King
..............
အပိုင်း(၄)
.....................
သွင်သစ်
ရွာဦး ဘုန်းကြီးကျောင်းရှေ့မှာရပ်လိုက်တာနှင့် ကောင်လေး၂ယောက်ကကားနားလာရပ်ကာ
"ဟေ့ကောင်...လာကွာ...မင်းမိန်းမခိုးလာလို့ မင်္ဂလာပွဲစီစဉ်ခိုင်းကတည်းက ဝမ်းသာနေတာကွ...ဆင်း..."
မင်္ဂလာပွဲစီစဉ်ခိုင်းတယ်ဆိုပါလား။ သခင်လေးကတော့လုပ်လိုက်ရင် မထိတ်သာမလန့်သာနဲ့ပါလား။
အံ့သြလို့မှမဆုံးသေး...ကားပေါ်ကဆင်းလိုက်တော့ တွေ့လိုက်ရတာက ဘုန်းကြီးကျောင်းအဝမှာထောင်ထားသောဆိုင်းဘုတ်....
"မောင်ကျော်ကြား နှင့် မအသွင်သစ် တို့၏မင်္ဂလာဧည့်ခံပွဲ"
ကိုယ့်ဘာသာအသံထွက်ဖတ်မိပြီးမှ ကိုယ့်ပါးစပ်ကိုယ်ပြန်ပိတ်မိသည်။
"ဟာ....မင်းမိန်းမက မြို့သူလို့မပြောရဘူးကွာ...ချောချက်ပဲ...ရှက်နေတာထင်တယ်ကွ...လာ..လာ...ခေါ်ခဲ့...ဆရာတော်ဆီသွားရအောင်"
"အစ်မ....ကိုယ့်ရပ်ရွာလိုသဘောထားနော်..."
ကိုယ့်ရပ်ရွာပဲကို...ကိုယ့်ရပ်ရွာလိုသဘောထားဆိုတော့...ကျွန်တော်ခေါင်းပဲညိတ်ပြလိုက်ပါသည်။
သခင်လေးက ကျွန်တော့်ရဲ့လက်ဖျားလေးကို ဆွဲကိုင်လိုက်ကာ
"သစ်က မသိတဲ့လူဆို စကားသိပ်မပြောဘူးကွ...ဆောရီး"
"ရပါတယ်ကွာ...နောက်တော့ ခင်သွားမှာပေါ့"
ကျွန်တော်တို့ကအခုမှဘုန်းကြီးကျောင်းရောက်ပေမဲ့ ဧည့်သည်တွေကတော့ စားသောက်နေကြပြီဖြစ်သည်။ အချင်းချင်းပြန်ဧည့်ခံနေကြရင်းက စကားသံတွေစီညံနေသည်။ ကျွန်တော်တို့ အထဲကိုလှမ်းဝင်လိုက်တာနှင့်အားလုံးရဲ့အသံတွေတိခနဲရပ်သွားကာ ကျွန်တော်တို့ဆီလှမ်းကြည့်ကြလေသည်။
"အားလုံးပဲ အဝစားကြပါနော်။ အားမနာကြပါနဲ့"
"စားမှာတော့စိတ်ချ မောင်ကျော်ရေ...မင်းရဲ့မင်္ဂလာဆောင်ဆိုတော့ ကြီးဒေါ်ကသေချာစီစဉ်ပေးထားတာ"
