မင်းမြတ်မွန်တို့တွေ မြတ်တော်ဝင်ကို ပြန်ရောက်လာကြသည်။ အိမ်ပြန်ရောက်တာနဲ့ ဆက်လေးက အပေါ်ထပ်က သူ့အခန်းကို တစ်ခါတည်း တက်သွားသည်။ မင်းမြတ်မွန်က အန်တီမြတ်နှင့်အတူ အိမ်ရှေ့ဧည့်ခန်းမှာ ဝင်ထိုင်လိုက်သည်။
"အန်တီမြတ်"
"အင်း.. မင်းမြတ်မွန် ပြော"
"ဆက်လေးကိုလေ ကျောင်းပိတ်တုန်း အလုပ်တွဲသင်ပေးမှ ထင်တယ်"
"အဲ့ဒါဆို နောက်နေ့တွေ ကုမ္ပဏီသွားရင် မြေးကိုပါ ခေါ်သွားလိုက်လေ"
"ဟုတ်၊ အဲ့ဒါဆို ဆက်လေးကို ခေါ်သွားတာပေါ့"
"အန်တီမြတ် မင်းကို တစ်ခုတော့ပြောဦးမယ်၊ မြေးလေး ကျောင်းပြီးလို့ ကုမ္ပဏီမှာ MD ရာထူးရရင် မင်းက သူ့ကိုပစ်မထားနဲ့၊ မင်းက သူ့အတွက် အဖေလို၊ ဦးလေးလိုဆိုလည်း ဟုတ်တယ်၊ မြေးလေးကို ထိန်းကျောင်းတည့်မတ်ပေး၊ မြေးက ဆိုးချင်ပေမယ့် ပြောပြရင် နားလည်တယ်"
"အန်တီမြတ် စိတ်ချပါ၊ ကျွန်တော် ဆက်လေးဘေးမှာ အမြဲရှိနေပါ့မယ်"
"မင်းရော အိမ်ထောင်မပြုသေးဘူးလား မင်းမြတ်မွန်၊ ငယ်တော့တာလည်း မဟုတ်ဘူး၊ ၃၅ နှစ်ဆိုတာ အိမ်ထောင်ပြုသင့်တဲ့ အသက်အရွယ်ပဲ"
"အန်တီမြတ်ကလည်း အလုပ်များရတဲ့ကြားထဲ ကျွန်တော် အဲ့ဒီဘက်ကို မလှည့်နိုင်သေးဘူး"
"နောင်ရေးဆိုတာ ရှိသေးတယ်မဟုတ်လား၊ ရှေ့ကားထွက်မှ နောက်ကားက လိုက်ထွက်မှာ၊ ဆက်လေးကိုလည်း သင့်လျော်တဲ့မိန်းကလေးနဲ့ အိမ်ထောင်ချ ပေးရမယ်၊ အဲ့ဒါမှ ငါတို့မြတ်တော်ဝင်က မျိုးဆက်မပြတ်မှာ"
"အန်တီမြတ်က ဆက်လေးအတွက် တွေ့ထားလို့လား"
"ရွှေစံအိမ်ဆောက်လုပ်ရေးက သူဌေးဦးဘောဂရဲ့သမီးကို အန်တီမြတ် သဘောကျနေတာ၊ ဆက်လေးနဲ့လည်း ကျောင်းအတူတူပဲ၊ ဦးဘောဂနဲ့ စကားပြောရင်း ဆက်လေးအတွက် အိမ်ထောင်ဖက် ကမ်းလှမ်းပေးရမယ်"
"အဲ့ဒီလိုဆို ဆက်လေးက ကြိုက်ပါ့မလား၊ ရည်းစားတွေ ဘာတွေ ရှိနေရင်ရော"
"ကလေးမလေးက ချောချောလေးဆိုတော့ မင်းတူလေးက အကြိုက်တွေ့မှာ၊ ဆက်လေး အသက် ၂၀ လောက်မှာ စေ့စပ်ထားပေးလိုက်ရင် ကျောင်းပြီးတာနဲ့ လက်ထပ်ကြ၊ အဲ့ဒါမှ အန်တီမြတ်လည်း ဆက်လေးအတွက် စိတ်ချသွားနိုင်မှာ"
أنت تقرأ
ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]
عاطفية[Unicode] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ [Zawgyi] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ