ညကြီးသန်းခေါင် ဖုန်းကိုဖွင့်ကာ လောင်မြိုက်နေရသူကတော့ ထင်ရှားပိုင်။ ထူးရှားတစ်ယောက်ကတော့ ဘုရားရှိခိုးပေါင်း မြောက်များစွာကို ရွတ်ဆိုပြီးသကာလ အိပ်မောကျသွားချေပြီ။
ဖုန်းထဲမှာ မြင်နေရသော အိပ်ယာကလေးက အတော်လေး သေးလှသည်။ မှိုနံ့ရသည်ဟုဆိုသော စာတန်းလေးကြောင့် ချက်ချင်းကို အိပ်ယာလဲပေးလိုက်ချင်စိတ်က တဖွားဖွား။ တမင်လုပ်ယူထားတာမဟုတ်ပဲ အစ်ကိုရောက်ရှိနေသည့်အဆောင်တွင် သူတာဝန်ကျသည်ကတော့ ရေစက်လို့ သူမှတ်ယူလိုက်လို့ရမလား။
မနက်ဖြန်ကျရင် အစ်ကိုတစ်ခုခုများလိုအပ်နေရင် ပေး၍ရအောင် သူလိုက်ရှာနေမိသည်။ အစ်ကိုက အရင်ကလို friend only နှင့် မတင်တော့ပဲ My day ကို public ဖွင့်လိုက်သည်က သူတို့အတွက် အကောင်းထဲကအဆိုးတစ်ခု။ သာမန်အချိန်မမြင်ရသည်ထက် ယခုတော့ မြင်ရပြီလေ။ ဘာဘာညာညာသွားမေးလို့မရသည်ကတော့ တစ်ကြောင်းပေါ့။
မြင်နေရသည့် photoshop နှင့်ပြင်ထားသည့်ပုံလေးကို လက်မလေးနဲ့အသာအယာပွတ်နေမိသည်။ အစ်ကိုက ဒီလိုဆံပင်ကေနဲ့လည်း လိုက်ဖက်နေတုန်းပါပဲ။
ထင်ရှားပိုင်၏ အတွေးများက လွန်လေခဲ့ပြီးသော ၂၀၁၈ခုနှစ်ဆီ အလည်ရောက်သွားလေတော့သည်။
.........................................
ရန်ကုန်နည်းပညာတက္ကသိုလ်၏ သိပ္ပံနှင့်နည်းပညာပြပွဲ။ ထင်ရှားပိုင်နှင့် ဘာမျှမပတ်သက်ပါပဲ ဤပွဲသို့ ဘာကြောင့် ရောက်နေရပါသလဲလေ။
" အေး ဇော်သန့် ... ငါ ရောက်နေပြီ "
မည်သူမဆို ဝင်ရောက်ကြည့်ရှုနိုင်သည့်ပြပွဲမို့ ယနေ့ကတော့ အတော်လေး လူစည်ကားနေ၏။ ထူးရှားကတော့ ကျောင်းလစ်လို့မရသူမို့ သူတစ်ယောက်တည်း ထမင်းစားချိန်လေးကို သူငယ်ချင်းကခေါ်ထား၍ ရောက်လာခြင်း။ ထူးရှားကိုခေါ်မရသည်က ထူးရှား၏ကျောင်းက ပိုဝေး၍လည်းပါ၏။
Civil Major မှ သူငယ်ချင်းက သူ့ကိုလာခေါ်ဖို့ကို အတော်လေးစောင့်နေရတော့ သူလည်း စိတ်မရှည်တော့၍ အတွင်းဘက်ဆီ တောက်လျှောက်ဝင်လာခဲ့တော့သည်။