" ဒါက ဘယ်ထွက်သွားဦးမလို့လဲ "
အမေပြန်ရောက်ကတည်းက အပြင်သွားရလာရသည်က မလွတ်လပ်တော့။ ညီညီကလည်း သူ့ကျောင်းစာပုံကြားထဲ ပြန်နစ်နေခဲ့ပြီ။ ဒီနေ့က ထူးထူးခြားခြား ရက်ကလေးမို့ သူအပြင်သွားဖို့လိုအပ်နေပါသည်ဆိုမှ။
" အစ်ကို့ဆီ "
" မသွားရဘူး "
" ဟာဗျာ "
" ဒီလောက် ပိုးတွေထပ်တွေ့နေတာကို ... အိမ်ထဲကအိမ်ပြင်မထွက်တဲ့လူဆီ ပိုးသယ်မလို့လား ... မသွားရဘူး "
အမေကတော့ သူ့အားသိမ်းထုပ်ပြန်ပြီ။ သဘောကျနေသည့်သူဟုမပြောထားပဲ သူသဘောကျသည့်စာရေးဆရာအဖြစ်မိတ်ဆက်ပေးထားတော့ အိမ်ကသိနေသည်ကမဆန်း။ ခက်တာက ဒီနေ့ သူသွားကိုသွားရမှ ဖြစ်မည်။ အစ်ကို့အိမ်နားက ဆိုင်မှာ မာလာရှမ်းကောသွားဝယ်စားကြဖို့ အစ်ကိုက ကတိပေးထားသည်လေ။
" အစ်ကိုက ဒီနေ့အပြင်ထွက်စားမှာမို့လို့ .. သားသွားချင်တယ်လေဗျာ "
" တော်စမ်း .. ညကလည်းမအိပ်ပဲ တစ်ညလုံးပုံဆွဲနေတာမသိဘူးမှတ်နေသလား ... အဲ့ပုံနဲ့ အပြင်ဘယ်လိုထွက်မှာလဲ ... စားချင်ရင် အဲ့ကလေးကို အိမ်ကိုခေါ်လိုက် ... အမေချက်ကျွေးမယ် "
" ဟာဗျာ .. "
" ဒီပုံနဲ့အပြင်ထွက်ရင် မူးမေ့လဲလာမှာပေါ့ ... အမေပြောတာ နားထောင်စမ်း ... မပြောရဲရင် အမေပြောပေးမယ် .. ဖုန်းပေး "
အပြစ်လုပ်ထားသူမို့ အရမ်းကြီးကလန်ကဆန်လည်းမလုပ်ရဲ။ အမေ့ကိုမကြောက်ပေမဲ့ ချစ်သည်လေ။ သူတစ်ခုခုဖြစ်ရင် အမေပဲ စိတ်ဆင်းရဲရပေလိမ့်မည်။
" ဟယ်လို .. အစ်ကို .. အမေက အစ်ကိုနဲ့စကားပြောချင်လို့တဲ့ "
" အာ .. ခဏ ငါမီတင်တက်နေတာ ပြန်ခေါ်လိုက်မယ်နော် "
အလျင်အမြန်ချသွားသည့်ဖုန်းကို ထမင်းစားစားပွဲပေါ်ပစ်တင်ရင်း ခုံပေါ်ခေါင်သမီတင်လိုက်သည့်သူ့ကို ပဲသီးကြော်ဖို့ အရှည်ကလေးတွေ ကတ်ကြေးဖြင့်ညှပ်နေသည့် အမေက မော့ကြည့်၏။
" မီတင်တက်နေလို့ ခဏနေ ဖုန်းခေါ်မယ်တဲ့ "
" ဒီလောက်အလုပ်များနေတဲ့ကလေးက အပြင်ထွက်မယ်တဲ့လား ... လိမ်နေတာတော့မဟုတ်ပါဘူးနော် သားကြီး "