ထမင်းကိုပဲ အရင်စားရမလား၊ မေမေပြောသလိုအထုပ်ပဲကောက်သိမ်းရမလား မင်းသိမ်းဗျာများသွားမိသည်။ မေမေကတော့ စရောက်ကတည်းက ပြန်ရင်ယူသွားဖို့ဆိုပြီး ထပ်ခိုးပေါ်မှ ချထားသော မွေ့ယာနှင့်စောင်ထုပ်ကို ထပ်ခိုးပေါ်ပြန်တင်နေခဲ့လေသည်။ ကြည့်ရတာ ဘာမှယူသွားဖို့စိတ်ကူးရှိပုံမရပါချေ။
ထမင်းစားပြီး၍ အိမ်ရြေှ့ပန်ထွက်လာသော မင်းသိမ်းတစ်ယောက်လည်း PCနှင့်ပါလာသော တိုလီထွာလီများကို ကျောပိုးအိတ်ထဲထည့်ရပြန်သည်။ နောက် ဝတ်ထားသော အညစ်များကိုလျှော်ဖွတ်ရင်း လှမ်းခဲ့ရပြန်၏။
" ဒီနေ့ကားရှိလို့လား "
" မရှိဘူး "
မေမေသည် ပစ္စည်းသိမ်းရတာမောပန်းဟန်ဖြင့် မီးဖိုချောင်ထဲ ပြန်၍ဝင်သွားချေသည်။ ထို့နောက် စားပွဲပေါ်တင်ထားသော ဖော့ဘူးများကိုမြင်တော့...
" ဒါကဘာလဲ "
" ဩော် အဲ့ဒါ ဟိန်းထက်လေ ဆယ်တန်းအောင်လို့ဆိုပြီး လာပို့သွားတာ "
ဟိန်းထက်ဆိုသည်မှာ မင်းသိမ်းတို့ အစ်မဝမ်းကွဲ၏သားဖြစ်သည်။ ဆယ်တန်းကို သူတို့အိမ်မှာပဲ ညအိပ်ကာစာကျက်ရင်းနေသွားသော တူကလေးဖြစ်၏။ ယခုတော့ တူကလေးတောင် ဆယ်တန်းအောင်သွားလေပြီ။
" ခေါက်ဆွဲကြော်တွေလား "
" ဟုတ်မယ် "
" မဟုတ်သေးဘူး.. ရှမ်းခေါက်ဆွဲတွေပဲ ဒါကိုထားလိုက် လမ်းကျစားရအောင်ယူသွားရမယ် "
အဝတ်တွေလျှော်ကာလှမ်းပြီးနောက္မှာတော့ မင်းသိမ်းလည်း လုပ်စရာမရှိတော့ပေ။ ထမင်းတစ်အိုးတော့ တည်ထားလိုက်ရပေမည်။ ထမင်းဘူးယူသွားရင် အပိုမကုန်တော့ဘူးမလား။
ထမင်းပေါင်းအိုးချိတ်ပြီးနောက္မှာတော့ မနက်စောစောက မေမေလှော်ထားသော ပုဇွန်များကို ထမင်းဘူး၏ အံတစ်ခုထဲ ထည့်လိုက်လေတော့သည်။
" ဖွားဖွား "
" ဟင် "
TV မှဖွင့်ထားသောတရားကိုနားထောင်ရင်း ကြည့်နေသော်လည်း အာရုံမရပဲ ငြိမ်နေသော ဖွားဖွားသည် သူတို့ပြန်တော့မည်ကို စိတ်မကောင်းဖြစ်နေပုံရ၏။ ညှိုးငယ်နေသော မျက်နှာသည် မင်းသိမ်းတို့ပြန်လာကာစကလို ဝင်းလက်တောက်ပမှုမျိုး ရှိမနေတော့ပါ။