Zawgyi
မှောင်ပိန်းနေသည့်ညဥ့်နက် လမ်းမပေါ် အရှိန်ပြင်းပြင်းပြေးနှင်နေသည့် Yamaha ဆိုင်ကယ်တစ်စီး၏ နောက်ပါးတွင် ရှောင်းကျန့်ရောက်နေသည်။ ကိုယ်ပိုင်ကားမောင်းရမည်ကို အပျင်းကြီးသော ဒေါက်တာရှောင်း၊ ဆေးရုံနှင့်အိမ်ကို Bus စီးလျှင်စီး မစီးလျှင် grab နှင့်သာ ပြန်တက်သော ဆရာရှောင်း၊ ယခုတော့ ရဲသားတစ်ဦး၏ ဆိုင်ကယ်အနောက်ခုံတွင် လေလေးတဟူးဟူးနှင့်ပင် ခပ်ငြိမ့်ငြိမ့်လိုက်ခဲ့ရပါတော့သည်။ အဆိုးကောင်ကို အိမ်မသိစေချင်၍ လမ်းထိပ်တွင်ပင်ချပေးခိုင်းမိသည်။ သို့သော် ခပ်ဝေးဝေးကပင် အနောက်မှတတောက်တောက်လိုက်လာသေး၏။ အိမ်ပေါ်သို့ရောက်ပြီး အခန်းမီးပိတ်မှသာ ရိပေါ်ပြန်သွားသည်။
သူနှင့်ကိုယ်သည် ရင်းနှီးသောမိတ်ဆွေများမဟုတ်ပါ။ ဆရာဝန်နှင့်လူနာဟူသော ခေါင်းစဉ်အောက်တွင် ရပ်တည်နေခြင်းဖြစ်၏။ သို့သော်အတင့်ရဲကာ ဖက်လဲတကင်းပြုမူဆက်ဆံမှုကို ရှောင်းကျန့်မငြင်းမိပေ။ ကြိုက်လွန်း၍လက်ခံနေခြင်းမျိုးမဟုတ်ဘဲ စကားအပိုမပြောချင်၍သာ ငြိမ်ခံပေးနေခြင်းဖြစ်သည်။ ဘာမှအပန်းကြီးသည် မဟုတ်ပါလေ။ အချိန်တန်လျှင် သူသည်လည်း သူ့အလုပ်နှင့်သူ ဖြစ်သွားသည့်အချိန်တွင် နှင်စရာမလိုပါဘဲ အလိုလိုဝေးကွာသွားမည်ကို ယုံကြည်ထား၏။
ဟိုတွေးသည်တွေးဖြင့် အိပ်ပျော်သည့်အချိန်မှာ မနက်လေးနာရီထိုးနေပြီ။ ရှစ်နာရီအမှီ ဂျူတီပြန်ဝင်နိုင်ရန် မအိပ်ချင်လည်း အိပ်လိုက်ရတော့၏။
•••••••
"ဒီလောက်ဝေးတဲ့ ဆေးရုံကြီးကို ဘာကိစ္စသွားသွားနေတာလဲ ငါသိပ်သိချင်တယ်ရိပေါ်"
"သိချင်ရင်လိုက်ကြည့်လေ ဟန်ကောကလည်း။ ဆရာမလေးတွေအရမ်းချောတာ"
Helmet ကို အဝတ်ပိုင်းတစ်ခုဖြင့် သုတ်နေသည့် ရိပေါ်အား ဝမ်ဟန်အံ့သြတကြီးကြည့်နေသည်။ လေ့ကျင့်ရေးသင်တန်းသားတုန်းက ရိပေါ်သည် အိပ်ရေးအမက်ဆုံး။ နားလို့ရသည့်နေ့တွင်အိပ်သာအိပ်နေတတ်ပြီး စောစောထရမည့်ရက်တွင်တောင် ရံဖန်ရံခါ မနည်းနှိုးရသည်။ သို့သော် ယခုကမူ နေ့တိုင်းစောစောထကာ ပေကျင်းဆေးရုံကိုသွားချေပြီ။ ညဘက်တွင်လည်း မိုးမလင်းခင် အချိန်ကပ်မှပြန်လာသည်။ မေးလျှင်လည်းမဖြေ ပြုံးစိစိဖြင့်သာ ဘာတွေကိုပြန်ပြန်တွေးကာ ပြုံးမှန်းမသိပေမယ့် တစ်ယောက်တည်းပြုံးနေသည့်အချိန်ကများတော့ ဝမ်ဟန် စိတ်ဝင်စားနေပြီ။
KAMU SEDANG MEMBACA
Desendents Of The Sun (Yizhan) Completed!
Fiksi Penggemarbase on DOTS both Z&U available!!! this story is my second babe 🙆