Chapter 10 ( Unicode)

17.3K 1.3K 41
                                    

ဗင်ဒါသည် မြဝတီမြို့သို့ မွေးစားမေမေ အန်တီပွင့်ရွက်လွှာနှင့်အတူ ခရီးထွက်လာသည်။ ဘွားဘွားကတော့ ဗင်ဒါတို့အနောက်ကို မလိုက်လာဘဲ ဘားအံအိမ်မှာပဲ နေရစ်ခဲ့သည်။ ဗင်ဒါက ခရီးဝေးမသွားဖူးလို့ ဒီခရီးက ဗင်ဒါ့အတွက် အတော်ဝေးသောခရီးလို့ ပြောလို့ရသည်။ မြဝတီရောက်တော့ အန်တီက ပြောပြသည်။ သောင်ရင်းမြစ်ကို ဖြတ်ပြီး ဆောက်ထားသော ချစ်ကြည်ရေး တံဝာားတစ်စင်းကို ကားနဲ့ ဖြတ်ကူးလိုက်ရင် ဟိုဘက်ကမ်းမှာ ထိုင်းနိုင်ငံရှိသည်တဲ့။

"သားလေး"

သိမ်မွေ့နူးညံ့သောအသံနှင့်အတူ လက်ဖဝါးတစ်ဖက်က ဗင်ဒါ့ပါးပြင်ကို လာထိသည်။ တစ်ဆက်တည်းမှာ ဗင်ဒါ့ကို ပေါင်ပေါ်ကို ပွေ့ချီတင်လိုက်သည်။ ဗင်ဒါ့ကို သားပိုက်ကောင်လေးလို အန်တီက ပွေ့ဖက်ထားပေးသည်။ ဗင်ဒါက အန်တီ့ရင်ခွင်ထဲမှာ အန်တီ့ကို ခေါင်းမော့ကြည့်နေမိသည်။

"သားလေး ဗင်ဒါ"

"ဟုတ်ကဲ့"

"အန်တီတို့အိမ် ရောက်တော့မယ်၊ အန်တီ့ကို မေမေလို့ ခေါ်ရမယ်နော်၊ အိမ်ရောက်ရင် သားလေးတွေ့ရမယ့် ဦးဦးကို ဖေဖေလို့ ခေါ်ရမယ်၊ အန်တီနဲ့ဦးဦးက သားလေးရဲ့ဖေဖေနဲ့ မေမေပဲ"

"ဟုတ်ကဲ့"

"အဲ့ဒါဆို အန်တီ့ကို မေမေလို့ ခေါ်ကြည့်ပါဦး"

"မေမေ"

"နားထောင်လို့ ကောင်းလိုက်တာ၊ နားဝင်ချိုလိုက်တဲ့ အသံလေး၊ ထပ်ခေါ်ပါဦးလား မေမေလို့"

"မေမေ"

"ချစ်လိုက်တာ မေမေ့သားလေးရယ်"

ဗင်ဒါ ပြုံးနေမိသည်။ ဗင်ဒါက အန်တီတစ်ယောက်ကို မေမေလို့ ခေါ်ချင်နေခဲ့မိတာပါ။ အခုတော့ မေမေလို့ ခေါ်နိုင်ပြီ။ မေမေကလည်း ဗင်ဒါ့ကို ရင်ခွင်ထဲ ထည့်ဖက်ပြီး ဗင်ဒါ့ပါးပြင်လေးကို တရွှတ်ရွှတ်နဲ့ အာဘွားပေးလာသည်။ ဗင်ဒါ့မှာ သူများတွေလို မေမေရှိသွားပြီမို့ ကျေနပ်နေမိသည်။

*တီး တီး *

ဗင်ဒါတို့ ကားလေးက ခြံတစ်ခြံရှေ့မှာ ရပ်သွားသည်။ ခြံကို ငေးကြည့်လိုက်တော့ တိုက်အိမ်လှလှလေးကို တွေ့ရသည်။ ဗင်ဒါ့မျက်နှာလေး ပြုံးသွားသည်။ တီဗွီထဲကလို တိုက်အိမ်လှလှလေးပေါ်မှာ ဖေဖေ၊ မေမေတို့နဲ့ နေရတော့မှာပေါ့။ ဗင်ဒါ့မှာ မိသားစုရှိသွားပြီ။

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Donde viven las historias. Descúbrelo ahora