တစ်နေ့တစ်နေ့ရောက်လာလိုက်သော မုန့်တွေအပြင် ထပ်ပိုးပါလာသည့် စာအုပ်ပေါင်းစုံ။ သူ share သမျှ post တွေကို လိုက်လံ စာရင်းပြုစုထားလေသလော။
" ထပ်ပို့ရင် စကားမပြောတော့ဘူး "
ဟု ခြိမ်းခြောက်လေမှ ရပ်သွားသည့် ထိုလူငယ်နှစ်ယောက်ကို စိတ်ကုန်ချင်လာသည်။ တစ်ဖက်ကကြည့်ပြန်တော့လည်း ဘာစိတ်ကူးနှင့် ထိုသို့လုပ်လေသလဲ သိလာရပြန်၏။ ခက်တော့နေပါပြီ။
" သားငယ် "
" ဗျာ "
" မေမေအိမ်ပြန်တော့မယ် "
အိမ်ပြန်ဖို့လည်းသင့်နေပါပြီ။ သူ့နောက်လိုက်ကာ သူ့အနားနေပေးဖို့က မေမေက အသက်ကြီးပြီ။ အိမ်မှာဆို အဘွားကလည်းကျန်ခဲ့တာမို့ မေမေလည်း စိတ်ပူနေပါလိမ့်မည်။ သူ့အလုပ်ကိစ္စနှင့် သူ့နောက်က ကရောကပါးလိုက်ခဲ့ရသော မေမေ့ကို သူ့တစ်ဘို့တည်းကြည့်ပြီး အမြဲတစေ ခေါ်ထားဖို့လည်း သူလိုချင်လောဘမကြီးသင့်ပါလေ။
" ဘာနဲ့ပြန်မှာလဲ "
" အဝေးပြေးကားထွက်တဲ့နေ့ "
" အဆင်ရောပြေရဲ့လား "
" ပြေပါတယ် .. သားလည်း အခုဆို အိမ်မှာပဲလုပ်နေရတဲ့ဟာကို .. မေမေမရိှလည်း နေလို့ရတယ်မလား "
" အင်း "
လျော့ရဲရဲ အသံမဟုတ်ဖို့ သူတစ်ယောက် အထူးဂရုစိုက်လိုက်ရ၏။ သားထွေးကလေးမို့ မေမေက ခုထိသူ့ကိုဆို ကလေးပေါက်စနလိုထင်တုန်းပဲမလား။
" ညည ဘီယာတွေ မသောက်နဲ့ .. မေမေ ဗီဒီယိုကောလ် ခေါ်မှာ "
" မလုပ်ပါဘူး "
" ပြီးရော "
..............................
မေမေပြန်သွားပြီးတဲ့ရက်တွေက အတော်လေး အခြေအနေဆိုးပါသည်။ စျေးကိုလည်း ဘာသာသွားရသည်။ Work from home တွေက တစ်နေကုန် ကွန်ပျူတာရှေ့ ငုတ်တုတ်ထိုင်နေရတာမျိုး။
မီတင်ထိုင်ရင်း လုပ်လိုက်ရသောအလုပ်တွေက အတော်လေးတော့ ခက်ခဲနေသေး၏။ မကျွမ်းကျင်သလို ပထမဆုံးဝင်ရောက်ဖူးသည့်နယ်ပယ်မို့ဖြစ်သည်ကတစ်ကြောင်း၊ အငယ်ဆုံးလေးဖြစ်သည်က တစ်ဖုံမို့ တစ်ခုခုဆို အကုန်လုံးကိုပတ်မေးနေရ၏။