မနက်လေးနာရီဟူသည် မင်းသိမ်းအတွက်တော့ အတော်လေး စောနေ၏။ သို့သော်လည်း ညကတည်းက ပြောထားသော မေမေ့၏စကားကြောင့် စနေနေ့ကြီးကိုလည်း အစောကြီးထနေရပေသည်။
မူးဝေနေသောခေါင်းသည် မျက္မှန်မပါသောသူ့အမြင်အာရုံကို ပို၍ဆိုးရွားစေ၏။ အဝတ်အစားတွေက ညကတည်းကထုပ်ပိုးထားသည်မို့ သူ့မှာလုပ်စရာဆို၍ ရေနွေးတည်ကာ ကော်ဖီဖျော်ရမည်။ ထမင်းတစ်အိုးတည်ရမည်။ ကျန်နေသောကြက်ဥများကို ပြုတ်ရမည်။
အိပ်ယာသိမ်းခေါက်ထားပြီးနောက္မှာ ထမင်းတစ်အိုးပလပ်ချိတ်ထားခဲ့ပြီး ထုံးစံအတိုင်းရေချိုးခန်းဝင်ခဲ့တော့သည်။ မေမေကတော့ ဘုရားရှိခိုးနှင့်နေပြီ။
မင်းသိမ်းရေချိုးခန်းထဲကထွက်လာတော့ မေမေက ကော်ဖီတောင်ဖျော်နေပြီ။ ဘုရားဝတ်ပြုတာ စောပြီးသွားတာမို့ ကော်ဖီဖျော်နေပုံရ၏။
" ခေါင်းမူးတယ် "
" မူးမှာပေါ့ ... ညက ဒီလောက်စောစောအိပ်ပါပြောထားရက်သားနဲ့ သန်းခေါင်ထိ ဖုန်းသုံးနေတာကိုး "
" သန်းခေါင်ထိ မလုပ်ပါဘူးဗျာ ... ညက ၁၁နာရီထိုးတာနဲ့အိပ်တာပါ "
" ၁၁နာရီက သန်းခေါင်မဟုတ်သေးဘူးလား ... ဩော် အေး မူးတာတောင်နည်းသေးတယ် "
မေမေက သူ့ဘက်ကို ကော်ဖီခွက်ထိုးပေးလာသည်။ ထမင်းအိုးလည်း မီးတက်သွားချေပြီ။ ကြက်ဥပြုတ်ကလေးကိုစောင့်ရင်း ထမင်းကို ဆွမ်းခွက်တွင် တစ်ခွက်၊ ကျန်သည်ကို ဘူးထဲထည့်ကာ ထမင်းအိုးလေးအား ရေစိမ်ထားလိုက်တော့သည်။
ကြက်ဥပြုတ်လေးရလာချိန်တွင် ထမင်းဖြူနှင့်ကြက်ဥပြုတ်ကို ထည့်ကာ မေမေကသူ့အား ဆွမ်းကပ်စေသည်။ ဤအခန်းအား စ၍ငှားစဉ် ကတည်းက မေမေသည် ကိုးကွယ်သောဆရာတော်များထံ ဖုန်းဆက်ကာ ဘုရားဆင်းတုတစ်ဆူ ပင့်ဖိတ်ပူဇော်လိုကြောင်း လျှောက်ထားခဲ့၏။
ဆရာတော်များ၏ လမ်းညွှန်ချက်နှင့်အညီ ထိုဘုရားဆင်းတုအား အိမ်သို့ ပင့်ဖိတ်လာပြီးသည့်နေ့မှစ၍ သူ့အား ဘုရားကျောင်းဆောင်ရှေ့ထိုင်ကာ မနက်တစ်ကြိမ် ညတစ်ကြိမ် ဘုရားဝတ်မပြုသ၍ ဆူစရာတစ်ကွက် အမေ့တွင်ရသွားလေတော့သည်။