တရုတ်နိုင်ငံ ဇီချွမ်ပြည်နယ်မှာ မေပယ်ပင်ကြီးတစ်ပင် ရှိသတဲ့။ မေပယ်ပင်ကြီးရဲ့ ပင်စည်ဟာ ခြောက်နေပြီး တချို့နေရာမှာ သစ်ခွဆုံအကြား အပေါက်တွေတောင် ဖြစ်နေပါသတဲ့။ မိုးရွာတော့ အပေါက်ထဲ ရေဝင်တာပေါ့ကွယ်။
တစ်နေ့မှာ အဲဒီမေပယ်ပင်ကြီးနား ငါးရှဥ့်ကုန်သည်တစ်ယောက် ဖြတ်သွားတယ်။ ပင်စည်ထဲ ရေဝင်နေတဲ့ အပေါက်ကိုတွေ့တော့ နောက်ပြောင်တဲ့ သဘောနဲ့ သူဝယ်လာတဲ့ ငါးရှဥ့်ပေါက်တစ်ကောင်ကို အဲဒီရေထဲမှာ ထားခဲ့ပါသတဲ့။
ငါးရှဥ့်ဟာ ရေထဲမှာပဲ ရှိရမယ်။ သစ်ပင်ပေါ်မှာ မရှိရဘူးလို့ လူတွေက နားလည်ထားကြတော့ သစ်ပင်ပေါ်မှာ သူတို့တွေ့ရတဲ့ ငါးရှဥ့်ဟာ ရိုးရိုးငါးရှဥ့် မဟုတ်ဘူး။ မြင့်မြတ်တဲ့ ငါးရှဥ့်ပဲ ဖြစ်ရမယ်ဆိုပြီး ရွာသားတွေက ကျောင်းဆောင်တွေ ဆောက်ကာ ကိုးကွယ်ကြပါသတဲ့။ ဒါ့အပြင် မြင့်မြတ်တဲ့ ငါးရှဥ့်ကြီးကို ပူဇော်ဖို့ တိရစ္ဆာန်တစ်ကောင်၊ တစ်ကောင်ကိုလည်း နေ့တိုင်းသတ်ပြီး ယစ်ပူဇော်ပါသတဲ့။
ငါးရှဥ့်ကုန်သည်ဟာ သူ့အလုပ်ပြီးလို့ ပြန်လာတော့ မေပယ်ပင်ကြီးနားမှာ ကျောင်းဆောင်နဲ့ ယစ်ပူဇော်တဲ့ခုံနဲ့ ကျကျနနဖြစ်နေတာကို တွေ့ရသတဲ့။
ငါးရှဥ့်ကုန်သည်ကြီးလည်း အတော်လေး အံ့သြသွားတာပေါ့။ ဒါနဲ့ မေပယ်ပင်ကြီးအနီးလည်း ရောက်ရော ငါးရှဥ့်ကုန်သည်ဟာ သစ်ပင်အပေါက်ထဲ သူထည့်ထားတဲ့ ငါးရှဥ့်ကို ပြန်ယူကာ ခရီးဆက်ထွက်ခဲ့တယ်။ ငါးရှဥ့်နဲ့ ဟင်းသီးဟင်းရွက်တွေကို ပြုတ်ပြီး ညစာ သူစားရမှာလေ။
ရွာသူရွာသားတွေ နောက်တစ်နေ့မှာ မေပယ်ပင်ကြီးနား ရောက်လာတော့ သူတို့ရဲ့ မြင့်မြတ်တဲ့ ငါးရှဥ့်ကို မတွေ့ကြရတော့ဘူး။ အဲဒီအခါကစလို့ မေပယ်ပင်ကြီးက ကျောင်းဆောင်တွေ၊ ယစ်ပူဇော်တဲ့ ခုံတွေလည်း ပျောက်သွားပါသတဲ့။
(ရေးသားသူ)
ရီယွမ်
YOU ARE READING
Ancient Chinese Fables
Short Storyစာရေးသူ ဘဘသက် မြန်မာပြန်ဆိုထားတဲ့ တရုတ်ရှေးဟောင်းပုံပြင်များ ဖြစ်ပါတယ်... ပုံပြင်လေးများကို နှစ်သက်သူတွေအတွက် ကောင်းနိုးရာရာ ရွေးထုတ်ပေးသွားပါမယ်... ရှေးပုံပြင်များ ရေးသားခဲ့တဲ့ စာရေးသူတစ်ဦးချင်းကို လေးစားစွာဖြင့် credit ပေးပါတယ်...