Chapter 11 (Unicode)

16.2K 1.4K 69
                                    

မင်းမြတ်မွန်တို့တွေ မေတ္တာရိပ် မိဘမဲ့ဂေဟာကို ရောက်ရှိလာကြပြီ။ ဂေဟာခြံဝင်းအရှေ့မှာ ကားရပ်လိုက်တာနဲ့ အန်တီမြတ်ရော မင်းမြတ်မွန်ပါ ဂေဟာကို အဝေးက လှမ်းကြည့်လိုက်ကြသည်။ ဂေဟာ၏ တိုက်နံရံအုတ်ချပ်တို့သည် မှိုင်းညစ်ပြီး ဆေးရောင် ပြယ်လွင့်နေသည်။

"ဗင်ဒါ ကိုကို့ညီလေး၊ ဘယ်မှာလဲ၊ ကိုကို မင်းကို ပြန်လာခေါ်ပြီ"

မင်းဆက် အားရဝမ်းသာစွာ အသံကျယ်ကျယ်အော်ကာ ဗင်ဒါ့ကို လိုက်ရှာသည်။ ဗင်ဒါလေးကို မတွေ့ရ။ဗင်ဒါက အဆော့သိပ်မမက်တဲ့ကလေးမို့ ထင်းရှူးပင် အောက်မှာ ဒန်းစီးနေသလား။ ထင်းရှူးပင်အောက်ကို အပြေးသွားကြည့်သည်။ မတွေ့ရပါ။ အဲ့ဒါဆို ဗင်ဒါလေးက ဘယ်မှာရှိနိုင်လဲ။

"ဗင်ဒါရေ ဗင်ဒါ .. ကိုကို ပြန်လာခေါ်ပြီ"

ဝတ်ပြုခန်းမထဲကို မင်းဆက် ပြေးဝင်ရှာလိုက်သည်။ ခန်းမထဲမှာ မရှိဘူးဆိုတော့ ဗင်ဒါလေး ဘယ်ရောက်နေလဲ။ အိပ်ခန်းဆောင်မှာ အိပ်နေတာလား။ အိပ်ခန်းဆောင်ထဲ ပြေးဝင်ရှာကြည့်သည်။ နှစ်ယောက်အတူ တက်အိပ်ခဲ့ကြသော ဗင်ဒါ့ခုတင်ပေါ်မှာ စောင်နှင့်ခေါင်းအုံး မရှိဘဲ ဖျာတစ်ချပ်ကိုသာ ခင်းထားသည်။ မင်းဆက်လည်း စိတ်ထဲ တစ်မျိုးဖြစ်သွားသည်။ ခုတင်ဘေးက စာကြည့်စားပွဲပေါ်မှာ ကျောင်းစာအုပ်တစ်အုပ်မှ မရှိ။ ခုတင်ခြေရင်းက အဝတ်သေတ္တာကို ဆွဲဖွင့်ကြည့်တော့လည်း ဗင်ဒါလေး၏ အဝတ်အစား တစ်ထည်မှ မရှိတော့ပါ။

"ကိုကို့ကို မနောက်နဲ့နော်၊ ဘယ်မှာ ပုန်းနေတာလဲ၊ ကိုကို ပြန်လာခေါ်ပြီလေ ဗင်ဒါ"

"ကိုကိုဂျင်ဂျာ"

နာမည်ခေါ်သံတစ်ခု။ မင်းဆက် ဝမ်းသာအားရနဲ့ ခေါင်းကို လည်ပြန်ကြည့်လိုက်တဲ့အခါ ကိုယ်ရှာနေတဲ့ ဗင်ဒါလေး မဟုတ်ပါ။ ဗင်ဒါလေးက ဘယ်မှာလဲ။ အိပ်ခန်းဆောင်အပေါက်ဝမှာ မင်းဆက်ကို ရပ်ကြည့်နေတဲ့ ကောင်လေးက ဖိုးတုတ်။ ဗင်ဒါ့ကို အနိုင်ကျင့်တတ်သော ကောင်လေးမို့ မင်းဆက် မျက်မှောင်ကျုံ့ပစ်ပြီး ဖိုးတုတ်ဆီကို ခပ်သွက်သွက် လျှောက်သွားလိုက်သည်။

"ဖိုးတုတ်"

"ကိုကိုဂျင်ဂျာ ဘယ်သူ့ကို ရှာနေတာလဲ"

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ