ချစ်သော ဒီဇင်ဘာ(Dear December)-8

2.8K 284 2
                                    


ဒီနေ့ သူ ဒီဇင်ဘာ့ကို အရင်ကထက် ပိုလွမ်းနေမိတယ်။ ဟိုတနေ့က Hot Chocolate တစ်ခွက်ဖိုး ကို ရွှေရောင်ချောကလက်လုံးလေး ပေးသွားတည်းက ပေါ်မလာတော့။

သူကတော့ နေ့တိုင်း တမျှော်မျှော်လုပ်နေမိပေမဲ့ ဒီဇင်ဘာငယ်က သူ့ကို လှလှပပဒဏ်ခတ်ထားတယ်။ ဒီနေ့တော့ သူ့ဆီကိုရောက်လာဖို့ မျှော်လင့်မိတယ်။ ဒီနေ့က ဒီဇင်ဘာ့မွေးနေ့...သူ တစ်ခါပဲ အတူပါဝင်ခွင့်ရခဲ့တဲ့ ဒီဇင်ဘာ့မွေးနေ့ကို ဒီနှစ် နောက်တစ်ကြိမ်ဆိုတဲ့ ဝေါဟာရအောက်မှာ သူ  ပါဝင်ချင်ပါရဲ့။

ဒီဇင်ဘာ့မွေးနေ့တိုင်း အိမ်မှာ ညဘက် တစ်ယောက်တည်းကျင်းပပြီး ကိုယ်ပေးတဲ့လက်ဆောင် ကိုယ့်ဘာသာပြန်သိမ်းရတဲ့ အဖြစ် မျိုးကလည်း သူ လွတ်ချင်ပါပြီ။ ဒီနေ့မှာ သူ့အပေါ် မကျေနပ်သမျှ စိတ်ကွက်သမျှ အားလုံးကို ခွင့်လွှတ်ပေးဖို့ ဒီဇင်ဘာ့ကို တောင်းပန်ချင်ပါရဲ့။

သူလွမ်းနေတဲ့ ဒီဇင်ဘာ့ကိုယ်ငွေ့လေးကို ပြန်လည်နမ်းရှိုက်ခွင့်ရချင်ပါရဲ့။ ဒီနေ့သာ ဒီဇင်ဘာလာရင် ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ဒီလူက တောင်းပန်မှာမို့ ကိုယ်ယောင်လေးတော့ပြပါဦး ဒီဇင်ဘာငယ်။

မနက်ခင်းကို ပုံမှန်နေ့တွေထက် ပိုတဲ့အလွမ်းတွေနဲ့ အစပြုပြီးတော့ သူ့ဒီဇင်ဘာအတွက် Strawberry Cake လေးကို သူ့စိတ်နှလုံးတစ်ခုလုံးပုံပြီး လုပ်နေမိတယ်။ လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ စောင့်ရမှာက သူ့တာဝန်မို့။ Cake လေးပြီးသွားတော့ သူ အရှေ့ဘက်ထောင့်ခုံလေးမှာထိုင်ပြီး စောင့်နေမိတယ်။ နေ့လည်စာစားချိန်ရောက်လို့ ကောင်လေးတွေ လာပြောတာတောင် သူ မထချင်။ ဒီလိုနေ့မှာ သူက နေ့လည်စာလည်း မစားချင်ပါဘူး။

သူ့ရဲ့ စိတ်လှုပ်ရှားမှုတွေကိုဖျောက်ဖို့ Americano တစ်ခွက် ထပ်သောက်လိုက်တယ်။ ဒီဇင်ဘာသိရင် ဘာပြောဦးမလဲ။

‌Coffee တွေ အရမ်းသောက်တာ မကောင်းဘူးလို့ပဲ ပြောမလား ကျနော်ပြောနေတာကို နားမထောင်ဘူးလားလို့ပဲ ပြောမလား အတွေးတွေနဲ့ သူက ပြုံးမိတယ်။ ဒီဇင်ဘာ့အကြောင်း တွေးရရင်ကို သူ့အတွက်က ပြည့်စုံနေတာ။

"နေ့လည်စာမစားဘဲ Coffee တွေပဲ သောက်နေပြန်ပြီလား"

ကြားလိုက်ရတဲ့ ခပ်ဩဩအသံလေးကြောင့် လူက ရုတ်တရက် တုန်တက်သွားတယ်။

ချစ်သော ဒီဇင်ဘာ(Dear December) /Rewriting/ #CompletedTempat cerita menjadi hidup. Temukan sekarang