[Zawgyi]
January 16,1943
During the second Sino-Japanese war,
တရုတ်နိုင်ငံ၏ အအေးဆုံးလဖြစ်သည့် ဇန်နဝါရီလတွင် ချူံ ချင်းမြို့၏ အပူချိန်က အနိမ့်ဆုံး 6°Cသာ ရှိသည်မို့ ခိုက်ခိုက်တုန်အောင် အေးလွန်းလှသည်။
ခြေဖျားလက်ဖျားတွေပင် ခဲလုမတတ် အေးစက်နေသော်လည်း ခန်းမကျယ်ထဲရှိ လူများအားလုံးမှာ အသက်ပင်ရဲရဲမရှူ ရဲကြ။
နီးရာဓားကို ကြောက်နေရသည့် ခေတ်ကာလကြီးမှာ အခုသူတို့ ရောက်နေသည့်နေရာက ဂျပန်စစ်တပ်အချို့ စခန်းချထားရာနေရာ။ အခန့်မသင့်လို့ အသက်ရှူ သံလေးပြင်းသွားရင်တောင် "နားငြီးလို့"ဆိုတဲ့ အကြောင်းပြချက်နှင့် လူ့အသက်ကို ပုရွက်ဆိတ်သတ်သလို သတ်နေသည့် ဂျပန်တွေလက်ထဲ ရောက်နေရသည့်ဘဝတွေမို့ အသက်ကို ဉာဏ်စောင့်နေရသည်။
စစ်ပွဲကာလမို့ ပြည်သူတွေရဲ့ ဘဝမှာ ကျီးလန့်စာစားပင်။ နေရာအတည်တကျပင် မနေနိုင်ပဲ အိုးအိမ်ခြံမြေကို စွန့်ခွာကာ အသက်လုပြေးနေရသည်မို့ စီးပွားရေး၊ ကျန်းမာရေး နှင့် ပညာရေးစသည့် အဖက်ဖက်မှာ ကျဆင်းလျက်။
နိုင်ငံတော်ကလည်း စစ်ပွဲကိုသာ အာရုံစိုက်နေရသည့်အတွက် ပြည်သူတွေအပေါ် တာဝန်လစ်ဟင်းခဲ့ရသည်။ ဒီစစ်ပွဲကြီးကြောင့် အသက်ဆုံးရှုံးရသူများလည်း မနည်းတော့။
တစ်နေ့တစ်နေ့ သွေးထွက်သံယိုတွေ မြင်နေရတာကိုလည်း စိတ်ပျက်လှပြီ.......။
ထိုစဉ် အခန်းတံခါးပွင့်သွားပြီး အထဲကို ဝင်လာသည့် လူတစ်ယောက်။ ဂျပန်စစ်စခန်းရောက်နေမှတော့ ဂျပန်ကောင်ပဲဖြစ်မည်ဆိုသော အတွေးနှင့် အကုန်လုံးက ခေါင်းငုံ့ထားကြသည်။ ရွံကြောက်ကြောက်လွန်းလို့ ဖြစ်နိုင်ရင် ဒီကောင်တွေရဲ့ မျက်နှာတောင် မကြည့်ချင်ဘူး။
စစ်ဖိနပ်သံက အခန်းထဲတွင် ကျယ်လောင်စွာ မြည်ဟည်းနေသည်။ တစ်လှမ်းချင်းလျှောက်လာတာကြောင့် ဖိနပ်သံတစ်ခါကြားရတိုင်း အသည်းထဲကပင် စိမ့်အေးလာရသည်။