Final Chapter. (Zawgyi)

1K 75 2
                                    

ရက်တွေကို လစားလို့ အချိန်တွေက တဖြည်းဖြည်းကုန်လွန်သွားခဲ့တယ်။

သူနဲ့ ရိပေါ်ကို ပြန်တွေ့ဆုံစေခဲ့တဲ့ Exhibition လည်း အောင်မြင်စွာပဲ ကျင်းပပြီးစီးသွားခဲ့ပြီပေါ့။ အဲ့ဒီအထဲမှာ 愛(Love) လို့ခေါင်းစဉ်ပေးထားတဲ့ ပန်းချီကားလေးတစ်ချပ်ကတော့ ထူးထူးခြားခြားကို ပေါက်သွားခဲ့ပါတယ်။ "Not for Sale" လို့ စာကပ်ထားတဲ့ အဲ့ဒီ Hyperrealism ပန်းချီက မျက်ဝန်းတစ်စုံကို အနီးကပ် အသေးစိတ်ဆွဲထားတဲ့ ကားလေး။ မျက်ဝန်းညိုတွေထဲမှာ တွေဝေမှုနဲ့ စိုးရွံ့မှုတွေပေါ်လွင်နေပေမယ့် စူးစမ်းချင်ဟန်လေးပါ ဖြတ်ပြေးနေတာကို ရှောင်းကျန့်က ပန်းချီကားထဲမှာ အမိအရဖမ်းဆုပ်ပြနိုင်ခဲ့တယ်။ နောက်ပြီး အနီးကပ်ကြည့်ခဲ့မယ်ဆိုရင် အဲ့ဒီမျက်ဝန်းတွေမှာ ကောင်လေးတစ်ယောက်ရဲ့ပုံလည်း ပေါ်နေသေးသတဲ့။

မိန်းကလေးတစ်ယောက်လိုမျိုး ပျောင်းနွဲ့တဲ့ မျက်တောင်လေးတွေ၊ မျက်ခုံးကော့ညွတ်ညွတ်တွေမရှိဘဲ မျက်တောင်ခပ်စင်းစင်း၊ မျက်ခုံးထူထူနဲ့ ယောက်ျားတစ်ယောက်မှန်းသိသာစေတဲ့ မျက်ဝန်းပုံထဲမှာ နောက်ထပ် ယောက်ျားလေးတစ်ယောက်ပါနေပြီး ခေါင်းစဉ်ကလည်း 愛 လို့ ပေးထားတဲ့ ပန်းချီကားကြောင့် ရှောင်းကျန့်ရဲ့တိမ်းညွတ်မှုဟာလည်း ဆွေးနွေးစရာ Hot topic တစ်ခုဖြစ်သွားရတော့တယ်။ ပြီးတော့ မျက်စိသိပ်လျှင်တဲ့ သတင်းသမားတွေကလည်း မျက်ဝန်းပိုင်ရှင်ကို လျှင်လျှင်မြန်မြန်ကို ရှာတွေ့သွားကြတော့တာပဲ။ (လျှင်ဆို မျက်ဝန်းရှင်ကလည်း ရှောင်းကျန့်ရဲ့ အနီးအနားမှာပဲ အမြဲရှိနေခဲ့တာကိုး။)

ရှောင်းကျန့်ကတော့ အေးဆေးပါပဲ။ နဂိုကတည်းက ဆက်ဖုံးကွယ်ထားဖို့ ဆနမရှိတာမို့ တည့်တည့်ကြီးကို ထုတ်ပြခဲ့တာလေ။ လူပျိုကြီးတွေ Romantic ဆန်ပြီဆို သိပ်ကြောက်စရာကောင်းပါတယ်။ ပလီပလာတွေမပါဘဲ ဒဲ့ကိုဆော်တာမျိုး။

အကျိုးဆက်အနေနဲ့ကတော့ အရင်က ခပ်တန်းတန်းသာနေနေခဲ့တဲ့ ရိပေါ်ရဲ့အဖေဆီကနေ အိမ်မှာ ထမင်းလာစားဖို့ ခေါ်ခံရတော့တာပဲ။ တကယ်တော့ ရိပေါ်ဆေးကုသမှုခံဖို့ ရှောင်းကျန့်ကို တရားဝင်စောင့်ရှောက်သူအနေနဲ့ မိသားစုဝင်တွေနဲ့အတူတူ စာရင်းသွင်းလိုက်ကတည်းက ဟိုင်ခွမ်းက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အရိပ်အမြွက်ပြောပြထားပြီးသားပါ။ ရိပေါ်က နကိုကတည်းက အဖေနဲ့ ဆက်ဆံရေးသိပ်မပြေလည်တာမို့ မလိုအပ်ဘဲ အတင်းကာရော သွားဝန်ခံနေရင် သားအဖကြားမှာ အက်ကြောင်းပိုကြီးသွားမှာကြောက်တာနဲ့ပဲ သိသာသိစေ၊ မမြင်စေ သဘောနဲ့ပဲ ထားထားခဲ့တာ။ အခုတော့ ရိပေါ်ရဲ့ ကျန်းမာရေးကလည်း ပိုပြီးကောင်းလာပြီ၊ အတူနေလာတာလည်း ကြာပြီမို့ လူကြီးတွေကို အသိပေးသင့်ပြီလို့ နှစ်ယောက်လုံးက ယူဆထားကြတယ်။

Where the Sidewalk Ends (Completed, Yizhan/Zhanyi)Donde viven las historias. Descúbrelo ahora