ရေးပြီး မတင်ဘဲသိမ်းထားတဲ့စာတွေ၊ သရော်စာတွေကိုတင်သွားမှာပါ။ အနော်ရေးနေကျ, ဘာသာပြန်နေကျ Fanfic တွေမဟုတ်ပဲ အဲ့လိုလေးတွေကိုစုပြီးတင်ချင်လို့ ဒီစာအုပ်လေးကိုလုပ်တာပါ။ တခါတလေတော့လ...
