အိမ်ကြီးသခင်(၇)Uni

215 24 0
                                    

ဘာဆိုဘာမှမရှိတဲ့ကောင်းကင်ပြင်ကျယ်ကြီးမှာ တိမ်စိုင်တိမ်ခိုးတခုတလေကိုမှ မြင်ရမလားရယ်လို့ လိုက်ရှာမိသည်။ မြိတ်ကျွန်းစုရဲ့ ရာသီဥတုမှာ ပူအိုက်စွတ်စိုသောပုံစံမျိုးဖြစ်သဖြင့် နေ့လည်နေ့ခင်းဘက်တွေမှာ နေရောင်နွေးနွေးနှင့် လေထုကလည်းပူလှသည်။

အိမ်ကြီးရဲ့ အနောက်ဖက်အတော်ဝေးဝေးထိလျှောက်လာခဲ့ပြီးမှ အပင်ခြင်းယှက်နေသော အုန်းပင်တန်းဆီသို့ ထွက်လာခဲ့သည်။ ဖြောင့်တန်း၍ မြင့်မားရှည်လျားလှသော အုန်းပင်ကြီးများ၏အရိပ်သည် ငွေရောင်သဲသောင်ပေါ်သို့ကွက်ကျနေသည်။ စိတ်လွတ်ကိုယ်လွတ် အရိပ်အောက်မှာပစ်လှဲပြီး အနားယူလိုက်သည်။ အခုမှနေသာသလိုရှိတော့သည်။

ဒီနေရာရဲ့ ရာသီဥတုနဲ့ဘယ်အချိန်များမှ ကျင့်သားရပါ့မလဲ။ လေတိုက်လို့တိုးဝှေ့သွားတဲ့ အုန်းလက်များသည် နေရောင်ခြည်စူးစူးကို မျက်နှာပေါ်သို့ ယူဆောင်လာပေးသည်။ အဆိုပါနေရောင်ကို လက်ဖြင့်တားဆီးရင်းကောင်းကင်ပြင်သို့တဖန်မော့ကြည့်မိသည်။

“တိမ်လှေကား”

လှေကားပုံသဏ္ဌာန်အထစ်လိုက် အထစ်လိုက်ဖြစ်နေသော တိမ်မျှင်တန်းကြီးက ဘယ်ကနေဘယ်လိုရောက်လာပါလိမ့်။ ငယ်ငယ်တုန်းက အိပ်ယာဝင်ပုံပြင်တစ်ခုထဲမှာ ကြားဖူးခဲ့တာကိုပင်ပြန်အမှတ်ရမိသွားသည်။

“တိမ်လှေကားကြီးကနေ တက်သွားရင် ဟိုးကောင်းကင်ဘုံတနေရာမှာ ကျိန်စာသင့်နေတဲ့ မင်းသားလေးရဲ့ နန်းတော်ကိုရောက်လိမ့်မယ်တဲ့ …”

ကျိန်စာသင့်နေတဲ့မင်းသား…
နန်းတော်…
စလင်းပြာစံအိမ်…
ဦးသန့်ရှင်းနိုင် …

မဖြစ်နိုင်ပါ။ ရုတ်တရက် ဆူးရစ်သွယ် ကိုယ့်အတွေးကိုပြန်လန့်သွားသည်။ ပြီးတော့တဆက်တည်းတွေးမိသည်က အခုချိန်ထိ မြပြာကျွန်းပေါ်က တစ်ဦးတလေကမှ ဦးသန့်ရှင်းနိုင်ဆိုသူကိုလည်းမသိ၊ သိတဲ့ ကိုထွန်းနောင်တို့ညီအစ်ကိုကလည်းဘာမှမပြောပြ။

သေချာတာကတော့ ဆူးရစ်သွယ်တစ်ယောက် သိချင်သည့်အကြောင်းအရာများကို ပြောပြမယ့်သူက ဟိုအလန်မန်ကျွန်းက အုပ်ချုပ်ရေးမှူးတစ်ယောက်သာရှိလိမ့်မည်။ ခက်တာက သွားရေးလာရေးပါ။ ရေကြောက်သည့်သူက ဒီလိုပင်လယ်ပြင်ထဲကကျွန်းမှာ လာရောက်နေထိုင်ရလိမ့်မယ်လို့ မထင်မိ။ မဆိုးပါဘူး။ ကိုယ့်ဘာသာကိုယ်ပဲ သွားတက်လာတက်အောင် စက်လှေမောင်းနည်းတော့ သင်ထားဦးမှ။

A Gypsy's Palace(Normal)Where stories live. Discover now