မှိန်ဖျော့သော မီးရောင်အောက်တွင် ဝင်းလဲ့နေသော ရွှေလက်စွပ်ရှိ အနက်ရောင်ပုလဲသည် စနေ့အတွက်တော့ နာကျင်စရာကောင်းလှသော အတိတ်ကို ပုံဖော်နေပြန်သည်။ “ချစ်သောသားသို့”တဲ့။ အဖေက သူ့ကို ရည်ရွယ်ပြီးချန်ရစ်ခဲ့သော တစ်ခုတည်းသော အမွေပစ္စည်းက ဒီပုလဲနက်လက်စွပ်ကလွဲလို့မရှိပါ။ ယုတ်စွအဆုံး အဖေ့နှင့်သူ့ရဲ့ သားအဖသံယောဇဥ်တွေတောင်မှ ပြောပလောက်စရာမရှိခဲ့ပါ။
“ဘွန်း ”
“ပြောပါအစ်ကို ”
“သူ့ကိုလိုက်ပို့လိုက်တော့ ”
“ဗျာ ဘာဖြစ်လို့”
“ဆူးရစ်သွယ်ကို မြပြာကျွန်းကို ပြန်လိုက်ပို့လိုက်တော့ ”
တည်ငြိမ်နေသော စကားသံနှင့် လေးနက်သော မျက်နှာအမူအရာကြောင့် ဘွန်းဘာမှ စနေ့ကို ထပ်မပြောရဲတော့။ သေချာပေါက် အစီအစဥ်တစ်ခုရှိဦးမှာပါ။ ဆူးရစ်သွယ်ကို ကြည့်လိုက်တော့ အံ့အားသင့်နေဟန်ရှိသည်။
“ကျွန်တော် စက်လှေသွားပြင်လိုက်ဦးမယ် ”
တိတ်ဆိတ်သော အခန်းငယ်မှ အမြန်ဆုံးထွက်လာခြင်းသည်သာ ဘွန်းအတွက်စိတ်သက်သာရာရမည့် တခုတည်းသော နည်းလမ်းပါ။ ဘွန်းထွက်သွားပြီးနောက် ဆူးရစ်သွယ် စနေ့ကို အကဲခတ်လိုက်သည်။ ပြတင်းပေါက်မှလှမ်းမြင်ရသော ပင်လယ်လှိုင်းတွေလို သူ့စိတ်ထဲမှာလည်း ခက်ထန်နေမှာအသေအချာပင်။
ဆူးရစ်သွယ် သူ့နားကို သွားကာ စကားပြောဖို့ကြိုးစားသည်။ တကယ်ဆို စနေက သူမကို ပြန်ပို့နေပြီပဲ ဝမ်းသားပျော်ရွှင်စွာ ထွက်သွားသင့်ပြီလေ။ ဘာတွေများ …အင်း…နောက်ဆံတင်းနေရဦးမလဲ။
“ရှင် ကျွန်မကို လွှတ်ပေးတာ နောင်တရမှာ မစိုးရိမ်ဘူးလား ”
“ကိုယ် မင်းကို ဒီထက်ပိုပြီး မလိုတော့ဘူး ”
“မလိုဘူး လိုတယ်ဆိုတာ ရှင်ဘယ်လိုများ စီစဥ်ထားလို့လဲ ”
“မင်းကို ဖမ်းထားရတဲ့ ရည်ရွယ်ချက်က သန့်ရှင်းနိုင် ပေါ်လာဖို့ပဲ နောက်ပိုင်းကိစ္စကို သူနဲ့ငါ မျက်နှာချင်းဆိုင်ပြီးရှင်းရလိမ့်မယ် မင်း သူ့ကို တစ်ခုပြောပေးပါ”
VOUS LISEZ
A Gypsy's Palace(Normal)
Fiction généraleမြန်မာပြည်တောင်ဖျားကမော်ကင်းမျိုးနွယ်စုများနှင့်ကျိန်စာသင့်နေသောပုလဲများ၊သဲသောင်ဖြူအနားသတ်ထားတဲ့မြပြာရောင်ပင်လယ်ထဲကမြိတ်ကျွန်းစုပေါ်မှဇာတ်လမ်းလေးတစ်ပုဒ်