ဝေဟင်ထက်မှမြင်တွေ့ရသည့်
အက်ဒမန်ပင်လယ်ကြီးက သူမစိတ်ကိုအစွဲဆောင်နိုင်ဆုံးဖြစ်နေသည်။
ဒီနေရာမှာ လာနေရမယ်လို့စိတ်တောင်မကူးမိ။ မြိတ်လေဆိပ်မှလာကြိုနေမည့်သူများ၏ နာမည်များကိုတခါပြန်ရေရွတ်ကြည့်မိသည်။ သူစိမ်းနယ်မြေဆိုတော့ အစစအရာရာမှာ သတိလွန်နေသည်။ ဆိုက်ရောက်ဂိတ်မှ ထွက်ထွက်ချင်းလူအုပ်ထဲမှ သူမနာမည်ရေးထားမည့်ဆိုင်းဘုတ်ကိုလိုက်ရှာရသည်။ဟော တွေ့ပါပြီ။ လျှောက်လမ်းအဆုံးမှာ ရပ်နေသောအမျိုးသားနှစ်ယောက်။ သူမထက်အတန်ငယ်လအသက်ကြီးမယ့်ပုံပေါ်ကာ ရိုးရှင်းသော အသွင်အပြင်နှင့်။ နာမည်ကဒ်ကိုကိုင်ကာ မပြုံးမရယ်နှင့်ခပ်တည်တည်ကြီးရပ်နေသော ထိုလူနှစ်ယောက်ကြောင့် သူမဘာသာ မိတ်ဖွဲ့ခြင်းလုပ်ရတော့မည်။ အနားသို့ရောက်သည့်တိုင် သူမကိုအရေးမစိုက်သေး။ ဂိတ်ပေါက်မှလူများထံသို့သာ သဲကြီးမဲကြီးရှာဖွေနေကြသည်။
“ကိုထွန်းနောင်တို့လား ”
“ဟင် ဟုတ်တယ် ဟုတ်တယ်
ဘာလို့လဲ”ရော ခက်ပြီ။ ဒီလူတွေဘာကြောင့်များ အူကြောင်ကြောင်နိုင်ရပါလိမ့်။
“ရှင်တို့လာကြိုတဲ့သူက ကျွန်မပါ ရှေ့နေကြီးတွေက ဆက်သွယ်ထားရဲ့မဟုတ်လား "
“ဟင် ”
“ဟေ ”
သူမကိုတလှည့် ကိုင်ထားသောနာမည်ကဒ်ကိုတလှည့်ကြည့်ကာ အံ့သြနေကြသည်။
“ဆရာမ ဆူးရစ်သွယ်ဆိုတာလား
ဟိုစာရေးဆရာမလေ ”“ဟုတ်ပါတယ် ကျွန်မကဆူးရစ်သွယ်ပါ ရန်ကုန်ကလာတာပါ စလင်းပြာစံအိမ်ကိုသွားဖို့ပါ ဒီမှာရှေ့နေကြီး ဦးဘသော်ရဲ့စာပါတယ်ကြည့်ဦးမလား ”
“အာ တောင်းပန်ပါတယ် ဆောရီး
စိတ်မရှိပါနဲ့ ကျွန်တော်တို့က စာရေးဆရာမဆိုတော့ အသက်ကြီးကြီး မျက်မှန်ထူထူ ခပ်ဝဝ အမျိုးသမီးကြီးပုံစံထင်လို့ အဟဲ
ဒီလိုလှမယ်လို့မထင်ထားဘူး”“ကျွန်မလဲရှင်တို့က လှတယ်လို့ချီးကျူးခံရမယ်မထင်ထားဘူး တွေ့ရတာဝမ်းသာပါတယ် ”
BẠN ĐANG ĐỌC
A Gypsy's Palace(Normal)
Tiểu Thuyết Chungမြန်မာပြည်တောင်ဖျားကမော်ကင်းမျိုးနွယ်စုများနှင့်ကျိန်စာသင့်နေသောပုလဲများ၊သဲသောင်ဖြူအနားသတ်ထားတဲ့မြပြာရောင်ပင်လယ်ထဲကမြိတ်ကျွန်းစုပေါ်မှဇာတ်လမ်းလေးတစ်ပုဒ်