အခန်း (၁၈)

5.4K 478 25
                                        

"အမာရွတ်မျက်နှာရှောင်လီ... ကျုပ်တို့မတွေ့ရတာ တော်တော် ကြာပြီနော်"

ကျင်းတင်ရဲ့ တန်ဖိုးကြီးသီးသန့်ခန်း တစ်ခန်းထဲတွင် အသက်၃၄နှစ်ရှိ သန်သန်မာမာပုံနဲ့ လူတစ်ယောက်က စီးကရက်ခဲကာ အေးအေးလူလူ ထိုင်နေရင်း ရှောင်လီ့ကို နှုတ်ဆက်လိုက်သည်။

"ကျွန်တော်က ဥပဒေဘောင်အတွင်းမှာ နေတဲ့လူဆိုတော့ ခင်ဗျားနဲ့ မကြာခဏမတွေ့တာ ပိုကောင်းတယ်လေ"

ရှောင်လီကလည်း ထိုင်လိုက်ရင်း ပြုံးပြီးနောက်လိုက်သည်။

"ရဲမှူးဝူ... ဘာလို့အစောကြီး ရောက်နေတာလဲ"

"ခင်ဗျားတို့ကို ဒီဟာပေးဖို့လေ"

ဝူချင်းဟွာက ဘေးနားမှာရှိနေတဲ့ လက်ဆွဲအိတ်ကို ဖွင့်ကာ စာအိတ်အထူကြီးတစ်ခုထုတ်ပြီး ပစ်ပေးရင်းပြောလိုက်၏။

"သူ့အဖွဲ့အစည်းထဲကနေ ရထားတဲ့ ဒီလျှို့ဝှက်စာရွက်စာတမ်းတွေကို ရဲချုပ်ကျို ရှေ့မှာ ခင်ဗျားတို့ကို ဘယ်လိုလုပ်ပေးမလဲ"

ရှောင်လီက သူ့ကိုကြည့်လိုက်ပြီး စာအိတ်ကိုယူကာ ပြုံးလိုက်သည်။

"သိပါပြီ... ရဲချုပ်ကျိုက မတွေ့ဘူးဆိုရင် အခြေအနေကို သူသတိမထားမိသေးတဲ့ သဘောပဲပေါ့"

ဝူချင်းဟွာက ဆေးလိပ်ငွေ့တွေ မှုတ်ထုတ်လိုက်ကာ ခေါင်းညိမ့်ပြပြီး မေးလိုက်၏။

"စာအိတ်ကို ဖွင့်မကြည့်တော့ဘူးလား"

"ရဲမှူးဝူ... ခင်ဗျားက ကျွန်တော့်ကို အထင်ကြီးနေပြန်ပြီ... ကျွန်တော်က ကြည့်လည်း ဒါတွေကို နားလည်မှာမဟုတ်ဘူး" ရှောင်လီက ခေါင်းခါပြီး ပြန်ပြောလိုက်သည်။

"ဘာလို့နားမလည်ရမှာလဲ"

ဝူချင်းဟွာ စီးကရက်တိုလေးကို လက်ချောင်းတွေကြားမှာ ညှပ်ထားလိုက်ပြီး စာအိတ်ကိုပြန်ဆွဲယူလိုက်သည်။

"ဒါမှမဟုတ် ခင်ဗျားတို့မှာ ဒီလိုကိစ္စတွေကို ဆန်းစစ်ပေးတဲ့ အထူးပညာရှင်တွေ ရှိလို့လား... တကယ်ပါပဲ... အခုခေတ် လူမိုက်ဂိုဏ်းတွေက အရည်အချင်းရှိတဲ့လူတွေ အများကြီးရှိတာပဲ"

Lawless Gangster (မြန်မာဘာသာပြန်)Место, где живут истории. Откройте их для себя