အလုပ်သွားခါနီးတိုင်း အမေက ဘုရားရှိခိုးစေသော အကျင့်သည် မင်းသိမ်းအတွက် အကျင့်တစ်ခုလိုဖြစ်နေခဲ့ပြီ။ မနက်၆နာရီတွင် ဘုရားကျောင်းဆောင်ရှေ့ ငုတ်တုတ်ထိုင်ရင်း ပဌာန်းပူဇော်နေတုန်း ကြားလိုက်ရသည်က အသံသဲ့သဲ့။ ပထမတော့ တိုးတိုး။ နောက်တော့ အမေ့၏ဂရုဏာဒေါသက ထိုးထွက်လာပုံရလေ၏။
" အခု ဘာဖြစ်သလဲလို့ ပြော ပြော "
မင်းသိမ်းတစ်ယောက် ပဌာန်းကမပြီးသေး၍ ငြိမ်နားထောင်နေလို့လည်းမရ။ အာရုံပြန့်သွားသည်ကို အတင်းချုပ်ရင်း ဘုရားကိုပြန်အာရုံပြုကာ ပြန်၍ရွတ်ဆိုနေရသည်။
" မေမေ အခု ဘာဖြစ်ချင်လဲ ပြော "
သူလည်းအမျှဝေပြီးရော မေမေ့၏ဒေါသက ပြေနေလေပြီ။ တမင်တကာ ဒေါသကိုလျှော့လိုက်သည်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။
" ဟုတ်ပြီ ဟုတ်ပြီ မေမေ ဆေးခန်းပြချင်တယ်ဆိုလည်း ပြလိုက် ... "
ဖုန်းချပြီးသည်အထိ မေမေက အသက်ကိုဝဝရှူနေဆဲ။ သူလည်း သူ့အတွက် မေမေဖျော်ပေးထားသောကော်ဖီကိုယူသောက်လိုက်၏။
" ဘာဖြစ်လို့လဲ မေမေ "
" ထုံးစံအတိုင်း နင့်အဖွားက နေမကောင်းလို့ ဆေးခန်းပြချင်လို့တဲ့ "
" ဖွားဖွားက အခု ဘယ်နားနေမကောင်းလို့တဲ့လဲ "
" သွေးတိုးတယ်လို့လည်းပြောတယ် အကျိတ်တွေ့သလိုလိုလည်းပြောတယ် .. နောက် တစ်ကိုယ်လုံးကိုက်ခဲနေတယ်တဲ့ "
" ေဩာ် "
မင်းသိမ်းဘာမှဆက်၍မမေးမိတော့ပါ။ ဖွားဖွားနေမကောင်းလျှင် ဖွားဖွားက သမီးကြီးြဖစ်သော မေမေ့အား တတတ်မြဲမို့ ဒါဟာ ထုံးစံတစ်ခု။
" ထမင်းကိုအချိန်မှန်စား အလုပ်များတယ်ဆိုပြီး ငုတ်တုတ်ထိုင်မနေနဲ့ ကြာလား "
" ဟုတ်ကဲ့ "
တိုက်ခန်း၏လှေကားသော့ကို ပြန်ခတ်ရင်း မေမေ့လက်ထဲထည့်ပေးလိုက်ပါ၏။ ထို့နောက် မေမေနှင့်သူ ပေါင်းချက်ထားသော ထမင်းဘူးကိုလက်ကကိုင်ကာ ဖယ်ရီရပ်စောင့်ရာဆီ ခပ်သွက်သွက်လှမ်းခဲ့တော့သည်။