ကျုပ်၏ အနက်တစ်နေရာ

455 45 9
                                        

.
.
.
"လူတွေဟာလေ တစ်ခုခုမပြောခင် မလုပ်ခင် စဉ်းစားပြီးလုပ်လို့မရဘူးလား?"

ဒီစကားတစ်ခွန်းဟာ ကျုပ်ရဲ့နေ့တိုင်းပြောစကားတွေထဲမပါမဖြစ်။

နေ့တိုင်းတွေ့သမျှ၊ ကြုံသမျှတွေက လူတွေဆိုတော့ ကျုပ်အတွက် စိတ်ပျက်စရာအကောင်းဆုံးကလည်း လူတွေပင်ဖြစ်နေသည်။

အစ်မက အမြဲပြောသည်။ "နင် အဲ့လောက်ထိတွေးနေစရာမလိုဘူး" ဟု။ တစ်ခါတရံလည်း "နင့်လိုဘယ်သူမှ မတွေးတော့ဘူး" ဟူ၏။

~~ဘာလို့လဲ?

ဘာလို့ လူတွေကမတွေးတော့တာလဲ?

တွေးရမယ်လေ?

သူများအတွက် စဉ်းကိုစဉ်းစားပေးရမယ်လေ။

လူတွေမလား။~~

ဒီစကားတွေက အမြဲလိုလို ရင်ဘတ်ထဲမှာပဲ သိမ်းထားနေကျစကားတွေဖြစ်ပြီး တစ်ခါတလေမှသာ အစ်မကိုစိတ်ပျက်လက်ပျက်နှင့်ပြောဖြစ်သောစကားတွေဖြစ်သည်။

*-*-*-*-*-*-*-*-*-*-*-*

သူတစ်ပါးကိုကူညီသောကြောင့် ထိုသူကကိုယ့်ကိုစကားနှင့်ဖြစ်စေ၊ အလုပ်နှင့်ဖြစ်စေ ကျေးဇူးတင်သင့်သည်ဟု သဘောပေါက်လျှင် ကိုယ့်ကိုတခြားသူတစ်ယောက်ယောက်က ကူညီလျှင်လည်း ကျေးဇူးတင်ရမည်ဆိုသည်ကို နားလည်သင့်သည်မဟုတ်ပါလား။ ခုကမဟုတ်။ ကိုယ်ရသင့်သည့်ကိစ္စတွေကိုတော့ ဒေါသတကြီး မရရကောင်းလားဟုအမျက်ထွက်နေပြီး သူတစ်ပါးကိုပေးသင့်ပေးထိုက်သောအရာတွေကိုကျတော့ မျက်ကွယ်ရှုထားတတ်သည်။ ဒါဟာ ကျုပ်အနေနှင့်တော့ ဘယ်လိုမှ နားမလည်ပေးနိုင်သောအကြောင်းတွေမှတစ်ခု။

ကျုပ်၏သူငယ်ချင်းဟုဆိုသော မိန်းကလေးတစ်ယောက်၏ ကိစ္စတစ်ခုနှင့် နှိုင်းယှဉ်ကာပြောပြမည်။ သူ့နာမည်ကို လုံးလုံးဟုသာ ထားလေ။

သူကအဆောင်မှာနေသည်။ အဆောင်မှာ အမေမတူ၊အဖေကွဲအစ်မတွေနှင့်နေကြသည်။ ညနေခင်းတစ်ခု၌ သူ့အဆောင်ကအစ်မတစ်ယောက် ဗိုက်နာသည်ဆို၍ သူနှင့်အခြားတစ်ယောက်က ထိုအစ်မကိုဆေးခန်းလိုက်ပို့ကြသတဲ့။ ဆေးခန်းတွင် ဆေးထိုးပြီး၍ နေသာထိုင်သာရှိလာသောအခါ အဆောင်ပြန်လာသည်ပေါ့။ လုံးလုံးက ကျုပ်ကိုပြောပြသည်မှာ "ငါတို့ ညနေစာဘာမှမစားရသေးဘူးကွာ၊ အငတ်ခံပြီးတော့ကိုဆေးခန်းလိုက်ပို့တာ၊ အနည်းဆုံးတော့ သူငါတို့ကိုညနေစာကျွေးသင့်တာပေါ့၊ မဟုတ်ဘူးလား?" ဟု နှုတ်ခမ်းကိုဆူထော်ကာပြောပြသည်။ ကျုပ်မှာ ကိုယ့်အတွေးအခေါ်တွေကို ဖင်ပိတ်ငြင်းဆန်သူထက် လက်မခံသော်လည်း အဆုံးထိဆွေးနွေးနိုင်မည့်လူနှင့်သာ စကားစမြည်ပြောလိုသောကြောင့် သူလိုချင်သောအဖြေကိုသာ လိုက်လျောညီထွေ တုံ့ပြန်လိုက်ရသည်။ "အေးလေ"

I Write And I Mean ItOnde histórias criam vida. Descubra agora