အိမ်ကြီးသခင်(၁၇)Uni

195 16 0
                                    

မျက်ရည်လည်ရွဲနဲ့ပြောပြနေသည့် ကောင်လေးရဲ့ အကြောင်းကို နားထောင်ပြီနောက် သူမစိတ်တွေ အတော်ရှုပ်ထွေးလာပြီ။ တကယ့်ကို အဆင်မပြေမှုတွေ နှင့်သာပြည့်နေသည့် ဒီကလေးကို ဘယ်လို လုပ်ရပါ့မလဲ။ ကလေးပြောပြတဲ့အထဲမှာ သူမသတိထားမိတာက အပေါ်ဆုံးထပ်ကို အမေ့ကိုခေါ်သွားကြတယ်တဲ့။ ထိစူရာဝတ်ဆေးရုံရဲ့ အပေါ်ဆုံးထပ်မှာ ရင်ခွဲရုံသာရှိသည်။ ဘုရား …ဘုရား မဖြစ်ပါစေနှင့်။

အနိဌာရုံတို့ကြီးစိုးသော ဆေးရုံမြင်ကွင်းကို ရင်းနှီးနေကြဆိုပေမယ့် စိတ်မသက်မသာဖြစ်စရာတွေနှင့် ကြုံတိုင်း သူမစိတ်ထဲမှာ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ပြင်ဆင်နိုင်ခြင်းမရှိသေးပါ။အသက်အရွယ်နှင့်မလိုက် ဆိုးရွားတဲ့လောကဓံကို ကြုံတွေ့နေရတဲ့ ဒီကလေးငယ်ကို ရဲဝံ့စွာဖြတ်ကျော်ရင်ဆိုင်နိုင်ဖို့ သူမတတ်နိုင်သလောက်ကူညီပေးချင်ပါသည်။ ဒါပေမယ့် ဆူးရစ်သွယ်ကိုယ်တိုင်ကရော ဘာတွေများစွမ်းဆောင်နိုင်မှာမို့လဲ။ သူမကိုယ်တိုင်က တိုင်းတပါးမှာ ရုန်းကန်နေရတဲ့ အိမ်ထောင်ကွဲမိခင်ကို မှီခိုနေရသည့် အထက်တန်းကျောင်းသူတစ်ယောက်ပါ။

သူမ ငိုနေသော ကလေးလေးလက်ကိုဆွဲကာ အမေ့ဆီကို အပြေးကလေးထွက်လာခဲ့သည်။ တော်ပါသေးရဲ့ ခွဲစိတ်ခန်းမဝင်ခင် နားနေဆောင်မှာပဲ ရှိသေးသည်။ အမေနှင့် တခြားဆရာဝန်ကြီးတွေက အရေးကြီးကိစ္စဆွေးနွေးနေဟန်ရှိသည်။ နားမလည်သော်လည်း သာမန်အားဖြင့်တော့ သူမသိပါသည်။ အရေးပေါ် ခွဲစိတ်လူနာအကြောင်းဖြစ်ရမည်။ သူမနောက်ဖက်မှာ အသာယို့ကာ အမေ့ကို စကားပြောဖို့ စောင့်နေလိုက်သည်။ ကလေးငယ်ကတော့ အငိုတိတ်ကာ သူမကိုင်ဆွဲထားသောလက်ကို တင်းတင်းကျပ်ကျပ်ပြန်လည် ဆုပ်ကိုင်းထားသည်။ ဆူးရစ်သွယ်ရဲ့ အလှဆုံးသော ဆွဲဆောင်မှုလို့လူတွေပြောကြသည့် အပြုံးလေးနှင့် ကလေးငယ်သို့ နှစ်သိမ့်ပေးလိုက်သည်။

ဦးခေါင်းကိုရိုက်ထားသော ဓါတ်မှန်ပုံတွေ၊ ရင်ခေါင်းကိုရိုက်ထားသော ဓါတ်မှန်ပုံတွေကို အားလုံးကြည့်ရှုဆွေးနွေးပြီးသောအခါ အချိန်အတော်ကြာမှ ဆရာဝန်တွေအားလုံး ခွဲစိတ်ခန်းဝင်ဖို့ ပြင်ဆင်ကြသည်။ တကယ်တော့ လူနာအားလုံးကို တန်းတူရည်တူဆက်ဆံတတ်သော အမေ့ရဲ့ စိတ်ကိုသိလို့သာ ဆူးရစ်သွယ် လာခဲ့တာ ကလေးငယ်ရဲ့ မိခင်က မပြောကောင်း မဆိုကောင်း တကယ်ပဲ အပေါ်ဆုံးထပ်မှာရောက်နေပြီလား။ ခွဲစိတ်ခန်းထဲဝင်ဖို့ အားလုံးအပြင်ထွက်ချိန်မှာ အမေက သူမတို့ရှိ နေတာကို  သတိပြုမိသွားသည်။

A Gypsy's Palace(Normal)Où les histoires vivent. Découvrez maintenant