King
.............
အပိုင်း(၇)
.....................
သွင်သစ်
နှုတ်ခမ်းတွေလှုပ်ခတ်မိရုံပဲရေရွတ်လိုက်မိလို့တော်ပါသေးရဲ့။ အမြန်ပြန်လှည့်ဖို့ပြင်လိုက်ပေမဲ့
"သွင်သစ်..."
ခေါ်သံကြားလိုက်ရပြီး လက်ကိုပါဆွဲထားခံလိုက်ရသည်။ လက်ကိုရုန်းကြည့်ပေမဲ့မရ။
"မင်းဘယ်လိုပဲ ပုံပြောင်းထားထား ငါမှတ်မိပါတယ်။ ဘာလို့လဲသိလား။ မင်းက ငါတစ်သက်လုံး စိတ်ကူးနဲ့ပုံဖော်ကြည့်ရင်း ချစ်ခဲ့ရတဲ့သူမို့လို့"
ပြောလိုက်ရင်းက လက်မောင်းနှစ်ဖက်ကိုဆုပ်ကိုင်ကာသူ့ဘက်ဆွဲလှည့်လိုက်တာမို့မျက်နှာချင်းဆိုင်ဖြစ်သွားသည်။
တေဇာ့မျက်နှာက ကြေကွဲနေသလိုလို၊ နာကြည်းနေသလိုလို သုန်သုန်မှုန်မှုန်ဖြစ်နေသည်။
"တေဇာ...မင်းကဘယ်လိုလုပ်..."
"မင်းက ကျော်ကြားဆိုတဲ့ကောင်ရဲ့အနားကနေ ဘယ်ကိုမှသွားမှာမဟုတ်တာကိုငါသိနေတယ်လေ။ ဒါကြောင့် စောင့်နေဖို့ဆုံးဖြတ်လိုက်တာ။ ညနေဘက်မင်းတို့ဒီဘက်ထွက်လာတာတွေ့မှ မသိအောင်လိုက်လာခဲ့တာ။ ငါနဲ့လိုက်နေပါလား သွင်သစ်...မင်းဘာအလုပ်မှလုပ်စရာမလိုဘူး။ ဒီအတိုင်း တယုတယလေးပဲထားမှာပါ။"
"မဖြစ်နိုင်ဘူးတေဇာ...ငါလဲမင်းကိုခင်ပါတယ်...ဒါပေမဲ့..."
ပြတ်ပြတ်သားသားပြောရမှာမှန်းသိပေမယ့် ငယ်သူငယ်ချင်းကိုမို့လို့လဲစိတ်ထင်တိုင်းပြောမထွက်။
"ငါ့ကိုမချစ်နိုင်သေးလဲရတယ်။ ငါ့ကိုချစ်ဖို့ပြောနေတာမဟုတ်ဘူး။ ဒီအတိုင်း....မင်းကိုဟိုကောင်က သူပိုင်တဲ့ပစ္စည်းတစ်ခုလို ကောက်ချင်ကောက် ပစ်ချင်ပစ်လုပ်နေတာတွေကို ကြည့်မနေနိုင်တော့ဘူး။ ဟိုကောင်အနိုင်ကျင့်သမျှ မင်းခံခဲ့တာလဲနှစ်ပေါင်းမနည်းတော့ပါဘူး။ အခုချိန်ရုန်းထွက်သင့်ပြီလေ"
ရုန်းထွက်ရမယ်တဲ့...မဖြစ်နိုင်ဘူးထင်ပါတယ်။ သခင်လေးဘယ်လိုပဲ အနိုင်ယူယူ ကျွန်တော်က ကျေကျေနပ်နပ်ကြီး အရှုံးပေးနေချင်တာပဲလေ။ ဒါကိုတေဇာသိအောင်ပြောပြရမည်။