ငါက ငါ့ကိုငါ ပျောက်ဆုံးနေတဲ့ မိန်းမပဲ ဟာနာမီ ၊ ငါ့ကိုယ်ငါ ဘယ်ကနေ ပြန်ရှာယူရမလဲ မသိဘူး၊ တစ်ခါတစ်လေ မှန်ထဲကနေ မြင်ရတဲ့ ငါ့ပုံရိပ်က ငါမဟုတ်သလို ခံစားရတယ်၊ မင်း မရှိတော့တဲ့ နောက်ပိုင်းမှာ ငါ့ကိုယ်ငါ ကြိုးစား ပြန်ရှာယူနေရတယ် ။
ငါ့ကိုယ်ငါ့ထက် မင်းက ငါ့ကို ပိုသိတာပဲ ဟာနာမီ ၊ မင်းသာဆိုရင် ငါ့ရဲ့ တွေဝေမှုတွေကို ဖြေရှင်းပေးနိုင်မှာပဲ၊ ငါ့ရဲ့ ဦးတည်ရာကို ရွေးချယ်ပေးနိုင်မှာပဲ ၊ ငါက ငါ့ကိုယ်ငါထက် မင်းကိုပဲ တိုင်တည်မိတယ်။ တစ်ခါတစ်ရံမှာ ဘယ်ကနေ ဘယ်လို စတင်မှားယွင်းမှန်းမသိတဲ့ ငါ့ရဲ့ ပျက်စီးမှုတွေ
ငါ့ရဲ့ အမှောင်ချအခန်းထဲကနေ ပျံ့လွှင့်နေတဲ့ ဆေးလိပ်ငွေ့တွေ ၊ အခန်းထောင့်က အရက်ပုလင်း အခွံ့တွေ ၊ ငါ လျစ်လျူရှုလိုက်တဲ့ ခေါ်ဆိုမှုတွေ၊ ငါကငါ့အပေါ် စိတ်ဝင်စားမှုမရှိတဲ့ သတ္တဝါအပေါ် အာရုံစိုက်မှု အပြည့်ပေးထားပြီး အဲ့ဒီ သတ္တဝါကပဲ ငါ့ကို ငရဲဆီ ဆွဲခေါ်နေတယ်
ငါအရာအားလုံးကို နောက်မှာ ချန်ထားပစ်လိုက်ဖို့ကောင်းတယ် ဟာနာမီ တစ်နေ့နေ့မှာတော့ ငါအကုန်လုံးကို မျက်ကွယ်ပြုနိုင်ပါလိမ့်မယ်၊ တစ်နေ့နေ့မှာတော့ ငါ့ကိုယ်ငါ ပြန်ရှာတွေ့ပါလိမ့်မယ်။
လွင့်ကျသွားတဲ့ ငါ့ရဲ့ မာနတွေ ၊ တန်ဖိုးကျသွားတဲ့ ငါ့ရဲ့ ရိုးသားမှုတွေ ၊ အဓိပ္ပါယ် မဲ့သွားတဲ့ ငါ့ရဲ့ ဝန်ခံစကားတွေ ...ငါ အကုန်လုံးကို ဖယ်ထုတ်ပစ်လိုက်ပါအုံးမယ်လေ။
သံသရာတစ်ကွေ့မှာတော့ အရင်ဆုံး လက်ပြနှုတ်ဆက်မပြုံးနိုင်တောင် ဘဝမှာအရင်းနှီးဆုံး သူစိမ်းအဖြစ် ငါ လျစ်လျူရှုခဲ့ပါအုံးမယ်
ငါက ငါ့ကိုယ်ငါ ပျောက်ဆုံးနေတဲ့ မိန်းမပါပဲ ဟာနာမီ
မင်းမှလွဲ ပြန်ရှာမပေးနိုင်မယ့် သက်မဲ့ မိန်းမဟာ ကိုယ်ပါပဲ။
![](https://img.wattpad.com/cover/129257495-288-k75660.jpg)
YOU ARE READING
ကျွန်မ ချစ်သော စာစုများ
Short Storyမိုက်မဲလိုက်ခြင်းဆိုတဲ့ ချီးကျူးစကားတွေမှာ ပျော်မွေ့နေတဲ့ မိန်းမဟာ ကိုယ်ပေါ့ ဟာနာမီ(Unicode) မိုက်မဲလိုက်ခြင်းဆိုတဲ့ ချီးကျူးစကားတွေမှာ ပျော်မွေ့နေတဲ့ မိန်းမဟာ ကိုယ်ပေါ့ ဟာနာမီ(Zawgyi)