ပင်လယ်ပြင်ရဲ့ အနောက်ဆီသို့ ဦးတည်ပြီးခုတ်မောင်းလာခဲ့တာ သူမတို့ စက်လှေလေးသည် အချိန်၃နာရီခန့်အကြာတွင် တထီးတည်းရှိနေသော ကျွန်းငယ်တစ်ခုဆီသို့ ဆိုက်ကပ်နိုင်ခဲ့ပြီ။ ငွေရောင်သဲဖြူတို့အနားသတ်ထားသော ကမ်းခြေအလွန်တွင် အုန်းပင်စိမ်းစိမ်းတို့ကြားမှ ကိုလိုနီခေတ်လက်ရာပုံစံ အဆောက်အဦးကို တစတစလှမ်းမြင်ရပြီ။ အဖြူရောင်နံရံများကာရံထားပြီး အနီရောင်အုတ်ကျွပ်မိုးတို့ လွှမ်းခြုံထားသော ထိုအဆောက်အဦးသည်
စလင်းပြာစံအိမ်ကြီးဆိုတာပဲပေါ့။တစုံတခုသော လွှမ်းမိုးမှုကြောင့်ရယ်လားမသိ ကောင်းကင်ပြာကိုနောက်ခံပြုထားသော စံအိမ်ကြီးရှိရာ ကျွန်းငယ်ကို သူမ အလျှင်အမြန်ရောက်ချင်လှပြီ။
“မြပြာကျွန်းနဲ့ စလင်းပြာစံအိမ် ”
နှုတ်ကတဖွဖွရေရွတ်နေမိဆဲ ကိုထွန်းနောင်၏အသံကြားပါမှ သတိဝင်လာသည်။
“ကဲ စလင်းပြာစံအိမ်ကြီးရေ ပိုင်ရှင်အသစ်ကိုခေါ်လာခဲ့ပြီ ဟေး .…ဟေး… ဆရာမ ဘယ်လိုလဲ လှရဲ့မဟုတ်လား ”
“အင်း လှပါတယ် ဒါပေမယ့် …”
စကားစမဆက်နိုင်သေးခင် သူမမြင်ကွင်းထဲသို့ပေါ်လာသည့် အရာများကို ဦးစွာစိတ်ဝင်စားမိသည်။ အိမ်ကြီးဘက်မှဆင်းလာဟန်တူသူ အမျိုးသမီးတစ်စု၊ လက်ထဲတွင်လည်း ဗန်းငယ်များကိုယ်စီနှင့် ကမ်းစပ်ကရပ်လျှက် သူမတို့စက်လှေရှိရာသို့ စိုက်စိုက်မတ်မတ်ကြည့်နေကြသည်။
အမျိုးသမီးများ၏ ပုံစံမှာ အတူတူလိုပဲထင်ရသည်။ အားလုံးအရွယ်ညီကြပြီး နေလောင်သောအသားအရောင်ရှိကြသည်။ အဖြူရောင်ကဲသော အဝတ်အစားများဝတ်ဆင်ထားကာ သူမကိုသာ ငေးစိုက်ကြည့်နေသည်။ သူမတို့စက်လှေက ရေတိမ်ကမ်းစပ်ကိုကပ်မှာမို့ စက်သပ်ကာ လက်ဖြင့်လှော်လာသည်မို့ တော်တော်နှင့်ကမ်းမကပ်နိုင်။
“သူတို့က ဒီကျွန်းမှာနေကြသူတွေလား”
“ဟုတ်ပါတယ် ဆရာမ ဟိုသူတို့က
အရင်ကလည်းဒီမှာနေကြသူတွေမို့ ချက်ချင်းကြီး မပြောင်းရွေ့သေးတာပါ
ဆရာမ မကြိုက်ရင် ချက်ချင်းပြောင်းခိုင်းလိုက်မယ်လေ ”
VOUS LISEZ
A Gypsy's Palace(Normal)
Fiction généraleမြန်မာပြည်တောင်ဖျားကမော်ကင်းမျိုးနွယ်စုများနှင့်ကျိန်စာသင့်နေသောပုလဲများ၊သဲသောင်ဖြူအနားသတ်ထားတဲ့မြပြာရောင်ပင်လယ်ထဲကမြိတ်ကျွန်းစုပေါ်မှဇာတ်လမ်းလေးတစ်ပုဒ်