ဆူးရစ်သွယ် ဟူသောစာလုံးလေးကို လှနိုင်သမျှလှအောင်ရေးပြီးနောက် ဒိုင်ယာရီစာအုပ်ကလေးရဲ့ ပထမဆုံးစာမျက်နှာကို လှန်လိုက်သည်။
ပြီးတော့
စလင်းပြာစံအိမ်ကြီးကိုစရောက်တဲ့နေ့
လို့ အသံထွက်ကာရေးချလိုက်သော စာလုံးများအဆုံးမှာ သူမဘာဆက်ရေးရမှန်းမသိ။ ငယ်ငယ်ကတည်းက အကျင့်ဖြစ်လာခဲ့သော နေ့စဥ်မှတ်တမ်းရေးခြင်းဖြင့် စလင်းပြာစံအိမ်ရဲ့လျို့ဝှက်သော ပုစ္ဆာတွေကိုဖြေရှင်းရမည်။
အက်ဒမန်ပင်လယ်အတွင်းမှ မြပြာကျွန်း၊ စလင်းပြာစံအိမ်၊ ဦးသန့်ရှင်းနိုင်ဆိုသော ခေတ်သစ်ဝေသန္တရာကြီး၊ ပြီးတော့…သူမကိုယ်တိုင်ကဘယ်လိုအကြောင်းများကြောင့် လာဆုံဆည်းရတာပါလိမ့်။ စာချုပ်ရသည့်နေ့ကစလို့ လက်ရှိကျွန်းပေါ်က အိမ်ကြီးမှာစာရေးနေသည့်အချိန်ထိ အသေးစိတ်ကိုရေးမှတ်ထားလိုက်သည်။
တဆက်တည်းသတိရသွားတာက သူမရဲ့မှတ်တမ်းမှာ ဟိုစက်လှေပေါ်ကလူကိုရော ထည့်သွင်းရေးမှတ်ထားရမှာလား။ ကျွန်းအနောက်ဖက်ကနေ စက်လှေတစ်စီးနှင့် သူမရှိရာ အိမ်ကြီးသို့လာရောက် ကြည့်ရှု့နေခဲ့သူက ဘယ်သူပါလိမ့်။
“ဆရာမ ဆရာမ ”
အခန်းအပြင်မှအသံက
အဖော် ကောင်မလေးရဲ့ ခေါ်သံ။
“လာပြီနော် ခဏစောင့်ပေး”
အညိုဆိုသော ကောင်မလေးထံမှပြန်ဖြေသံမကြားရ။ အင်မတန်မှ ရိုကျိုးသူပါကလား။ စာအုပ်ကိုအံဆွဲအတွင်းသို့ ထည့်မည်ပြုပြီးမှ ပြန်ဆွဲထုတ်လိုက်သည်။ ပြီးတော့ စိတ်ထဲမှပေါ်လာရာ စာကြောင်းအနဲငယ်ဖြင့် သူမရဲ့ နေ့စဥ်မှတ်တမ်းရေးခြင်းကို
အဆုံးသတ်လိုက်သည်။
“ကျွန်းနားကိုလာသွားတဲ့ လူစိမ်းတစ်ယောက်ရှိခဲ့တယ်” လို့ပေါ့။
အပြင်ကိုထွက်လာတော့ သူမကိုစောင့်နေတဲ့ အညိုကိုတွေ့ရသည်။ အခုတော့အညိုရဲ့ပုံစံကတမျိုးဖြစ်နေပါလား။ မြန်မာဝတ်စုံဝတ်၍ ဆံပင်မရှည်မတိုကို သပ်ရပ်စွာထုံးနှောင်ထားသည်။ ပြီးတော့ ခြေညှပ်ကတ္တီပါအဖြူရောင်လေးနှင့်၊ ခေါင်းမှာလည်း ပန်းတစ်ပွင့်ပန်ထားလို့ သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းနေသည်။
ESTÁS LEYENDO
A Gypsy's Palace(Normal)
Ficción Generalမြန်မာပြည်တောင်ဖျားကမော်ကင်းမျိုးနွယ်စုများနှင့်ကျိန်စာသင့်နေသောပုလဲများ၊သဲသောင်ဖြူအနားသတ်ထားတဲ့မြပြာရောင်ပင်လယ်ထဲကမြိတ်ကျွန်းစုပေါ်မှဇာတ်လမ်းလေးတစ်ပုဒ်
