စစ်တွေမှာရောဂါပိုးတွေ့သည့်ကိစ္စသည် စစ်တွေနှင့် မိုင်၂၀၀ကျော်ဝေးသော အမ်းမြို့တွင်ရောက်နေသောသူက ထိုင်မရထမနိုင် ဖြစ်နေလေပြီ။
" လေကြောင်းကလာတယ်ပြောတယ် .. အပြန်လေယာဥ္နဲ့ပြန်ဖို့လုပ်ထားတာ ဖျက်လိုက်တော့မယ် "
ဖွားဖွား၏အဝတ်များကိုလျှော်နေရင်းမှ မီးဖိုချောင်ထဲ ဝိုင်းကူနေသောသူ့ကို လှမ်းအော်ပြောလာသည်။ အဖေကတော့ ဒီအချိန်ဆို ကားဂိတ်မှာရှိလျှင်ရှိ၊ မရှိလျှင် အစည်းအဝေးရောက်နေပေလိမ့်မည်။
အစ်မကလည်း ကျောင်းဆရာမမို့ ကျောင်းသွားရသည်။ ယောက်ဖဖြစ်သူကလည်း Site Engineer ဆိုတော့ အလုပ်သွားလေပြီ။ အိမ်မှာ မင်းသိမ်းရယ်၊ မေမေရယ်၊ ဖွားဖွားရယ်သာ ကျန်ခဲ့တော့သည်။
လုံးလုံးခွင့်ယူခြင်းမဟုတ်သလို နားလည်မှုပါယူခဲ့တာမို့ သူဟာလိုအပ်သည့်အလုပ်များကို အိမ်မှနေ၍ support ပေးလေ့ရှိသည်။ တစ်ခါတစ်ခါ အစည်းအဝေးများပါ တက်သေး၏။ သူတို့အလုပ်က အစည်းအဝေးများသည် တစ်ခါမတက်လိုက်လျှင် တစ်ခေတ်လွတ်သွားသလို ဘာမှမသိလိုက်ပေ။
ယခုလည်း အစည်းအဝေးပြီး၍ မီးဖိုထဲ ဟိုဒီကူပေးနေမိသည်။ ၁၀နာရီမို့ ဆွမ်းချိုင့်ကူပြင်ပေးနေခြင်းဖြစ်၏။
" သားငယ် "
" ဗျာ "
" ဆီးဖြူသီးထောင်းပြီးရင် နင့်အဖွားကို ထမင်းကျွေးလိုက်တော့ "
" ဟုတ်ကဲ့ "
မင်းသိမ်းတစ်ယောက် မြေပဲဆံထောင်းလက်စတွင် အိမ်ရှေ့မှ ဆိုင်ကယ်သံကြားလိုက်ရသည်။ ဆွမ်းချိုင့်ပို့ဖို့ လာယူခြင်းဖြစ်ပေလိမ့်မည်။ ဖွားဖွား၏ သားသမီး၆ယောက် (အမှန်တကယ်အဖွားတွင် သားသမီးဆယ်ယောက်ရှိပြီး၊ လေးယောက်မှာ ငယ်စဥ္ကပင်ဆုံးပါးသွားကြသည်။) တွင် ၅ယောက်စလုံးက အမ်းမြို့တွင် သူ့အိမ်သူ့ယာသူ့လုပ်ငန်းနှင့် တသီးတခြားစီနေထိုင်ကြသည်။ ဖွားဖွား၏သမီးအငယ်ဆုံးက ထမင်းချိုင့်ဆွဲလုပ်ငန်းသေးသေးလေး လုပ်သည်မို့ မနက်စာရောညစာအတွက်ပါ ဖွားဖွားအတွက် ဟင်းအမယ်အစုံ ချိုင့်ဖြင့်ပို့ပေးလေ့ရှိသည်။ မေမေသူနှင့်လာ၍နေစဥ္က အိမ်တွင်လည်း ချိုင့်ယူခဲ့သေးသည်ဆို၏။