ငါ ဘာတွေ... တွေး?
________
သည်ကိစ္စတွေအားလုံး ဘယ်အချိန်ကစ မှားခဲ့သည်ဆိုတာကိုတော့ ကျုပ်ထင်မြင်ချက်တစ်စုံတစ်ရာ ပေးနိုင်လိမ့်မည်ထင်ပါသည်။
သင့်ဘေးကလူတွေအားလုံး သင့်ကိုချစ်ခင်ပြီး သင့်ကို အားကိုး၊ တွယ်တာနေသည်ဟု သင်ကိုယ်တိုင် မှတ်ထင်၊ယူဆလိုက်သောအချိန်က စမှားခဲ့မည်ထင်သည်။
ဒါမှမဟုတ် သင့်အတွေးနှင့်သင် အကျေနပ်ကြီးကျေနပ်လွန်ပြီး ထိုလူအပေါင်းအား "သင်မရှိလျှင်ပဲ မဖြစ်နိုင်တော့မည့်လူတွေ"အဖြစ် အတွေးလွန်ကာ သင်စေလိုရာစေ၊ ခိုင်းချင်တိုင်းခိုင်း၊ အမြဲအထက်စီးက အထင်သေး၊အမြင်သေးစွာ ဆက်ဆံလိုက်သောအချိန်က စလေမလား။ မသေချာပါ။
သေချာသည်ကတော့ သင်တစ်ချိန်လုံး မှားယွင်းနေခဲ့ပါသည်။
၂၅. ၈. ၂၀၁၇
_________
"လူတွေဆိုတာ ကျွေးမှမွေးမှ ကိုယ့်နားကပ်တာဟဲ့" ဟု ကောင်မလေးတစ်ယောက်အား သူမအမေက ဆုံးမစကားဆိုသံကို ကြားဖူးသည်။ ကျုပ် လက်မခံချင်ပါ။ ထိုစကားသည် တချို့တလေသော လူတွေအတွက် မှန်ကောင်းမှန်ငြားသော်လည်း လူတိုင်းအတွက်တော့ မဟုတ်။ ကောင်မလေးစိတ်ထဲတွင်လည်း လူတိုင်းက သူကျွေးမွေးနေသောကြောင့်သာ သူ့အားခင်နေမင်နေသည်ဟု ထင်ကောင်းထင်မှတ်သွားနိုင်သည်။ မိတ်ဆွေအစစ်ကို ခံစားနိုင်ဖို့ အခွင့်အလမ်းနည်းပါးသွားနိုင်သည်။
တစ်ခုလိုချင်လျှင်တော့ တစ်ခုကိုတော့ ပြန်ပေးဆပ်ရမည်ပင်။ ဒါဟာ လောကနိယာမတစ်ခု။ သို့သော်လည်း ကိုယ်လိုချင်သည်မှာ အစစ်အမှန်ဆိုလျှင်တော့ ကိုယ်တိုင်ကလည်း အစစ်အမှန်ကို ပြန်ပေးဖို့ရန် မေ့လျော့မနေသင့်ပေ။ ကိုယ်တိုင်က ဟန်ဆောင်မှု၊ မူယာဟန်ပန်တွေကိုသာ ပေးနေသ၍ အစစ်အမှန်ကိုပြန်ရဖို့ မျှော်လင့်ခြင်းမှာ မျှတသော တောင့်တခြင်းတော့မဟုတ်။ အတုများသာ ပေးခဲ့သောကြောင့်လည်း လိုချင်သော အစစ်အမှန်ကိုလည်း မရ၍ မကျေနပ်၊ ဝမ်းနည်းနေစရာကိစ္စတော့မဟုတ်။
တစ်ခါတလေတော့လည်း သူတစ်ပါးက ကိုယ့်ကိုတန်ပြန်လုပ်သမျှကို စောင့်ကြည့်သည်ထက် မှန်တစ်ချပ်အား ကိုယ့်ရှေ့ထားပြီး ကိုယ့်လုပ်ရပ်တွေကိုယ် သေချာစိစစ်ကြည့်ဖို့စိတ်ကလေး ဝင်စေချင်မိသည်။ ကိုယ့်ကိုယ်ကို Victimတစ်ယောက်လို ခံစားနေမည့်အစား ကိုယ်တိုင်ကရော သူတစ်ပါးအပေါ် ဘယ်လောက်ထိ လုပ်ခဲ့ပြီးပြီလဲ တွေးကြည့်ကြရင်ရော? "အကြောင်းမဲ့သပ်သပ်"ဟု တစ်ဖက်ပိတ် ယူဆနေမည့်အစား တကယ့်အကြောင်းရင်းအမှန်ကို သေချာလေး မြင်အောင်ကြည့်ကြမည်ဆိုရင်ရော? မြင်ပြီးသွားလျှင်လည်း ထိုအမှားတွေကို ပြင်ဆင်ဖို့ကြိုးစားကြမည်ဆိုရင်ရော? We don't care ဆိုလျှင်တော့ ကျုပ်လည်းမတတ်နိုင်။ ဘာပဲဖြစ်ဖြစ် ကိုယ်ပြုသမျှအရာတွေအားလုံးက ကိုယ်ဘယ်သူဆိုသည်ကိုပဲ ရုပ်လုံးဖော်ပေးနေတာမလား။
BẠN ĐANG ĐỌC
I Write And I Mean It
Phi Hư Cấuဒီစာအုပ်မှာ ငယ်ငယ်ကရေးခဲ့ဖူးတဲ့ Short story တွေ၊ အခုစိတ်ထဲပေါ်လာရင်ပေါ်လာသလောက်ရေးပြီး မတင်ဘဲသိမ်းထားတဲ့စာတွေ၊ သရော်စာတွေကိုတင်သွားမှာပါ။ အနော်ရေးနေကျ, ဘာသာပြန်နေကျ Fanfic တွေမဟုတ်ပဲ အဲ့လိုလေးတွေကိုစုပြီးတင်ချင်လို့ ဒီစာအုပ်လေးကိုလုပ်တာပါ။ တခါတလေတော့လ...
