King
...................
အပိုင်း(၁)
......................
သွင်သစ်
အခန်းထဲမှာ စာအုပ်ဖတ်ရင်းနဲ့လှဲနေမိတုန်း တံခါးဖွင့်သံကြားလိုက်ရတာမို့ အခန်းဝကိုကြည့်လိုက်မိသည်။ သုန်မှုန်နေသောမျက်နှာနှင့်ဝင်လာသော သခင်လေးကိုတွေ့လိုက်ရလေသည်။ ကျွန်တော်လဲလှဲနေရာမှ အမြန်ထလိုက်ကာ မတ်တပ်ရပ်နေလိုက်သည်။
တံခါးကိုဝုန်းခနဲပိတ်လိုက်တာကိုက သူဘယ်လောက်ထိစိတ်တိုနေသလဲဆိုတာကို မေးစရာမလိုပဲသိနိုင်လေသည်။
"ခင်ဗျားရဲ့ အဆက်ဟောင်းကြီးက ကယ်တင်မယ်ဆိုတော့ သိပ်ပျော်နေမှာပေါ့လေ...ဟုတ်တယ်မလား"
ကျွန်တော် နှုတ်ဆိတ်နေမိတော့ သူက အနားကိုလျှောက်လာကာ
"တစ်ခုခုပြန်ပြောဦးလေ....ဘာလဲ...ပီတိတွေက ဖုံးမနိုင်ဖိမရဖြစ်နေတာလား"
"မဟုတ်ပါဘူး...သခင်လေး...ကျွန်တော်ဘာမှမသိပါဘူး။ ပြီးတော့ ကျွန်တော့်ကို သခင်လေးပိုင်ပါတယ်"
"ဟုတ်တယ်....အဲ့ဒီစကားပဲ ကြားချင်နေတာ...လူမှုရေးတွေဘာတွေလာမပြောနဲ့ နားမလည်ဘူး။ ခင်ဗျားကိုကျွန်တော်ပိုင်တယ်။ ကျွန်တော်မလိုချင်လို့ချောင်ထိုးလိုက်ရင်တောင် တခြားလူယူခွင့်မရှိဘူး။"
သူဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်ချလိုက်တာနှင့် စားပွဲပေါ်ကဖန်ခွက်ထဲ ရေတစ်ခွက်ငှဲ့ထည့်ကာ သူ့ကိုလှမ်းပေးလိုက်သည်။
သူက ရေသောက်ပြီးတော့ မျက်လုံးတွေမှေးမှိတ်လိုက်ရင်းက
"ကျွန်တော်ရေချိုးချင်တယ်။ အဲ့ဒါပြင်ပေးပါ"
"ဟုတ်ကဲ့..သခင်လေး..."
သူ့အလိုကျအတိုင်း ရေချိုးခန်းရှိရာဆီခြေဦးလှည့်လိုက်ရသည်။ ရေချိုးကန်ထဲရေနွေးနဲ့ရေအေးစပ်ထည့်ကာ shower gel ကိုပါတစ်ခါတည်းထည့်လိုက်သည်။ အမြှုပ်ကလေးတွေရေပြင်ပေါ်ထလာတာကြည့်ရင်းက စိတ်တို့က တွေးမိတွေးရာရောက်နေကြသည်။
ခဏနေတော့ ရေချိုးကန်တစ်ခုလုံး အမြှုပ်တွေနဲ့ပြည့်သွားတာကိုကြည့်ရင်းက သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သူနဲ့ပတ်သက်တဲ့ခံစားချက်တွေကလဲ ကျွန်တော့်ရင်တစ်ခုလုံးကိုအပြည့်အဝနေရာယူထားကြပြီထင်ပါရဲ့။