နှိုးစက်သံ တတီတီက ဘယ်နားကနေလာနေမှန်းမသိ။ ညကအိပ်ခါနီး ဖုန်းအားသွင်းတန်းလန်း ခေါင်းရင်းနား လက်တစ်လှမ်းအကွာတွင် ထားခဲ့မိသည်။ ဆူညံနေသော အသံကြောင့် ပြန်အိပ်မရတော့ပေမဲ့ မျက်လုံးကတော့ မပွင့်သေးပေ။ ထို့အတွက် နှိုးစက်ကိုပိတ်ဖို့ရန် ဖုန်းကိုလိုက်စမ်းရတော့၏။
ခြင်ထောင်ကိုအသာလက်နဲ့စမ်းကာမရင်း လက်က ခေါင်းရင်းကို ဟိုးတိုးသည်တိုက်။ ညကထားခဲ့သော လက်တစ်ကမ်းအကွာတွင် ဘာဆိုဘာမှရှိမနေ။ လူကလည်း ခေါင်းရင်းကိုတိုးရသည်မှာ ခေါင်းအုံးကဗိုက်အောက်ရောက်နေခဲ့ပြီ။
မျက်လုံးကိုလည်းမဖွင့်ချင်၍ တိုးကာရွေ့ကာလိုက်စမ်းသောအခါ လူတစ်ကိုယ်လုံးက အိပ်ယာကနေလွတ်၍ အပြင်ရောက်နေခဲ့ပြီ။ ဖုန်းကဇွဲကောင်းကောင်းနှင့်အော်နေဆဲ။ လိုက်စမ်း၍မရသည့်အဆုံး မျက်လုံးကိုဖွင့်ကြည့်လိုက်တော့သည်။
အသံလာရာနားစွင့်တော့ ဖုန်းသည် ဘုရားကျောင်းဆောင်တင်ထားရာ စားပွဲ၏ဘေးက ခုံပုလေးပေါ် ရောက်နေလေသည်။ ဟောပုံစံတိုက်ခန်းဖြစ်လေရာ ဘုရားကျောင်းဆောင်ကို အခန်း၏အဝင်ဝတွင် ထားခြင်းဖြစ်၏။ အိမ်ရှေ့တံခါးမကြီးက ပွင့်နေကာ ထို့အရှေ့က ဝရံတာတွင် မေမေသည် မက္တပ်ရပ်ရင်း အောက်ထပ်က အသွားအလာများကိုငုံ့ကြည့်နေလေသည်။
မြင်နေရသည့်ပတ်ဝန်းကျင်အလင်းရောင်အရ ၇နာရီလောက်ရှိလောက္မည်။
" မေမေဗျာ "
သူငြီးတွားသလိုပြောတော့ မေမေကတစ်ချက်လှည့်ကြည့်လာ၏။ နောက်တစ်ခွန်းမှမပြောပဲ အရှေ့ပြန်လှည့်သွားပြန်၏။
သူသိတာပေါ့။ မေမေတမင်တကာ ဖုန်းကိုရွှေ့ထားမှန်း။ မထူးတော့ပါလေ။ မြည်နေဆဲဖုန်း၏နှိုးစက်ကိုပိတ်ကာ အိပ်ယာအကုန်သိမ်းရသည်။ သိမ်းပြီးသားအိပ်ယာလိပ်ကို dream bed ပေါ်တင်ရင်း ဖျာကိုခေါက်ကာ dream bed အောက်ထိုးထည့်လိုက်၏။
ရေတစ်ခွက်အဝသောက်ပြီး ညကဆေးထားခဲ့သော ထမင်းပေါင်းအိုးကိုယူကာ ထမင်းတစ်ဘူးခွဲထည့် ဆန်ဆေးရပြန်၏။ ထမင်းပေါင်းအိုးကို ပလပ်ချိတ်ခဲ့ပြီးမှ ရေချိုးခန်းထဲ ဝင်ခဲ့တော့သည်။