(Zawgyi)
ပင်လယ်လေကို သူလွမ်းနေပြီ။ ရာသီဥတုကြမ်းပေမယ့် လုံခြုံတယ်၊နွေးထွေးတယ်လို့ တထစ်ချယုံကြည်ခဲ့သည့် သူ့မွေးရပ်မြေကို လွမ်းသည်။ ပြည်ပခရီးတွေ ခဏခဏသွားရသည့်အခါက ထင်သလောက်သတိမရတတ်သည့် နေရာငယ်ကို ချက်ချင်းထပြန်ချင်စိတ်တွေ တဖွားဖွားပေါ်လာသည်အထိကို လွမ်းသည်။တစ်ခါမှမလွမ်းဖူးသည့် မွေးရပ်မြေကို လွမ်းပါလွမ်းပါလို့ စိတ်တွေအသွေးအသားတွေအကုန်လုံးက တိုက်တွန်းနေသလို အခြေအနေကိုဖန်တီးနေသည့်မြင်ကွင်းတွေကို ဝရံတာပေါ်မှမြင်ရသည့်အခါ သူကိုယ်တိုင်သတိမထားလိုက်မိဘဲ ခပ်တင်းတင်းဆုပ်ထားမိသည့် လက်သီး. . ။
ဖြစ်နိုင်ရင် မေတို့အိမ်ကနေ ဂိုယွန်းနဲ့သားကိုခေါ်ပြီး ချက်ချင်း အိမ်ပြန်ချင်မိသည်။ရုတ်တရက်ရောက်လာပြီး သားကို ကလူကာ ဆော့နေသည့် ထိုလူ့ပုံစံကို အလကားသက်သက် မျက်မုန်းကြိုးမိ၏။
"သား ဦးဦးဆီကို လာပါဦး သားရဲ့ "
နှစ်ဦးနှစ်ဖက်အကွက်ကျကျဇာတ်တိုက်ထားသလားပင်ထင်ရသော အကြောင်းအရာတွေက စိတ်ကိုကသိကအောက်ဖြစ်စေသည်။ဂိုယွန်းရဲ့ ချစ်သူဆိုတဲ့လူက မေတို့အိမ်ကို အဝင်အထွက်ရှိနေခဲ့သည်တဲ့လေ။ အတွင်းရေးမှူးဟန်နဲ့ ဂေါက်ဖ်ရိုက်ရင်း ရင်းနှီးသွားခဲ့တာလို့ရှင်းပြနေတဲ့ မေ့စကားတွေက အလကားသက်သက်သူ့ကိုမေးခွန်းတွေပေး၏။
ဒီလူနဲ့ပတ်သတ်ပြီး ခံစားချက်တွေ သိပ်မကောင်းလို့တွေးမိတော့ သဝန်တိုနေလို့လားဆိုသည့် စိတ်ရဲ့အသံတစ်ခုကြောင့် ကိုယ့်ကိုကိုယ်မလုံမလဲဖြစ်ရပြန်သည်။
"ဖေဖေ !!! ဒီကိုလာခဲ့လေ !!! "
အခေါ်စောင့်နေသည့်လူအလား သူ့ခြေလှမ်းတွေက ခြံဝန်းထဲက မြက်ခင်းပြင်သို့ တက်တက်ကြွကြွလျှောက်လှမ်းလိုက်သည်။
သားဟာ အလိုက်သိလွန်းတယ်။ထိုပုဂ္ဂိုလ်ကို ဝတ်ကျေတန်းကျေပြုံးပြလိုက်ရင်း လေးထောင့်စားပွဲရဲ့ မျက်နှာချင်းဆိုင်တစ်ဘက်စီမှာနေရာယူထားတဲ့နှစ်ယောက်ကြား ဝင်ထိုင်လိုက်သည်။ သူနဲ့အတူဆို ဒီလောက်လှတဲ့ဆံနွယ်တွေကို ယခုကဲ့သို့ဖြေချထားခြင်းမျိုးမရှိခဲ့သည့် ဂိုယွန်းပုံစံက ဒီနေ့မှ အမြင်တစ်မျိုးဆန်းနေ၏။

YOU ARE READING
Chapter 0901
Romanceအချစ်?! သူ့အတွက်တော့ ထိုအရာဟာ. . အဓိပ္ပါယ်မရှိသော စကားစု။ ဘာသာတရားထက် လူတွေပိုပြီး ကိုးကွယ်တတ်ကြသော ခပ်ညံ့ညံ့ဖန်ဆင်းရှင်တစ်ပါး။ ပြီးတော့ စုတ်တီးစုတ်ချာ သင်ခန်းစာ တစ်ခု။ အချစ်?! သူ့အတွက်တော့ ထိုအရာဟာ. . အဓိပ္ပါယ်မရှိသော စကားစု။ ဘာသာတရားထက် လူတွေပ...