အခန်း (၂၀)

4.6K 432 23
                                    

သူတို့တွေ့ဖို့ပြောထားတဲ့ လမ်းထောင့်ကို ရောက်တော့ ရှောင်လီ့ကား ရပ်ထားတဲ့ဆီကို ကြည်ရှုယွမ် အမြန်ပြေးသွားခဲ့လိုက်သည်။

သူက ကားပြတင်းကိုခဏခေါက်လိုက်သေးသည်။ ပြန်ဖြေတာကို စောင့်မနေတော့ဘဲ ကားတံခါးကို ဆွဲဖွင့်လိုက်၏။ သူ့ရှေ့က မြင်ကွင်းကို တစ်ချက်ကြည့်လိုက်တာနဲ့ သူ့ရင်ထဲမှာ တင်းကျပ်သွားခဲ့သည်။

"အနည်းဆုံးနှစ်လလောက် အရက်မသောက်ရဘူးလို့ မင်းကို ငါမပြောထားဘူးလား" သူ့လေသံက စိုးရိမ်မှုတွေ ဒေါသတွေနဲ့ ပြည့်နှက်နေခဲ့သည်။

"အနံ့ကိုဟောင်ကိုနေတာပဲ... ဘယ်လောက်တောင် သောက်လာခဲ့တာလဲ"

ရှောင်လီက မျက်နှာတစ်ခုလုံးဖြူရော်နေပြီး ဒါရိုက်ဘာခုံမှာ မှီပြီးထိုင်နေခဲ့ သည်။ သူ့ဘေးနားက အလင်းရောင်ကိုတင်မကဘဲ ဆူညံသံတွေပါ ကြောက်နေသလိုမျိုးပင်။ မျက်လုံးမှိတ်ထားဆဲနဲ့ သူထိုင်နေတဲ့ နေရာကနေ နည်းနည်းလေး ရွှေ့လိုက်သည်။

ကြည်ရှုယွမ် သက်ပြင်းချလိုက်မိသည်။ နောက်တော့ သူစကားပြောတာကို နှေးပြီး အသံကိုတိုးကာမေးလိုက်သည်။

"ဘယ်နားနေလို့မသက်သာဘူးလဲ... ဆေးရုံသွားချင်လား"

ရှောင်လီက မျက်မှောင်ကြုတ်လိုက်ကာ တကယ်ကို သတိဝင်နေအောင် ခက်ခက်ခဲခဲ ကြိုးစားနေရသည့် ပုံမျိုးပင်။ ခဏနေမှ သူမျက်လုံးတွေ ဖွင့်ကြည့်ခဲ့၏။

"မင်း ကားမောင်းနိုင်လား"

"မောင်းနိုင်တယ်"

သူ့အသံက တည်ငြိမ်နေသေးတာကို ကြားလိုက်ရမှ ကြည်ရှုယွမ် တစ်ယောက် နည်းနည်း စိတ်သက်သာရာ ရသွားခဲ့သည်။

"မင်းအိမ်ကိုပဲသွားပါ"

အဲဒီလိုပြောလိုက်ပြီး ရှောင်လီက တစ်ဖက်ကိုကိုင်းကာ ဒါရိုက်ဘာခုံ ဘေးနားက ထိုင်ခုံဆီ သူ့ခန္ဓာကိုယ်ကိုရွှေ့ရန် ကြိုးစားလိုက်၏။ ရှောင်လီ ထိုင်ခုံပြောင်းထိုင်ဖို့ အပြင်းအထန် ကြိုးစားနေတာကို တွေ့ရတော့ ကြည်ရှုယွမ်က ကားထဲကို ခန္ဓာကိုယ်တစ်ပိုင်းဝင်ကာ သူ့ကိုလှမ်းပြီး ကူညီလိုက်သည်။ ဒါပေမဲ့ သူ့ခြေထောက်ကို သေချာမထိန်းထားမိဘဲ ကြည်ရှုယွမ်က ခြေချော်သွားကာ လက်နှစ်ဖက်လုံးက ရှောင်လီ့ခါးကို ဖမ်းဆွဲလိုက်မိပြီး ချက်ချင်းပဲ သူ့တစ်ကိုယ်လုံး ရှောင်လီ့ခန္ဓာကိုယ်ပေါ် ဖိလိုက်မိသည်။

Lawless Gangster (မြန်မာဘာသာပြန်)Donde viven las historias. Descúbrelo ahora