ပျောက်ဆုံးခြင်း ဒါမှ မဟုတ် ပြန်လမ်းမရှိတဲ့လမ်း ကျောချခြင်း
အကိုဟာ ညီမကို ပဟေဠိတွေ တစ်ပုံကြီးနဲ့ ချန်ထားပစ်ခဲ့တဲ့သူပဲ။ ညီမရဲ့ စိတ်အစုံကို အကိုဆိုတဲ့ နာမ်စားတစ်ခုနဲ့တင် အလဲလဲ အပြိုပြို ဖြစ်စေဆိုပြီး ရည်ရွယ်ချက်အပြည့်နဲ့ နောက်မှာ ချန်ထားပစ်ခဲ့လိုက်တာပဲ ။အကို နောက်ဆုံး တာဝန်ကျဖူးတဲ့ နယ်မြို့လေးဆီကို တစ်ကြိမ်တစ်ခေါက်လောက် ခရီးထွက်ချင်တယ်။ အကိုနေဖူးတဲ့ အိမ်ငယ်လေးမှာ အကိုရဲ့ အခန်းငယ်လေးထဲမှာ အကို့ရဲ့ စာအုပ်စင်တွေကြားက စာကြည့်စားပွဲလေးမှာ အကိုရဲ့ အိမ်သူမဲ့ မီးဖိုချောင်လေးမှာ အကိုရဲ့ အငွေ့အသက်တွေ ခိုအောင်းနေတဲ့ အိမ်လေးကို ညီမ ရောက်အောင်သွားကြည့်ချင်ပါတယ်။
အကိုပြောဖူးတယ် "နောင်တစ်ချိန်ကျ ဆင်ခြေဖုံးမြို့လေးတစ်ခုမှာ အိမ်လေးတစ်ခုဝယ်မယ် မောင်က အဲ့မြို့မှာ လုပ်အားပေးဆရာဝန်လုပ်မယ် စုလိုင်က စာရေး"
အကို့ အတွေးတွေက အမြဲလိုလို အေးချမ်းနေတယ် အမြဲလို ငြိမ်းချမ်းတဲ့မျက်နှာချိုချိုနဲ့ အကိုဟာ ညီမဘဝမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ နောင်တပဲ။ဆင်ခြေဖုံးမြို့လေးတစ်ခုမှာ လုံးချင်းအိမ်လေးတစ်လုံးရှိမယ်
ခြံဝန်းကျယ်ကျယ်လေးမှာ စိုက်ထားတဲ့ သစ်ခွပင်တွေ ရှိမယ်
အိမ်ရဲ့ ဧည့်ခန်းမှာ အကိုနဲ့ညီမရဲ့ ဘွဲ့ဓာတ်ပုံ တွဲလျက်သားရှိမယ် အိပ်ခန်းလေးတစ်ခုမှာ နှစ်ယောက်အိပ်ကုတင်လေးတစ်လုံးရှိမယ် ။ အေးချမ်းလှတဲ့ အိမ်ကို အမြဲလိုလိုငြိမ်းချမ်းပြီး ချစ်ခြင်းတရားတွေ အပြည့်နဲ့ ဦးစီးမယ့် အိမ်ထောင်ဦးစီး အကိုရှိမယ်။ အကို့အတွက် အမြဲလိုလို လိုအပ်တာတွေ ဖြည့်ပေးမယ့် ညီမရှိမယ်။ အကိုနဲ့ညီမရဲ့ အိမ်မက်တွေဟာ အမြဲ ပျော်ရွှင်စရာ အပြည့်နဲ့ ငြိမ်းချမ်းခဲ့ပါတယ်။မနက်ခင်း တိုင်းကို အကို့လက်မောင်းထက်ကနေ စတင်မယ်။ တစ်ညတာကို အကို့ကိုယ်ငွေ့နွေးနွေးနဲ့ ဖြတ်သန်းမယ်။
အကို အလုပ်သွားတဲ့အခါ အကို့ ဂျူတီကုတ်ဖွေးသန့်သန့်ကို ဆွဲရင်း "မောင် ညနေ အိမ်စောစောပြန်လာပါနော် ညနေခင်းတွေ တစ်ယောက်တည်း မနေချင်ဘူး" ဆိုရင်း အကို့ရဲ့ နှုတ်ဆက်အနမ်းတစ်ပွင့်ကို နဖူးထက်မှာ ချစေမယ်။
အကို့ကို ခြံစည်းရိုးတံခါးပေါက်အထိ လိုက်ပို့ရင်း အကို့ကျောပြင်ကို ငေးရင်း ကျန်ခဲ့မယ်။
အကို ပြန်လာတဲ့အခါ အဆင်သင့် ထမင်းပူပူ ဟင်းပူပူလေး ဖြစ်နေအောင် ဈေးခြင်းတောင်းလေး ကိုင်ရင်း အကိုကြိုက်တာလေးတွေ ရွေးဝယ်ရင်း အကို့ပြန်လာတာကို စောင့်ရင်းနဲ့ အိမ်မှာ လုပ်စရာရှိတာလေးတွေ လုပ်ထားမယ်။

YOU ARE READING
ကျွန်မ ချစ်သော စာစုများ
Krótkie Opowiadaniaမိုက်မဲလိုက်ခြင်းဆိုတဲ့ ချီးကျူးစကားတွေမှာ ပျော်မွေ့နေတဲ့ မိန်းမဟာ ကိုယ်ပေါ့ ဟာနာမီ(Unicode) မိုက်မဲလိုက်ခြင်းဆိုတဲ့ ချီးကျူးစကားတွေမှာ ပျော်မွေ့နေတဲ့ မိန်းမဟာ ကိုယ်ပေါ့ ဟာနာမီ(Zawgyi)